
အမျိုးသမီးအများစုဟာ အနှိပ်စက်ခံနေရသော ဆက်ဆံရေးမှာ ငရဲကျနေသလိုမျိုးခံစားနေရပါတယ်။ ဘာကြောင့်လဲ? သူတို့က ဘာကြောင့် ဒီလိုအဆိပ်အတောက်ဖြစ်တဲ့ ဆက်ဆံရေးမှာ ဘာလုပ်နေကြသလဲ? သူမ ဘာကြောင့် ထွက်မသွားနိုင်ရတာလဲ?
NFL နောက်တန်းကစားသမား Ray Rice ဟာ စေ့စပ်ထားပြီးသား သူ့ချစ်သူကောင်မလေး Janay Palmer ကို ဓာတ်လှေကားထဲမှာ သတိလစ်သည်အထိ ရိုက်နှက်ခဲ့ဖူးပါတယ်။ အစပိုင်းမှာ လူတွေသတိမထားမိခဲ့ပေမယ့် နောက်ပိုင်းမှာ ၎င်းဟာ အိမ်တွင်းအကြမ်းဖက်မှုနှင့် စွပ်စွဲခံရပြီး ကစားပွဲနှစ်ပွဲ ကစားခွင့်ရပ်နားခံခဲ့ရတယ်။ သို့ပေမယ့် ရက်သတ္တပတ်အနည်းငယ်အကြာမှာ တရားဝင်စွဲချက်တင်ခံရပေမယ့် နောက်နေ့ Palmer နဲ့ ပဲ လက်ထပ်ခဲ့ကြပါတယ်။

ဓာတ်လှေကားထဲက ကိစ္စကတော့ အွန်လိုင်းမှာ ပျံ့နှံ့သွားပြီး လူအတော်များများကို အံ့ဩစေခဲ့တဲ့ ကိစ္စတစ်ခုပါ။ နောက်ပိုင်းမှာ Ray Rice ကို ပြစ်ဒဏ်တိုးမြှင့်ဖို့နှင့် ၎င်းတို့ရဲ့ အိမ်တွင်းအကြမ်းဖက်မှု မူဝါဒတွေကို ပြန်လလည်သုံးသပ်ခြင်းတွေပြုလုပ်ခဲ့ပါတယ်။
နောက်ဆုံးမှာ အထက်ပါကိစ္စတွေဟာ Ray Rice ထက် Palmer ကို ပိုစိတ်ဝင်စားလာကြပြီး သူမရဲ့ သန့်ရှင်းစင်ကြယ်မှု၊ အပြစ်ကင်းစင်မှုနှင့် စိတ်ဆန္ဒတွေကို မေးခွန်းထုတ်ခဲ့ပါတယ်။ တကယ် ဘာကြောင့် ဒီလိုဖြစ်ရတာလဲ? အိမ်တွင်းအကြမ်းဖက်ရခြင်းမှာ အကြောင်းရင်း (၆) မျိုးရှိနိုင်ပါတယ်။ အရက်သေစာ မူးယစ်ဆေးဝါးသုံးစွဲထားခြင်း၊ ကလေးဘဝက အနိုင်ကျင့်ခံခဲ့ရခြင်း၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပုံမှန်မဟုတ်ခြင်း၊ ဒေါသတွေကို မထိန်းချုပ်နိုင်ခြင်း၊ ပြန်လည်ချေပခြင်းနှင့် အနိုင်ကျင့်ခြင်းကို တမင်ရွေးချယ်ခြင်းကြောင့်ဖြစ်နိုင်ပါတယ်။
အထူးသဖြင့် အမျိုးသမီးတွေ ဒီလိုအဆိပ်အတောက်ဖြစ်စေတဲ့ ဆက်ဆံရေးမှာ တွယ်ကပ်နေရတဲ့ အကြောင်းရင်း (၈) ချက်ရှိပါတယ်။
၁။ ကြောင်တောင်တောင် ပုံပျက်ပန်းပျက်အတွေးများ

ထိန်းချုပ်ခြင်းနှင့် နာကျင်ခြင်းတွေဟာ စိတ်ဒဏ်ရာတွေ ရစေနိုင်ပြီး ၎င်းက ရှုပ်ထွေးခြင်း၊ သံသယတွေနှင့် မိမိကိုယ်ကိုယ်အပြစ်တင်ခြင်းဆီသို့ ဦးတည်စေပါတယ်။ ကျူးလွန်သူတွေက သားကောင်တွေကို နှိမ်ချစေပြီး ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ခြင်းနှင့် စိတ်ပျက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဥပမာ အမျိုးသမီးတွေက
ငါက ဒီအရာနဲ့ ထိုက်တန်လို့ ကြုံတွေ့နေရတာ
ဒါမှမဟုတ်
ငါ့အမှားတွေကြောင့် ငါက တစ်ဖက်လူကို အရှက်ရအောင် လုပ်မိလို့ သူ့ရဲ့ ရိုက်နှက်တိုက်ခိုက်မှုကို ခံနေရတာ
စသဖြင့် ကြောင်တောင်တောင် အတွေးအခေါ်တွေ ဝင်ရောက်စေနိုင်ပါတယ်။
ငါဒီလို အရိုက်ခံနေရတာက အလွဲသုံးစားလုပ်ခံနေရတာမဟုတ်သလို အနိုင်ကျင့်ခံနေရတာလည်း မဟုတ်ဘူး။ တစ်ခြားလူတွေက ဖြေရှင်းဖို့ အားပေးစကားပြောတဲ့အခါ အထက်ပါစကားလုံးတွေနဲ့ပဲ ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်နေကြပါတယ်။ ဥပမာ လိင်ပိုင်းဆိုင်ရာ လိမ်ညာရယူမှုတွေရှိခဲ့ရင်တောင် ကိုယ့်ရဲ့ အသုံံးမကျမှုကြောင့်ဖြစ်တယ်လို့ တွေးကြပြီး မုဒိမ်းကျင့်ခံရလို့ ခံရမှန်း မသိတာမျိုးဖြစ်ပါတယ်။
၂။ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှု ပျက်စီးသွားခြင်း

တစ်ချို့သော ပုံပျက်ပန်းပျက်အတွေးအခေါ်တွေက မိမိကိုယ်ကိုယ်တန်ဖိုးထားမှုပျောက်ဆုံးခြင်းဖြစ်ပါတယ်။ အမျိုးသမီးအများစုဟာ အရိုက်ခံရပြီးနောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးမရှိတဲ့လူအဖြစ် သတ်မှတ်ပြီးသားဖြစ်သွားကြပါတယ်။ တန်ဖိုးမရှိတဲ့လူ(သို့) တစ်ယောက်တည်းအထီးကျန်နေရမယ့်လူလိုမျိုး အသိစိတ်ဝင်အောင် အနိုင်ကျင့်သူက ရိုက်သွင်းသွားပါတယ်။ သားကောင်ဟာ တစ်ခုခုမှားယွင်းနေသလိုမျိုး နှိပ်စက်မှုတွေနဲ့ ထိုက်တန်သလိုမျိုးဖြစ်အောင် လုပ်သွားတာဖြစ်ပါတယ်။
၃။ အကြောက်တရား

ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုနှင့် စိတ်ပိုင်းဆိုင်ရာထိခိုက်နာကျင်မှုတွေအတွက် ခြိမ်းခြောက်မှုတွေဟာ အင်မတန်စွမ်းအားကြီးပါတယ်။ အမျိုးသမီးကို ပိတ်လှောင်ပြီး အဓ္ဓမပြုကျင့်သူတွေဟာ ဒီနည်းကို သုံးကြပါတယ်။ အကြမ်းဖက်ခံရတဲ့အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အကြောက်တရားနှင့် စိတ်ဒဏ်ရာရနိုင်ခြေပိုများပါတယ်။
မတော်တရားပြုကျင့်သူကို စွန့်ခွာဖို့က အင်မတန်အန္တရာယ်များသော ကိစ္စဖြစ်ပါတယ်။ အမျိုးသမီးတစ်ဦးရဲ့ အတွေးထဲမှာ
ငါထွက်ပြေးမယ်ဆိုရင် ငါ့ကို လိုက်လံရှာဖွေပြီး သတ်လိမ့်မယ် (သို့) ငါသားသမီးတွေနဲ့ ငါချစ်တဲ့လူတွေကို ဒုက္ခပေးလိမ့်မယ်
လို့ ခံစားနရေပါလိမျ့မယျ။
၄။ ကယ်တင်ရှင်ဖြစ်လိုခြင်း

အမျိုးသမီးတော်တော်များများ လူဆိုးတွေကို ဘာကြောင့်တွဲကြသလဲဆိုတဲ့ အကြောင်းရင်းတွေထဲက တစ်ချက်က ပြုပြင်ပေးချင်စိတ်ကြောင့်ပါ။ မိခင်စိတ်ကြောင့်ဆိုပါတော့။
သူငါ့ကို ရိုက်နေပေမယ့် တကယ်တော့ ငါ့ကို ချစ်ပါတယ်
ငါသူ့ကို ပြုပြင်ပေးရင်း အနစ်နာခံရင်း ချစ်သွားမယ်
ဆိုတဲ့ အတွေးမျိုးကြောင့်ပါပဲ။ တစ်ခြားလူတွေက သူ့တို့ကို သနားနေချိန်မှာ သူတို့ကိုယ်တိုင်က (သားကောင်တွေဆိုပေမယ့် ) အနိုင်ကျင့်သူတွေကို ပြန်လည်သနားနေကြပါတယ်။ ဒါဟာ အမျိုးသမီးတွေအနေနဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ ဆက်ဆံရေးထဲကနေ ရုန်းမထွက်ကြခြင်းရဲ့ နောက်ထပ်အရေးပါတဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။
၅။ ကလေးများ
အမျိုးသမီးတွေက သူတို့ကလေးတွေရဲ့ လုံခြုံရေးကို ဦးစားပေးပြီး သူတို့ကိုယ်ပိုင်ဘဝထက် သူတို့ကလေးတွေကို ပိုတန်ဖိုးထားကြပါတယ်။ နောက်တစ်ချက်
ကျွန်မရဲ့ သားသမီးတွေကို ဖခင်ရှိစေချင်တယ်
ဆိုတဲ့ အကြောင်းပြချက်ပါ။
၆။ ငွေကြေးပြဿနာများ
လူများစွာဟာ ငွေကြေးပြဿနာတွေအတွက် ပူပန်နေကြရပြီး ဒီအရာကလည်း ကလေးတွေအတတွက် ပြုစုစောင့်ရှောက်ခြင်းနှင့် ဆက်စပ်နေလေ့ရှိပါတယ်။ ငွေမရှိနိုင်တဲ့ အမျိုးသမီးတွေဟာ ကိုယ့်ကိုယ်ကိုယ်အပြစ်ရှိသလို ခံစားကြရပါတယ်။
၇။ သီးသန့်ခွဲထားခြင်း

ခြယ်လှယ်သူတွေရဲ့ ဘုံနည်းဗျူဟာတစ်ခုက သူတို့ရဲ့ သားကောင်ကို မိသားစု၊ သူငယ်ချင်းတွေနဲ့ ခွဲထုတ်ထားခြင်းဖြစ်ပါတယ်။ ခွဲထုတ်နှိပ်စက်ခြင်းက ရုပ်ပိုင်းဆိုင်ရာနာကျင်မှုတွေဖြစ်စေပြီး အထီးကျန်ခြင်းက စိတ်ခံစားမှုဆိုင်ရာနာကျင်မှုဖြစ်ပါတယ်။
အနိုင်ကျင့်သူဟာ အမျိုးသားဖြစ်နိုင်ခြေများတယ်ဆိုပေမယ့် အမျိုးသမီးလည်းဖြစ်နိုင်ပါတယ်။ ဒီပို့စ်ရဲ့ ရည်ရွယ်ချက်က ဒီလောက်အထိအနှိပ်စက်ခံပြီး အဆိပ်အတောက်ဖြစ်စေတဲ့ ဆက်ဆံရေးမှာ လူတွေဘာကြောင့် မထွက်ခွာရတာလဲဆိုတဲ့ ဖြစ်နိုင်ခြေအကြောင်းပြချက်တွေကို အပြင်လူတွေ နားလည်စေဖို့ ရည်ရွယ်ပါတတယ်။ လူတွေအနေနဲ့ သားကောင်တွေကို ဖိအားတွေမပေးဘဲ ဂရုဏာတရားနှင့် သနားညှာတာမှုနဲ့ ဆက်ဆံပေးမယ်ဆိုရင် သားကောင်တွေအနေနဲ့ အခြေအနေအရပ်ရပ်ကို ထုတ်ဖော်ပြောဆိုလာနိုင်မှာဖြစ်ပါတယ်။ သို့မှလည်း လူ့အဖွဲ့အစည်းက အနိုင်ကျင့်ခံရခြင်းမှ ကင်းဝေးပြီး ဘဝရှင်သန်ဖို့ လိုအပ်သော အထောက်အပံ့တွေကို တွေ့ကြရမှာဖြစ်ပါတယ်။
Lifestyle_Myanmar
Nyein_Thu
ref-themindjournal