
အလှတရားက မှေးမှိန်သွားတတ်တယ်ဆိုပေမယ့် ဆွဲဆောင်မှုကတော့ အဲ့လိုမရှိပါဘူး။ စိတ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု(Emotional attraction) ဆိုတာက လက်တွဲဖော်ရဲ့ ခန္ဓာကိုယ်ကိုသာမက သူတို့ရဲ့ နှလုံးသား၊ ပင်ကိုယ်စရိုက်၊ စိတ်နှင့် စိတ်ကူးစိတ်သန်းတွေအတွက်ပါ ဆွဲဆောင်ခြင်းကို ဆိုလိုပါတယ်။ ဒါက ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုနဲ့ မတူပါဘူး။ တစ်စုံတစ်ယောက်ကို အပြင်ပန်းမဟုတ်ဘဲ အတွင်းထဲက လေးလေးနက်နက် စိတ်ဝင်စားမှုပေါ်မှာ အခြေခံတဲ့ ဆွဲဆောင်မှုမျိုးဖြစ်ပါတယ်။ ဒီတော့ စိတ်ခံစားချက်ဆွဲဆောင်မှုရဲ့ လက္ခဏာတွေကို ဘယ်လိုသိရှိနိုင်မလဲ? ပေါင်းသင်းဆက်ဆံရေးတိုင်းမှာ ဒါက ဘာ့ကြောင့် အရေးပါသလဲ?
၁။ သင့်မှာ ပြောစရာတွေ ဘယ်တော့မှ မကုန်ပါဘူး
နှစ်အတော်ကြာအောင် တစ်ယောက်နဲ့တစ်ယောက် သိခဲ့ကြတာပဲဖြစ်ဖြစ်၊ (သို့) ဆုံဖူးတာပဲဖြစ်ဖြစ် စကားဝိုင်းက သဘာဝကျကျ စီးဆင်းနေပုံပါပဲ။ ခေါင်းစဉ်က ဘယ်အကြောင်းအရာပဲဖြစ်ပါစေ၊ သင်တို့နှစ်ယောက်ရဲ့ ပြောဆိုမှုတွေက အမြဲတမ်းပျော်စရာကောင်းပြီး စဉ်းစားမိအောင် စေ့ဆော်ပေးပါတယ်။ နာရီပေါင်းများစွာ စကားပြောနိုင်သလို ခံစားရပြီး စကားပြောနေချိန်ဆို အချိန်တွေ ကုန်လို့ကုန်မှန်း မသိလိုက်ပါဘူး။

၂။ သူတို့က သူငယ်ချင်းလို ခံစားရပါတယ် (အဲဒါသင့်ကို ဆွဲဆောင်နေတာပါ)
ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုတွေနဲ့ ပတ်သတ်လာရင် စိတ်ပါဝင်စားမှုက တစ်ခါတစ်ရံမှာ အရေပြားနက်ရှိုင်းမှုမျှသာ ရှိနို်ငပါတယ်။ သင်ဟာ တစ်စုံတစ်ယောက်ကို စိတ်ခံစားမှုဖြင့် ဆွဲဆောင်တဲ့အခါ လေးစားမှု၊ ကြင်နာမှု၊ နားလည်မှုပေါ်မှာ အခြေခံပြီး သူငယ်ချင်းလို သံယောဇဉ်မျိုးကို မျှဝေပါတယ်၊ ဒါပေမယ့် သူတို့က သူငယ်ချင်းတစ်ယောက်လို ခံစားရတာမျိုး မဟုတ်ပါဘူး။ သင့်မှာ တခြားဘယ်သူနဲ့မှ မရှိတဲ့ သူတို့နှင့်သာ တွေ့ကြုံခံစားရတဲ့ အချစ်မီးပွားလေးတွေ ရှိပါလိမ့်မယ်။

၃။ တစ်ယောက်နဲ့တစ်ယောက် နားလည်ပေးရုံပါ
စိတ်ခံစားချက်ဆွဲဆောင်မှု ရှိလာတဲ့အခါ နှစ်ယောက်စလုံးက တစ်ယောက်နဲ့ တစ်ယောက် မွေးရာပါ နားလည်မှုရသလို ခံစားရနိုင်ပါတယ်။ သင့်ရဲ့ထင်မြင်ချက်တွေ၊ ပန်းတိုင်တွေနဲ့ အကြောက်တရားတွေကို မျှဝေပေးနိုင်ပြီး သူတို့ကလည်း သင့်ကို နားလည်ပြီး ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။ ပြီးတော့ သင့်မှာ တူညီတဲ့ စိတ်ဝင်စားမှုတွေ၊ ဝါသနာတွေ အများကြီးရှိပါတယ်။ အများကြီးဆင်တူတယ်လို့ ထင်တဲ့အတွက် တစ်ယောက်က ဒါဖြစ်သင့်တယ်လို့ ပြောလိုက်ရင် ကျန်တစ်ယောက်က ခေါင်းညိတ်ပေးလိုက်တာမျိုးကိုတောင် တွေ့နိုင်ပါတယ်။

၄။ သူတို့ရဲ့ စိတ်ကူးတွေကို သင်သဘောကျတတ်ပါတယ်
သင်ဟာ သူတို့ရဲ့စိတ်ကူးတွေကို စွဲမက်နေရင် သူတို့ကို စိတ်ခံစားမှုပိုင်းဆိုင်ရာအရ စွဲဆောင်နိုင်ဖွယ် ရှိပါတယ်။ သူတို့ရဲ့ အတွေးအမြင်တွေကို နားထောင်ရတာ နှစ်သက်ပြီး အကြံဉာဏ်တောင်းတဲ့အခါမျိုးမှာ သူတို့ရဲ့အချက်အလက် ဖြည့်သွင်းမှုကို သင်ယုံကြည်ပါတယ်။ သင့်အနေနဲ့ သူတို့ရဲ့ အတွေးအမြင်တွေကို နားထောင်ရတာ ဘယ်တော့မှ ငြီးငွေ့စရာမရှိသလို ကမ္ဘာကြီးအပေါ်မြင်တဲ့ သူတို့ရဲ့ အမြင်တွေကို သင်ယူရတာလည်း နှစ်သက်ပါတယ်။

၅။ သူတို့နှင့်အတူ သင့်ကိုယ်သင် ဖြစ်နိုင်ပါတယ်
အများအားဖြင့် ကျွန်မတို့ဟာ တစ်စုံတစ်ယောက်ကို ရုပ်ပိုင်းဆိုင်ရာအရလောက်သာ ဆွဲဆောင်ထားတဲ့အခါ ကိုယ့်ကိုယ်ကို ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုရှိပုံပေါက်အောင် ကြိုးစားတတ်ကြပါတယ်။ ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ထူးခြားချက်တွေကို ဖုံးကွယ်ဖို့ အစွမ်းကုန် ကြိုးစားနေရင်း ပြီးပြည့်စုံတဲ့ အသွင် ဖြစ်အောင် အပိုအားထုတ်မှုတွေ ပြုလုပ်တတ်ကြပါတယ်။ သင့်ရဲ့ဆွဲဆောင်မှုက စိတ်ခံစားမှုပိုင်းဆိုင်ရာ ချိတ်ဆက်မှုပေါ် အခြေခံတဲ့အခါ ချဉ်းကပ်ပုံ မတူတော့ပါဘူး၊ တစ်ဖက်လူက ကိုယ်ဘာပဲဖြစ်နေဖြစ်နေ တန်ဖိုးထားလိမ့်မယ်ဆိုတာ သိပါတယ်။ ဖုံးကွယ်ထားမယ့်အစား ကိုယ့်ရဲ့ထူးခြားချက်တွေကို လှစ်ဟပြချင်နေတာ တွေ့ရပါမယ်။

၆။ သူတို့ရဲ့ ဆိုးရွားသောနေ့ရက်တွေအတွက် သူတို့ကို ဝေဖန်အပြစ်တင်တာမျိုး မလုပ်ပါဘူး
စိတ်ခံစားမှုဆိုင်ရာ ဆွဲဆောင်မှုရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းက တကယ့် စိတ်ခံစားမှု ဖြစ်ပါတယ်။ သူတို့ရဲ့ ရုပ်ရည်၊ အသွင်အပြင်ကို သင်ဂရုမစိုက်ပါဘူး။ သင်ဟာ သူတို့ရဲ့ နှလုံးသားနဲ့ စိတ်ကို စိတ်ဝင်စားခဲ့ပါတယ်။ သူတို့က တစ်ခါတစ်ရံမှာ အားနည်းပြီး စိတ်ခံစားမှုများတယ်ဆိုတာကို သင်လက်ခံပြီး ဒါက အစစ်အမှန်သာ ဖြစ်ကြောင်းကို သင်သိပါတယ်။ ပြီးတော့ သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ နှောင်ကြိုးက အရမ်းခိုင်မာတဲ့အတွက် သူတို့ရဲ့ အဆိုးဆုံးနေ့ရက်တွေမှာ သူတို့ကို ကူညီပံ့ပိုးပေးပြီး စာနာပေးနိုင်ပါတယ်။ သူတို့က ရုပ်ဆိုးပန်းဆိုး ငိုနေရင်တောင် သင့်အတွက် လှနေဆဲပါ။

၇။ သူတို့က သင့်ကို ပိုကောင်းလာစေဖို့ လှုံ့ဆော်ပေးပါတယ်
သင့်ကို တစ်စုံတစ်ယောက်က စိတ်ပို်ငးဆိုင်ရာအရ ဆွဲဆောင်ပါက အကြီးမားဆုံးလက္ခဏာတွေထဲမှ တစ်ခုက သူတို့ရဲ့ထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေး၊ ပန်းတိုင်တွေနဲ့ အတွေးအခေါ်တွေကို သင်ကိုယ်တိုင် သဘောကျနေတာကို တွေ့ရပါလိမ့်မယ်။ ပြီးတော့ သင်ကိုယ်တိုင်ကလည်း အလုပ်လုပ်ဖို့ မိုတီပေးသလို ခံစားရတဲ့အတွက် သူတို့ကို အရမ်းလေးစားမိပါလိမ့်မယ်။ သူတို့က ပိုရက်ရောတယ်ဆိုရင် တခြားသူတွေကို ပေးကမ်းဖို့ လှုံ့ဆော်ပေးသလို ခံစားရနိုင်ပါတယ်။ ဒါမှမဟုတ် သူတို့က သူတို့အလုပ်ကို စိတ်အားထက်သန်တယ်ဆိုရင် သင်ဟာ ကိုယ်နှစ်သက်တဲ့ အလုပ်အမျိုးအစားအသစ်ကို စတင်ရှာဖွေလာနိုင်ပါတယ်။ အတူတူကြီးပွားလိုခြင်းက စိတ်ပိုင်းဆိုင်ရာဆွဲဆောင်မှုရဲ့ အပြုသဘောဆောင်သော အကျိုးဆက်တစ်ခု ဖြစ်ပါတယ်။ ဖြစ်စဉ်မှာ ကိုယ့်ကိုယ်ကို မဆုံးရှုံးမိအောင် သတိထားပါ။
၈။ သင့်မှာ တူညီတဲ့ အခြေခံတန်ဖိုးတွေရှိပါတယ်
စိတ်ခံစားချက်ဆွဲဆောင်မှုရဲ့ အရင်းခံမှာ ပင်မတန်ဖိုးတွေကို မျှဝေလေ့ရှိပါတယ်။ ဒါက သင်တို့ တစ်ယောက်နဲ့ တစ်ယောက် အရမ်းဆွဲငင်ပြီး တွယ်တာတယ်လို့ ခံစားရတဲ့ အဓိကအစိတ်အပို်ငးတစ်ခုပါ၊ သင့်မှာ ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေ၊ ဘဝဦးစားပေးတွေ၊ အနာဂတ်အိမ်မက်တွေနဲ့ ပတ်သတ်ပြီး တူညီတဲ့ တန်ဖိုးတွေ ရှိပါက အဓိပ္ပာယ်ပြည့်ဝပြီး ရေရှည်တည်မြဲတဲ့ ဆက်ဆံရေးကို တည်ဆောက်ဖို့ လွယ်ကူပါတယ်။

၉။ အမြဲတမ်း အတူတူ ရယ်မောတတ်ကြပါတယ်
သင့်ကို ရယ်မောစေနိုင်တဲ့ လက်တွဲဖော်လောက် ဆွဲဆောင်မှုကောင်းတာ မရှိသလောက်ပါပဲ။ ဟာသအမြင်တွေကို မျှဝေခြင်းက ကျွန်မတို့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ ဆက်စပ်နေတာကြောင့် စိတ်ခံစားမှုဆိုင်ရာ ဆွဲဆောင်မှုကို ဖြစ်ပေါ်စေနို်ငပါတယ်၊ တနည်းဆိုရရင် သင်ဟာ တူညီတဲ့ ပြက်လုံးတွေကို ရယ်မောနိုင်တဲ့အခါ အပေါ်ယံသာမက စိတ်ပိုင်းဆိုင်ရာပါ ချိတ်ဆက်နေတယ်လို့ ခံစားရပါတယ်။ တခြားဘယ်သူမှမသိနားမလည်တဲ့ ရင်တွင်း ဟာသတွေတောင် ရှိကောင်းရှိနိုင်ပါတယ်။

၁၀။ သူတို့အတွက် သင့်အချစ်က အချိန်ကြာလာတာနဲ့အမျှ ပိုကြီးထွားလာသလို ခံစားရပါတယ်
စိတ်ခံစားမှုဆိုင်ရာ ဆွဲဆောင်မှုက တစ်စုံတစ်ယောက်ကို အတွင်းလူဖြစ်ဖို့ ဆွဲဆောင်ခြင်းဖြစ်ပါတယ်၊ ဒါ့ကြောင့် တစ်ယောက်နဲ့ တစ်ယောက် ပိုသိလာတာနဲ့အမျှ ပိုပိုပြီးချစ်လာကြတာ အံ့သြစရာတော့ မဟုတ်ပါဘူး၊ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာဆွဲဆောင်မှုက လုံးဝကွဲပြားပါတယ်၊ ရုပ်ပိုင်းဆိုင်ရာ (သို့) လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုက အစပိုင်းမှာ chemistry လွှမ်းမိုးမှုကို ခံစားရပေမယ့် အချိန်ကြာလာတာနဲ့အမျှ အဲ့ဒီအရူးအမူးချစ်ခြင်းက မှေးမှိန်သွားတတ်ပါတယ်။

Lifestyle_Myanmar
LM_Nandar
Source-bolde