
အမှန်တကယ်တော့ ကိုယ့်ကိုယ်တန်ဖိုးမထားတဲ့လူတစ်ယောက်ကို လေးစားပြီး အနားမှာရှိနေခြင်းက သင်မပျော်ရွှင်ရတဲ့ လျှို့ဝှက်ချက်တစ်မျိုးဖြစ်နိုင်ပါတယ်။ ကျွန်မတို့တော်တော်များများက ဒီအရာက ဘယ်လောက်ပဲဆိုးရွားနေပါစေ လုံးဝထွက်မသွားတာမျိုးပေါ့။ အချစ်ခံရဖို့ ဆိုးဆိုးရွားရွားမျှော်လင့်ရင်း ကိုယ့်ရဲ့ တန်ဖိုးတွေက ဘာမှန်းမသိတော့အောင် ဖြစ်သွားတတ်ပါတယ်။ ဒီတော့ ကိုယ့်ကိုယ်တန်ဖိုးမထားတဲ့လူကို သင့်တန်ဖိုးတွေကို သိစေဖို့ ဘယ်လိုလုပ်မလဲ? သင်ဟာ တန်ဖိုးရှိတဲ့လူသားတစ်ယောက်အနေနဲ့ ပျော်ရွှင်ရဖို့ ဘာတွေလုပ်ရမလဲ?
၁။ သူတို့ရဲ့ ရိုင်းစိုင်းသော အပြုအမူတွေကို မြှောက်ပင့်တာမျိုးမလုပ်ပါနဲ့

လူတစ်ယောက်က တစ်ခြားတစ်ယောက်ကို ရိုင်းစိုင်းတဲ့အပြုအမူတွေပြုလုပ်တဲ့အခါ ဒီအရာက တရားမျှတတဲ့အပြုအမူပါလို့ ဘယ်လိုအရာနဲ့မှ ငြင်းလို့မရပါဘူး။ လူတွေဟာ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် တစ်ယောက်အပေါ် တစ်ယောက်လေးစားမှုရှိရပါမယ်။ လူတစ်ယောက်က သင့်အပေါ် ရိုင်းစိုင်းသော ဆက်ဆံမှုအပေါ် ငြိမ်ခံပြီး တစ်ဖက်လူအပေါ် ပုံမှန်ဆက်ဆံခြင်းက ၎င်းရဲ့ အပြုအမူတွေကို မြှောက်ပင့်ခြင်း၊ လက်ခံခြင်းတစ်မျိုးဖြစ်ပါတယ်။ တစ်ဖက်လူကို ပြန်ပြီး ရိုင်းစိုင်းဖို့ ပြောနေခြင်းမဟုတ်ပါဘူး။ ယဉ်ကျေးစွာ ပြန်လည်ဖြေရှင်းတတ်ဖို့လိုအပ်ပါတယ်။
တစ်ဆက်တည်းမှာပဲ သင့်ကို ဒီလိုဆက်ဆံတာမကြိုက်ကြောင်း ညင်သာစွာ ပြောဆိုပါ။ ဒီလိုလူမျိုးတွေနဲ့ တတ်နိုင်သမျှ ရှောင်ပါ။
၂။ သင့်ကိုယ်သင် မပျောက်ဆုံးပါစေနဲ့

ဆက်ဆံရေးတစ်ခုမှာ ကိုယ့်ရဲ့ တန်ဖိုးကို မြှင့်တင်ဖို့ မကြိုးစားသူတွေ (သို့) နှိမ်ခံထားရသူတွေက အချိန်တစ်ခုကြာလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ပျောက်ဆုံးသွားတတ်ပါတယ်။
ပျော်ရွှင်ဖို့ ရယ်မောဖို့၊ ကိုယ့်ကိုယ်ကိုယ် ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်စေဖို့ ၊ ကိုယ့်ကိုယ်ကိုယ်ချစ်ခင်လေးစားမှုစတဲ့အရာတွေက သူတို့ရဲ့ ဆက်ဆံရေးအတွက် ကတိကဝတ်တွေကို မြဲချင်စိတ်တွေအဖြစ် ပြောင်းလဲသွားပြီး ကိုယ့်အတွက်ဆိုတာမျိုး ပျောက်ဆုံးသွားပါတယ်။ ကိုယ့်ရဲ့ တန်ဖိုးတွေလည်း ပျောက်ဆုံးသွားပါလိမ့်မယ်။ အမှန်တကယ် ကိုယ့်ရဲ့ တန်ဖိုးကို ကောင်းကောင်းသိသူကသာ သူတို့ရဲ့ ဆက်ဆံရေးကို ရေရှည်ထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။ အကယ်၍ အဆိပ်အတောက်ဖြစ်စေတဲ့ ဆက်ဆံရေးထဲရောက်နေမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်သိသူကသာ ၎င်းဆက်ဆံရေးကနေ ခွဲထွက်လာနိုင်မှာပါ။
သင့်ရဲ့ ဝါသနာ၊ သူငယ်ချင်းတွေနဲ့ သင့်မိသားစုကို တန်ဖိုးထားပါ။ သင့်ရဲ့ အလုပ်ကို အာရုံစိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ ကိုယ့်ကိုယ်တန်ဖိုးမထားတဲ့လူတစ်ယောက်လက်ထဲမှာ ကိုယ့်ကိုယ်ကိုယ်ပျောက်ဆုံးရလောက်သည်အထိ ပစ်စလက်ခတ်ပစ်မထားပါနဲ့။
၃။ ကြောင်တောင်တောင်အကြောင်းပြချက်တွေနဲ့ အခြေချပြီး မနေထိုင်ပါနဲ့

တစ်ယောက်တည်းရှင်သန်ရမှာ ကြောက်ပြီး လမ်းမခွဲရဲဘူးလား? အဆင်ပြေလာမှာပါ အရင်လည်း အဆင်ပြေခဲ့တာပဲလို့ ကောင်းကွက်လေးတွေကို ဖျစ်ညှစ်ပြီး တွေးနေရသလား? ဒီလောက်တောင် အကြာကြီးတွဲလာပြီးမှ ခုမှ လမ်းခွဲရရင် အချိန်တွေနှမြောဖို့ ကောင်းလိုက်တာလို့ တွေးနေလား? အထက်မှာ ပြောပြခဲ့တဲ့ အကြောင်းပြချက်တွေက ရူးကြောင်ကြောင်အဓိပ္ပာယ်မရှိတဲ့ နှစ်သိမ့်ခြင်းတွေချည်းပါပဲ။
တစ်စုံတစ်ယောက်က သင့်ကို တန်ဖိုးမထားတော့ဘူးဆိုရင် ဘာကြောင့်ဆက်နေမှာလဲ? ဒီဆက်ဆံရေးမှာ သင်ဆက်ရှိနေဖို့ တစ်ခုတည်းသော အကြောင်းပြချက်က သင်ပျော်ရွှင်နေရဖို့ပါပဲ။ လူတစ်ယောက်ကို ပြောင်းလဲနိုင်မယ်ဆိုတဲ့အတွေးနဲ့ အဲဒီ့ဆက်ဆံရေးမှာ အခြေချမနေထိုင်ပါနဲ့။
မှားယွင်းတဲ့အကြောင်းပြချက်တွေနဲ့ အဲဒီ့ဆက်ဆံရေးမှာ မနေပါနဲ့။ သင့်ကို တန်ဖိုးထားပြီး ထာဝရချစ်မယ့်လူကို ရှာဖွေဖို့ အချိန်တစ်ခုကို သင်ဖြုန်းတီးမိနေပါလိမ့်မယ်။
၄။ အလွန်အကျွံ တောင်းပန်တာတွေနဲ့ အနားကပ်တာမျိုးတွေ လက်မခံပါနဲ့

သင့်ကို တန်ဖိုးမထားတဲ့လူတွေက သင့်ကို ဆုံးရှုံးရမှာတော့ အရမ်းကြောက်တတ်ပါတယ်။ တစ်ခါတလေ သင့်အပေါ် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆက်ဆံခဲ့မယ်ဆိုရင်တောင် သူတို့ဘာမှမလုပ်ထားသလိုမျိုး သင့်ကို ပုံမှန်ပြန်ပြီး အနားကပ်လာနိုင်ပါတယ်။ တစ်ချို့တွေကလည်း ဆုံးရှုံးရမှာ ကြောက်ပြီး အလွန်အကျွံတောင်းပန်တာမျိုးတွေလုပ်ပါလိမ့်မယ်။ သူ့အမှားကို သိလို့တောင်းပန်တာထက် သင့်ကို ဆုံးရှုံးရမှာကြောက်လို့ပါ။
စိတ်ရင်းမဟုတ်တဲ့ တောင်းပန်ခြင်းတွေကနေ ဝေးရာကို ထွက်သွားနိုင်ဖို့ ကြိုးစားပါ။ ဒီလိုမျိုးအကျင့်စရိုက်ရှိတဲ့လူတွေက ဒီလိုဘဝထဲမှာပဲ သံသရာလည်နေပါလိမ့်မယ်။ ဒါ့ကြောင့် ပျော်ရွှင်မှုနဲ့ အချစ်တွေပြည့်နေတဲ့ ဘဝသစ်တစ်ခုကို စတင်နိုင်ဖို့ သင်ကိုယ်သင် အခုပဲ ပြင်ဆင်ထားလိုက်ပါတော့။ အပြောင်းအလဲအတွက် ခြေလှမ်းတွေကို စတင်လိုက်ပါ။
Lifestyle_Myanmar
Nyein_Thu
ref-themindsjournal
Lifestyle_Myanmar
Nyein_Thu
ref-themindsjournal