စာဖတ်ရတာကို ဘာ့ကြောင့် မကြိုက်တာလဲ?
lifestylemyanmar.com
|
2022-02-18

စာဖတ်ခြင်းက များပြားလှတဲ့ အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်တဲ့ အလေ့အကျင့်တစ်ခုပါ။ တကယ်တော့ သင်အနေနဲ့ ငယ်စဉ်ကတည်းက အိမ်မှာရော၊ ကျောင်းမှာပါ စာအုပ်တွေကို ချစ်မြတ်နိုးဖို့ ကြိုးစားခဲ့မှာပါ။ လူကြီးဘဝရောက်တော့လည်း သူငယ်ချင်းတွေ ၊ အသိမိတ်ဆွေတွေက စာဖတ်ခြင်းဟာ သူတို့ရဲ့ ဝါသနာတွေထဲက ဝါသနာတစ်ခုလို့ ပြောတာကို မကြာခဏ ကြားမိပါလိမ့်မယ်။ ဒါပေမယ့် သင်က ဒီလုပ်ဆောင်ချက်ကို မနှစ်သက်တဲ့သူတွေထဲမှ တစ်ယောက်ဖြစ်နေရင် ဘာ့ကြောင့်လဲဆိုတာကို သိချင်နေပါလိမ့်မယ်။

တကယ်တော့ စာဖတ်တာကို မကြိုက်ရင် ငါဘာတွေမှားနေပြီလဲလို့ တွေးမိတာက ပုံမှန်ပါပဲ။ စာဖတ်ခြင်းက မရှိမဖြစ် အရေးပါတဲ့ လုပ်ဆောင်ချက်တွေလား? ဒါမှမဟုတ် သူများတွေ အရမ်း recommend ပေးထားတဲ့ ဒီသာယာကြည်နူးမှုကို မခံစားနိုင်အောင် ငါများဝက်အူချောင်နေတာလားလို့ ကိုယ့်ကိုယ်ကို မေးနေနိုင်ပါတယ်။ ဒါ့အပြင် စာမဖတ်သူတွေက ဝေါဟာရ များများစားစားမရှိဘူး၊ ခေါင်းထဲမှာ ဗလာဖြစ်နေတယ် (သို့) ရိုးရှင်းတယ်လို့ တစ်ကြိမ်ထက်မက ကြားဖူးမှာပါ။ ဒီလိုဖော်ပြချက်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကိုယ်ကပဲ အပြစ်ရှိနေသလို ၊ မလုံလောက်သလို ခံစားရနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ လက်တွေ့မှာ စာဖတ်ခြင်းကို ကိုယ်ဘာ့ကြောင့် စိတ်မဝင်စားရတဲ့ အကြောင်းရင်းကို မေးခွန်းထုတ်ဖူးပါသလား?

စာဖတ်ရတာကို ဘာကြောင့်မကြိုက်တာလဲ?

၁။ မသင့်လျော်တဲ့ အယူအဆတစ်ခုဖြစ်လို့

တခါတစ်ရံမှာ တခြားသူတွေက သင့်ကို စာဖတ်ချင်စိတ်ရှိလာအောင် ကြိုးစားတဲ့နည်းက မသင့်လျော်ပါဘူး။ သူတို့က ဒါကို သွတ်သွင်းကြပါတယ်။ သို့သော် စာဖတ်ခြင်းက ကိုယ့်စိတ်ကူးစိတ်သန်းတွေကို ပျံသန်းစေမယ့် နေရာတစ်ခု၊ သာယာမှု ဖြစ်ရပါမယ်။ ဘယ်လိုပဲဖြစ်ပါစေ ကျွန်တော်တို့ဟာ ငယ်ရွယ်စဉ်အချိန်မှစလို့ ကိုယ့်ရဲ့လွတ်လပ်မှုကို ကန့်သတ်ဖို့ စာဖတ်တဲ့ လေ့ကျင့်ခန်းတစ်ခု ပြုလုပ်ကာ၊ တစ်နေ့ကို စာမျက်နှာ ဘယ်လောက် အငမ်းမရဖတ်မယ်ဆိုတဲ့အပေါ်မှာ အာရုံစိုက်ကာ စာဖတ်ဖို့ အတင်းအကြပ်လုပ်ခဲ့ကြပါတယ်။ တကယ်တမ်းတော့ ဒါက ဆန့်ကျင်ဘက်ဖြစ်သင့်ပါတယ်။

ဒါ့ကြောင့် စာဖတ်ခြင်းကို လူများစုက အငြင်းအခုံရဲ့ အရင်းအမြစ်တစ်ခု၊ ပြင်ပသတ်မှတ်ချက်တစ်ခု၊ နှစ်ပေါင်းများစွာ စိတ်ဆင်းရဲစေတဲ့ လုပ်ဆောင်မှုတစ်ခုလို ရွံရှာစွာ ကြီးပြင်းလာရတာက အံ့သြစရာမဟုတ်ပါဘူး။ တကယ်တော့ “စာဖတ်ခြင်းကို အားလပ်မှုအတွက်၊ ပျော်ရွင်မှုတွေအတွက် ရွေးချယ်စရာတစ်ခုအဖြစ်” ကလေးတွေကို တဆင့်ပေးပို့သင့်ပါတယ်။ သူတို့ကို စာဖတ်ဖို့ သက်သက်မဟုတ်ဘဲ စာဖတ်ဝါသနာပါလာအောင် ကြိုးစားသင့်ပါတယ်။


၂။ ရွေးချယ်စရာတွေ မျိုးစုံရှိလို့

နောက်ထပ်အရေးကြီးတဲ့အချက်က သင့်မှာ တခြားရွေးချယ်စရာတွေရှိတာကို အမြဲသတိပြုမိခြင်းပဲ ဖြစ်ပါတယ်။ စာဖတ်ခြင်းက စျေးကွက်ရှိ ဂန္တဝင်ဝတ္တုကောင်းတွေ (သို့) စာအုပ်အသစ်တွေ ပါဝင်ရုံသာမဟုတ်ပါဘူး။ စာဖတ်ခြင်းက စာအုပ်တွေအတွက် ကန့်သတ်ထားတဲ့ လုပ်ဆောင်ချက်တစ်ခုပဲ မဟုတ်ပါဘူး။

လူသားတစ်ဦးစီက မတူညီတာကို သတိပြုရပါမယ်။ ကျွန်တော်တို့အားလုံးမှာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ထူးခြားချက်တွေ၊ အကြိုက်တွေနဲ့ နှစ်သက်မှုတွေ ရှိပါတယ်။ ဥပမာအားဖြင့် လူအများစုက သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကို နှစ်သက်ကြပါတယ်။ ဒါမှမဟုတ် သင့်ပတ်ဝန်းကျင်က လူတိုင်းက နောက်ဆုံးထွက် သိပ္ပံစိတ်ကူးယဉ်ဝတ္ထုအကြောင်း ပြောနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ကိုယ်ဘာကြိုက်လဲ၊ ဘာစိတ်ဝင်စားလဲ စဉ်းစားကြည့်ပါ၊ ဘာက ကိုယ့်အိပ်မက်ကို ဖြစ်စေတာလဲ? အချစ်ဝတ္တုဖြစ်ဖြစ် (သို့) ကျော်ကြားသူတွေရဲ့ အတ္ထုပ္ပတ္တိတွေက ကိုယ့်အတွက် ပိုဆွဲဆောင်မှုရှိနိုင်သလား?


ဒါမှမဟုတ် ဟင်းချက်၊ အားကစား၊ ပါစင်နယ်ဖွံ့ဖြိုးမှု (သို့) ကျန်းမာကြံ့ခိုင်မှုဆိုင်ရာ စိတ်ဝင်စားစရာကောင်းတဲ့ ဆောင်းပါးတွေကို ဖတ်ရတာ နှစ်သက်နိုင်ပါတယ်။ ဒါကလည်း စာဖတ်ခြင်းပါပဲ။ ဒီဆောင်းပါးတွေအားလုံးကလည်း သင့်စိတ်ကို အာဟာရဖြစ်စေပါတယ်။ ဒါ့အပြင် သင့်ရဲ့ကိုယ်ပိုင်လိုအပ်ချက်တွေ၊ ဆန္ဒတွေနဲ့ ကိုက်ညီပါတယ်။

စာဖတ်ဖို့ စီစဉ်နေချိန်မှာ ကိုယ့်အတွက် တကယ်စွဲဆောင်မှုရှိတဲ့ ၊ စိတ်လှုပ်ရှားပြီး စိတ်ဝင်စားဖို့ကောင်းမယ့်အရာကို ရွေးချယ်ပါ။ ကိုယ်တကယ် သိရှိလိုတဲ့အရာလည်းဖြစ်ရပါမယ်။ တခြားသူတွေရဲ့ အမြင်ကို မေ့လိုက်ပါ။ ကိုယ့်အတွက်သာ ကိုယ်ဖတ်ပါ။

၃။ ကိုယ်စားပြုစနစ်များ

ကျွန်မတို့အားလုံးမှာ communication style မတူကြပါဘူး။ တစ်ချို့လူတွေက အမြင်အာရုံပိုကောင်းကြပါတယ်။ တချို့က အကြားအာရုံပိုကောင်းကြပါတယ်။ တချို့က အာရုံခံစားမှုမှတ်ဉာဏ်ပိုကောင်းကြပါတယ်။ အချို့ကာ သတင်းအချက်တွေကို အမြင်အာရုံဖြင့် လက်ခံရယူလိုကြပြီး အချို့က နားထောင်ဖို့ ရွေးချယ်ကြပါတယ်။ အချို့က တိုက်ရိုက်ခံစားဖို့ ရွေးချယ်ကြပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အားလုံးကို အတူတူဖြစ်အောင် ကြိုးစားတာက လက်တွေ့မကျပါဘူး။

စာဖတ်တာကို မကြိုက်ရင် audiobooks တွေက သင့်အတွက် ရွေးချယ်မှုကောင်းတစ်ခု ဖြစ်နိုင်ပါတယ်။ မက်ဆေ့ချ်ကို အကြားကနေ လက်ခံရတာ ပိုပျော်စရာကောင်းတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါမှမဟုတ် လက်ခံခြင်းထက် တတ်ကြွစွာ လုပ်ဆောင်ခြင်းကို နှစ်သက်ရင် စာရေးခြင်းက သင့်အတွက် ပိုကျေနပ်စရာ ဖြစ်နိုင်ပါတယ်။


စာဖတ်ခြင်းကို မကြိုက်တာက အဆင်ပြေပါတယ်

အထက်ဖော်ပြပါ ရှု့ထောင့်အားလုံးကို ထည့်စဉ်းစားပြီးလို့ စာဖတ်တာကို မကြိုက်သေးဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး။ သင်က အသိဉာဏ်နည်းသူ၊ စိတ်ဝင်စားမှုနည်းသူ မဟုတ်ပါဘူး။ လူတစ်ဦးစီမှာ သူတို့ရဲ့ ကိုယ်ပိုင်စရိုက်လက္ခဏာတွေနဲ့ သီးခြားနေထိုင်မှုပုံစံတွေ ရှိကြပါတယ်။

အားကစားလုပ်တာ၊ တရားထိုင်တာ ၊ ရေဆေးပန်းချီဆွဲတာကို နှစ်သက်ကောင်းနှစ်သက်နိုင်ပါတယ်။ လူတိုင်းက တူညီတာကို ကြိုက်သင့်တာမဟုတ်ပါဘူး။။ ကျွန်တော်တို့အားလုံးက ကိုယ့်ရဲ့ဖွံ့ဖြိုးတိုးတတ်မှုကို ဘယ်လိုအောင်မြင်အောင်လုပ်မလဲဆိုတဲ့ ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-exploringyourmind


#အားကစား
#ကိုယ်ပိုင်
#ကြိုးစား
#အာရုံ
#လောက

Some text some message..