
နှုတ်ကနေ ဖွင့်ပြောလေ့မရှိကြပေမယ့်လည်း လူတစ်ဦးတစ်ယောက်စီတိုင်းမှာ စိတ်ဖိစီးမှု အနည်းနဲ့အများတော့ ရှိကြမှာဖြစ်ပြီး စိတ်ပင်ပန်း၊ လူပင်ပန်းမှုများကို နေ့စဉ်ဘဝမှာ လူတိုင်း ကြုံတွေ့ရတတ်ပါတယ်။ Stress လို့ ခေါ်တဲ့ စိတ်ဖိစီးမှုတွေကို ကြုံတွေ့နေရတာ၊ ရင်ထဲ မြိုသိပ်ထားနေတာတွေဟာ ကျန်းမာရေး ရှုထောင့်ကနေပဲဖြစ်ဖြစ် အလှအပရေးရာ ရှုထောင့်ကနေပဲဖြစ်ဖြစ် သင့်အတွက် ကောင်းတဲ့အရာမဟုတ်ပါဘူး။ အရမ်းစိတ်ရှုပ်လွန်းလို့ စိတ်တိုပြီး ဒေါသထွက်လာရင် သင်ပဲ ပိုပင်ပန်းရပါတယ်။
စိတ်ဖိစီးမှုတွေ များလာခြင်းဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုပြီး လူအများစုက သိထားကြပေမယ့်လည်း အလှအပကိုပါ မထင်မှတ်ထားတဲ့ သက်ရောက်မှုတွေ ဖြစ်လာစေနိုင်လို့ ဘယ်ဖက်ကပဲကြည့်ကြည့် သင့်အတွက် ကောင်းကျိုးမပေးတဲ့ စိတ်ဖိစီးမှုတွေကို အကောင်းဆုံးဖယ်ရှားပစ်ပြီး အေးချမ်းစွာနေထိုင်နိုင်ဖို့ အရမ်းစိတ်ရှုပ်လာတဲ့အချိန်မှာ တခြားဘာမှမလုပ်ပဲ မစဉ်းစား၊ မတွေးတောဘဲနဲ့ အခုဖော်ပြပေးသွားမယ့် အချက် (၇) ချက်ကို လုပ်ဆောင်လိုက်ပါ။
ပီကဝေါးပါ
ရင်ထဲမှာ သိမ်းဆည်းထားသမျှ စိတ်ဖိစီးမှုတွေကို ပွင့်ထုတ်ပစ်ဖို့ နေရာမရှိဘူးဆိုရင် အလွယ်တကူ ပီကေသာ ကောက်ဝါးလိုက်ပါ။ လေ့လာတွေ့ရှိချက်များအရ ပီကေဝါးခြင်းက စိတ်ဖိစီးမှုတွေကို ဖြေပျောက်ပေးတဲ့အပြင် စိတ်လှုပ်ရှားခြင်းကိုပါ ဖယ်ရှားပေးကာ စိတ်ကြည်လင် လန်းဆန်းလာအောင် ကူညီပေးနိုင်ပါတယ်။
ပိုက်ဆံအကုန်အကျလည်းမများ၊ ထိထိရောက်ရောက်လည်းဖြစ်ပြီး အချိန်မရွေး နေရာမရွေး လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်လို့ သင်က စိတ်ဖိစီးမှုများတတ်တယ်ဆို အိတ်ထဲမှာ ပီကေအမြဲဆောင်ထားဖို့ အကြံပြုချင်ပါတယ်။

အပြင်ထွက်လမ်းလျှောက်ပါ
စိတ်ဖိစီးမှုကို ပြေလျော့စေမယ့် နောက်ထပ် သဘာဝ နည်းလမ်းတစ်ခုကတော့ ပတ်ဝန်းကျင် အပြောင်းအလဲဖြစ်သွားအောင်လို့ လက်ရှိနေရာကနေ ထပြီးတော့ လမ်းလျှောက်သွားခြင်းပါပဲ။ စိတ်ရှုပ်နေတာ၊ စိတ်ညစ်နေတာတွေ လျော့ကျပြီး စိတ်ကြည်လင် လန်းဆန်းမှုရစေပါလိမ့်မယ်။ ဒါ့အပြင် စိတ်ဖိစီးမှုကို အမြန်သက်သာစေတဲ့ အကျိုးပေးပါတယ်။
ကိုယ့်အိမ်အနီးအနားက ပတ်ဝန်းကျင်တစ်ဝိုက်မှာပဲ အချိန်ခဏလောက် လမ်းလျှောက်လိုက်ရုံနဲ့တင် မိနစ်ပိုင်းအတွင်း စိတ်အခြေအနေ ပြောင်းလာတာကို သတိပြုမိလာပါလိမ့်မယ်။ ဒါကြောင့် စိတ်ဖိစီးရင် လမ်းလျှောက်ဖို့ အကြံပေးချင်ပါတယ်။

အားရပါးရ ပွုံးရယျပါ
စိတ်ညစ်နေချိန်၊ စိတ်ဖိစီးမှုတွေများနေချိန်မှာ အဲ့အကြောင်းအရာတွေကိုပဲ ထိုင်စဉ်းစားမနေပါနဲ့။ ရယ်သောသူအသက်ရှည်တယ် ဆိုတဲ့ စကားအတိုင်းပဲ အားပါးတရ ရယ်မောခြင်းဟာ ချက်ချင်းဆိုသလို ကိုယ်ရောစိတ်ပါ ပေါ့ပါးလန်းဆန်း ပျော်ရွှင်စေကာ စိတ်ဖိစီးမှုတွေကို တိုက်ထုတ်နိုင်မယ့် နည်းလမ်းတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။
ရယ်မောခြင်းအားဖြင့် မျက်နှာကြွက်သားတွေကို ပြေလျော့စေပြီး ညစ်ထွေးနေတဲ့ စိတ်ခံစားချက်ကိုလည်း ကောင်းမွန်လာစေမှာပါ။ ပြုံးရယ်ခြင်းရဲ့ နောက်ထပ်အကျိုးကျေးဇူးတစ်ခုကတော့ စိတ်ဖိစီးမှုတွေ တအားများလာတာနဲ့အမျှ မြင့်တက်လာတဲ့ နှလုံးခုန်နှုန်းကိုလည်း မြန်မြန်ဆန်ဆန် ပြန်လည်ထိန်းညှိပေးနိုင်ပါတယ်။

ကိုယ့်အကြိုက်ဆုံး သီချင်းတွေနားထောင်ပါ
အရေးကြီးတဲ့ အစည်းအဝေးတွေ တက်ရောက်ပြီး စကားပြောရမယ် သို့မဟုတ် ပုံစံတူ စိတ်ဖိစီးစရာ အခြေအနေမျိုးတစ်ခုခုနဲ့ ကြုံတွေ့နေရတဲ့အချိန်မှာဆိုရင် စိတ်တည်ငြိမ်သွားအောင်လို့ ဖုန်းကနေဖြစ်ဖြစ် ကိုယ့်အကြိုက်ဆုံး သီချင်းတွေကိုသာ ဖွင့်နားထောင်လိုက်ပါ။ သင့်မှာရှိနေတဲ့ Stress တွေ လျော့ကျသွားပါလိမ့်မယ်။
ဒါ့အပြင် အလုပ်လုပ်တဲ့အခါ သီချင်းနားထောင်ပြီးလုပ်ရင်လည်း အရမ်း Active ဖြစ်ပြီး အလုပ်လုပ်ရတာ ပိုကောင်းစေပါတယ်။ သီချင်းနားထောင်တာက စိတ်ပိုင်းဆိုင်ရာအတွက် အရမ်းကိုကောင်းတဲ့ အရာဖြစ်ပြီး စိတ်ဖိစီးမှုကိုဖြစ်ပေါ်စေတဲ့ ဟော်မုန်းတွေကို လျော့ကျစေလို့ သင့်စိတ် တည်ငြိမ်အေးချမ်းသွားမှာ အမှန်ပါပဲ။

အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ
စိတ်ညစ်စရာတွေနဲ့ စိတ်ဖိစီးမှုတွေ အရမ်းများလာလို့ စိတ်ကျန်းမာပျော်ရွှင်ရေးအတွက် ထွက်ပေါက်ရှာချင်တယ်ဆိုရင် အကောင်းဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းက အသက်ခပ်ပြင်းပြင်း ရှူသွင်းရှူထုတ်လုပ်ရတဲ့ လေ့ကျင့်ခန်းလုပ်ခြင်းပါပဲ။ နှာခေါင်းကနေတဆင့် အသက်ခပ်ပြင်းပြင်း ရှူရှိုက်ပြီး ဖြည်းဖြည်းချင်း ပြန်ထုတ်တာမျိုးကို တစ်နေ့လျှင် အနည်းဆုံး ၁၀ မိနစ်လောက် မှန်မှန်လုပ်ပေးပါက စိတ်တည်ငြိမ်အေးချမ်းစေပြီး၊ Stree တွေ စိတ်ဖိစီးမှုတွေ သက်သာသွားပါလိမ့်မယ်။

သူငယ်ချင်းကို ရင်ဖွင့်ပါ
တစ်ယောက်တည်း ကြိတ်ခံစားရလို့ တအားပင်ပန်းလာပြီဆိုရင် သင်ယုံကြည်ရတဲ့ သူငယ်ချင်းဖြစ်ဖြစ် ချစ်ရသူပဲဖြစ်ဖြစ် ရင်ဖွင့်ကြည့်ပါ။ တစ်ယောက်ယောက်ကို ရင်ဖွင့်လိုက်တဲ့အခါ ကိုယ်ခံစားနေရတာတွေက တစ်ဝက်လောက် သက်သာသွားပါလိမ့်မယ်။ သင်ကြုံတွေ့နေရတဲ့ အခြေအနေမျိုးတွေကို ဖြတ်သန်းခဲ့ဖူးသူ သို့မဟုတ် ကိုယ့်အခြေအနေကို အမှန်တကယ် ကိုယ်ချင်းစာနိုင်မယ့် တစ်ဦးတစ်ယောက်နဲ့ စကားပြောဝေမျှခြင်းက သင်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာကို နားလည်သဘောပေါက်စေနိုင်ပါတယ်။

လှုပ်လှုပ်ရှားရှား အားကစားတွေလုပ်ပါ
အမြဲတမ်း Active ဖြစ်နေပြီး အားကစားလုပ်ခြင်းဟာ စိတ်ခံစားချက်အတွက် အဖက်ဖက်ကနေ အများကြီးအကျိုးဖြစ်စေပါတယ်။ အရမ်းစိတ်ရှုပ်နေတဲ့အချိန်မှာ Gym မှာ လေ့ကျင့်ခန်း သွားလုပ်တာဖြစ်ဖြစ် အချိန်အကြာကြီး လမ်းလျှောက်တာဖြစ်ဖြစ် ကြိုက်နှစ်သက်ရာ Exercise ကို စိတ်နှစ်ပြီး လုပ်လိုက်ရင် စိတ်ရှုပ်နေတာတွေ၊ ဒေါသတွေ၊ Stress တွေ လျော့ကျသွားပါတယ်။
ကိုယ်လက်လှုပ်ရှားမှု အားကစားတွေဟာ နေ့စဥ်ဘဝရဲ့ ပူပင်သောကတွေကို မေ့ပျောက်စေအောင် ကူညီပေးမှာဖြစ်သလို ကိုယ်ရောစိတ်ပါ လန်းဆန်းတက်ကြွစေပါလိမ့်မယ်။

Lifestyle_Myanmar
Thinzar
ref-medicinenet