
မိဘတွေကို ချစ်တဲ့သားသမီးရှိသလို မုန်းနေကြသူတွေလည်းရှိကြပါတယ်။ ဒါပေမယ့် ဒီလိုမုန်းတဲ့လူတွေတောင် တစ်ခုဝန်ခံရမှာကတော့ အကျဉ်းထဲအကျပ်ထဲရောက်နေချိန်မှာ အားကိုးလို့ရမယ့် အကူအညီတောင်းလို့ရမယ့် တစ်ဦးတည်းသောသူဟာ မိဘဆိုတာပါပဲ။ မိဘတွေကသာလျှင် အရင်းနှီးဆုံးသူငယ်ချင်းဖြစ်ပြီးတော့ ကိုယ့်ဘဝမှောင်မိုက်နေချိန်မှာ ဂရုတစိုက်ရှိနေပေးတာကလည်း မိဘတွေပဲဖြစ်ပါတယ်။ ဒါဆိုရင် ဘာလို့များ မိဘတွေကို ဘယ်လောက်ချစ်ကြောင်း မပြောပြမိရတာလဲ။ အချိန်လွန်တော့မှ နောင်တရတာမျိုး မဖြစ်ရလေဖို့အတွက် အခုဖော်ပြပေးမယ့် အချက်လေးတွေနဲ့အတူ အဖေအမေ ကို ဘယ်လောက်ချစ်တယ်ဆိုတဲ့အကြောင်းကို ပြသလိုက်ပါတော့။
ကျေးဇူးသိတတ်ပါ
အမေချက်ကျွေးတဲ့ ဟင်းတစ်ခွက် ဘယ်လောက်အရသာရှိကြောင်း၊ ကိုယ်လိုအပ်နေချိန်မှာ ကူညီပေးတတ်တဲ့ အဖေ့ကို ဘယ်လောက်ကျေးဇူးတင်တဲ့အကြောင်းကို ပြောရတာဟာ သားသမီးတွေအတွက်တော့ တကယ်တမ်း ကြီးမားတဲ့ကိစ္စမဟုတ်ပါဘူး။ ဒါပေမယ့် ဒီလိုကြားလိုက်ရတဲ့ မိဘတွေအနေနဲ့ကတော့ အများကြီးအဓိပ္ဗာယ်ရှိနေပါတယ်။

လိမ္မာယဉ်ကျေးပါ
ကိုယ်က ဘယ်လိုပဲ အရွယ်ရောက်လာတယ်ဆိုစေကာမူ မိဘတွေအပေါ်မှာတော့ ရိုသေသမှု ပျောက်ပျက်သွားလို့မရပါဘူး။ ကိုယ်ဘယ်လောက်ပဲ ပညာတွေတတ်နေပါစေ၊ မိဘတွေသိထားတဲ့ ဗဟုသုတတွေနဲ့ ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။ အများကြီးပြန်မလုပ်ပေးနိုင်ရင်တောင်မှ မိဘအပေါ်မှာ လိမ္မာသိတတ်ခြင်းဖြင့် ကျေးဇူးဆပ်လိုက်ပါ။ ဥပမာအနေနဲ့ အမေအမှိုက်သွန်တာကူလုပ်ပေးတာတို့ အပင်ရေလောင်းပေးတာတို့ကို မပျင်းမရိ၊ ခေါင်းမာမနေဘဲ လုပ်ကိုင်ပေးခြင်းပါပဲ။

မကြာမကြာ ဖုန်းအဆက်အသွယ်လုပ်ပါ
မိဘတွေနဲ့စကားပြောရတာဟာ သူငယ်ချင်း၊ ချစ်သူတို့ထက် ပျင်းစရာကောင်းနိုင်ပေမယ့်လည်း ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ အနာဂတ်မှာ မိဘဆီဖုန်းဆက်ပြီးတော့ သူတို့ကို ဘယ်လောက်ချစ်ကြောင်း မပြောလိုက်မိလို့ နောင်တကောင်းကောင်းရနိုင်ပါတယ်။ တစ်နေ့တစ်ကြိမ်မဆက်နိုင်ရင်တောင်မှ အနည်းဆုံး တစ်ပတ်မှာ နှစ်ကြိမ်သုံးကြိမ်လောက် ဖုန်းဆက်ပြီးတော့ နေလို့ထိုင်လို့ကောင်းရဲ့လား ဆိုပြီးမေးလိုက်ပါ။

ဟင်းချက်ကျွေးပါ သို့မဟုတ် ကော်ဖီလေးဖျော်တိုက်ပါ
ကိုယ်အရွယ်ရောက်တဲ့အထိ ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ မိဘနှစ်ပါးကို ခဏအနားယူခိုင်းလိုက်ပြီးတော့ ကိုယ်တတ်နိုင်သမျှ ပြုစုလိုက်ပါ။ ကိုယ့်လက်ရာ ဘယ်လောက်ပဲညံ့ညံ့ ကိုယ်ချက်ကျွေးတဲ့ ထမင်းဟင်းတစ်နပ်စားလိုက်ရရင်ကို ပျော်နေတတ်တာ မိဘတွေပဲဖြစ်ပါတယ်။

ချစ်တယ်လို့ပြောပေးပါ
ချစ်တယ်ဆိုတဲ့ စကားလုံးကို မကြာခဏပြောပေးခြင်းက ဆဲလ်တွေကိုပြောင်းလဲစေပြီး ပိုမိုကောင်းမွန်လာစေပါတယ်။ ဒါဟာ ကိုယ်ရော မိဘတွေအတွက်ပါ နှစ်ဦးနှစ်ဖက်ကောင်းတာကြောင့် ကျန်းမာရေးကိုလည်း ဂရုစိုက်ရာရောက်ပါတယ်။ ဒါကြောင့် အဖေနဲ့အမေကို ချစ်တယ်ဆိုတဲ့အကြောင်း အသက်ရှည်ရှည်နေပေးဖို့ ဆိုတဲ့အကြောင်းကို နေ့တိုင်းပြောပေးပါ။

Lifestyle_Myanmar
ref-wehavekids