
အလုပ်အကိုင်တိုးတက်ဖို့ပဲဖြစ်ဖြစ် ပညာရေးမှာ သူများထက် ပိုပြီး ရှေ့ရောက်ဖို့ဖြစ်ဖြစ် ဘာသာစကားသစ်တွေကို မဖြစ်မနေ သင်ဖို့လိုလာပြီ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ဘာသာစကားသစ်တစ်မျိုးကို သင်လာပေမယ့် အခုထိ တိုးတက်လာတယ် မထင်ဘူးဆိုရင် တစ်ခုခုတော့ မှားနေပါပြီ။ ဒီဆောင်းပါးမှာတော့ ဘာသာစကားအသစ်တွေ သင်မယ်ဆိုရင် ဘယ်လိုနည်းနဲ့အတတ်မြန်အောင် လုပ်လို့ရမလဲဆိုတာကို ပြောသွားမှာပါ။
(၁) တကယ်အသုံးတည့်တဲ့ စကားလုံးတွေ လေ့လာပါ
ဘာသာစကားတစ်ခုမှာ စကားလုံးပေါင်း သောင်းနဲ့ သိန်းနဲ့ ချီရှိနေပေမယ့် တကယ်တမ်း အပြောအများဆုံး စကားလုံးက သိပ်အများကြီး မဟုတ်ပါဘူး။ ဥပမာ- အင်္ဂလိပ်စကားမှာဆိုရင် စကားလုံးတွေ သိန်းပေါင်းများစွာ ရှိပေမယ့် နေ့စဉ်ပြောစကားရဲ့ ၆၈% ဟာ စကားလုံး ၃၀၀ ပဲ ရှိတယ်လို့ဆိုပါတယ်။
ဒီတော့ မဖြစ်မနေ ပြောမယ့် စကားလုံးတွေကို ရွေးထုတ်ပြီး လေ့လာထားဖို့ လိုပါတယ်။

(၂) သင်ထားတဲ့ စကားကို သုံးဖြစ်အောင် သုံးပါ
ဖြစ်နိုင်ရင် ကိုယ်သင်ထားတဲ့ ဘာသာစကားပဲ ပြောတဲ့ သူတွေနဲ့ တွေ့ဆုံပါ။ မဆုံနိုင်ရင် ဒီဘာသာစကားသစ်ကို ပြောဖြစ်အောင် ပြောဖို့လိုပါတယ်။ ဘာသာစကားမှာ ရင်းနီးမှုက အရေးကြီးပါတယ်။ တကယ် ရင်းနီးလာရင် စကားလုံးသစ်တွေ ကောက်မသုံးရ မနေနိုင်အောင် ဖြစ်လာပါလိမ့်မယ်။
(၃) ရည်မှန်းချက်နဲ့ သွားပါ
တစ်လနဲ့ အတတ်သင်တို့ သုံးလပြတ်တို့လို သင်တန်းတွေကို ပြောတာ မဟုတ်ပါဘူး။ ကိုယ့်ခေါင်းထဲမှာ ရည်မှန်းချက်တစ်ခုနဲ့ ဘယ်လောက်အထိ တတ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ထားတာကို ပြောတာပါ။

(၄) အိပ်နေစဉ်မှာ စကားလုံးသစ်တွေ နားထောင်ပါ
အိပ်ရာဝင်ချိန်မှာ စကားလုံးသစ်တွေ သင်ကြားခြင်းဟာ ထူးဆန်းပေမယ့် ထိရောက်ပါတယ်။ ဒီအကြောင်းကို သုတေသနတွေမှာ ညွှန်ပြတာ ရှိပေမယ့် စကားလုံးသစ်တွေကို ဒီလို သင်တိုင်း တတ်မယ်လို့ မဆိုလိုနိုင်ပါဘူး။ သို့သော်လည်း တစ်နေ့လုံး သင်ကြား မှတ်သားလာတဲ့ စကားလုံးတွေကို ညဘက်အိပ်ရာထဲ ခေါ်သွားတာ ကောင်းပါတယ်။

(၅) မှတ်ဉာဏ်ဖော်တဲ့နည်း သုံးပါ
ဘာသာစကားသစ်သင်ရာမှာလည်း Mnemonics တွေက အသုံးတည့်ပါတယ်။ ဦးနှောက်ကို စကားလုံးတွေ မှတ်ဉာဏ်တွေ စနစ်တကျနေရာချနည်းပါပဲ။ ကိုယ့်ခေါင်းထဲက မှတ်ဉာဏ်ကို အလွယ်တကူဆွဲထုတ်နိုင်စေဖို့ စကားလုံးသစ်ကို ကိုယ်နဲ့ ရင်းနီးကျွမ်းဝင်တဲ့ ပစ္စည်း ၊ လူ ၊ နေရာတစ်ခုခုနဲ့ တွဲမှတ်တာမျိုးလည်း လုပ်သင့်ပါတယ်။
(၆) ပြောရဲပါစေ
အမှားလုပ်ဖို့ ဝန်မလေးပါနဲ့။ကလေးတွေ စကားတတ်လာတယ်ဆိုတာ စကားလုံးအမှားတွေကိုလည်း ပြောရင်း ၊ အမှန်ဘက် ပြန်ပြင်လာရင်းနဲ့ တတ်လာတာပါ။ ဘာသာစကားသစ် သင်ယူရာမှာ ကလေးတွေကို အတုယူဖို့လိုပါတယ်။
Lifestyle_Myanmar
ref-jobtradition