မျက်မှန်တပ်သူတွေအတွက် မျက်မှန်နဲ့ပတ်သက်လို့ အကျိုးရှိစေမယ့် နည်းလမ်းကောင်းလေးတွေ
lifestylemyanmar.com
|
2022-05-05

မျက်မှန်ဘယ်လောက် အရေးကြီးသလဲဆိုတဲ့အကြောင်းကို မျက်မှန်တပ်နေရသူတွေသာ သိမယ်နော်။ ကိုယ်နှင့်မခွာ အမြဲဆောင်ယူသွားနေရတဲ့ ပစ္စည်းထဲဲ မျက်မှန်က ထိပ်ဆုံးကပါတယ်။ မျက်မှန်ကိုင်းလေးကျိုးသွားလို့ ဆိုင်သွားပေးထားရင်တောင် တစ်ရက်လောက် မျက်ကန်းဘဝထဲ ရောက်သွားသလို ခံစားရတာမျိုးက စာရေးသူကိုယ်တွေ့ပါ။ ဒါကြောင့်မျက်မှန်တပ်သူတွေအတွက် မျက်မှန်နဲ့ပတ်သက်လို့ ဗဟုသုတလည်းရပြီး အကျိုးလည်းရှိစေမယ့် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ အမှောင်ထဲမှာမျက်မှန်ရှာတဲ့အခါ

ကိုယ်အပြင်ထွက်ခါနီးမှ မီးကပျက်၊ မျက်မှန်ဘူးကိုလည်းဘယ်လိုရှာရမှန်းမသိတဲ့အခါ ဒီနည်းလေးသုံးလို့ရပါတယ်။ အနုမြူသော့ချိတ်ကို ကိုယ့်မျက်မှန်အိတ်ထဲချိတ်ထားပါ။ သို့မဟုတ်တွဲချည်ထားပါ။ ဒါဆိုရင်တော့ ဘယ်လောက်ပဲမှောင်နေတဲ့အခန်းဖြစ်ပါစေ လွယ်လွယ်နဲ့ရှာတွေ့သွားမှာပါ။


၂။ မျက်မှန်ကိုင်းချောင်ကျတဲ့အခါ

မျက်မှန်ကိုင်းချောင်ကျတာကတော့ မျက်မှန်ကိုင်းထိပ်က ခပ်ပြေပြေဖြစ်ပြီး နားပေါ်ကချော်ကျလို့ပါ။ အဲ့ဒီ့အခါ မျက်မှန်ကိုင်းထိပ်ကို ရေနွေးပူပူထဲစိမ်ပြီး ပျော့လာတဲ့အခါ ဆွဲကွေးလိုက်ပါ။ အဲ့ဒီအခါ နားပေါ်က ချော်ကျတဲ့ပြသနာမရှိတော့ပါဘူး။

နောက်ထပ်နည်းတစ်ခုကတော့ ကိုင်းထိပ်နားလေးတွေကို ခေါင်းစည်းကြိုး ဗြောင်သေးသေးလေးနဲ့ ပတ်ထားလိုက်ပါ။ အဲ့ဒါကလုပ်ရလည်းလွယ်ပါတယ်။


၃။ မှန်မျက်နှာပြင် ရေငွေ့ဟပ်တဲ့အခါ

YBS ကားပေါ်က ဆင်းလာတဲ့မျက်မှန်သမားတိုင်း ခံစားဖူးမှာပါ။ မျက်မှန်ချွတ်ပြီး ဆင်းပြန်တော့လည်း ပတ်ဝန်းကျင်တစ်ခုလုံး ဝေဝါးနေတဲ့အဖြစ်။ ရေငွေ့မဟပ်စေချင်ရင်တော့ နည်းတစ်ခုရှိပါတယ်။ ရေမစိုသေးတဲ့ ဆပ်ပြာကို မှန်မျက်နှာပြင်ပေါ် နည်းနည်းပွတ်ပြီး မှန်သုတ်အဝတ်နုနဲ့ တစ်ပြင်လုံးပျံ့အောင်သုတ်ပေးလိုက်ပါ။ ဒါမှမဟုတ် မုတ်ဆိတ်ရိတ် ခရင်မ်လေးထည့်ပြီး အဝတ်နုနဲ့သုတ်ပစ်လိုက်ပါ။ ရေငွေ့လုံးဝမဟပ်စေရပါဘူး။


၄။ မျက်မှန်ပေါ်ခြစ်ရာထင်တဲ့အခါ

မျက်မှန်ပေါ်ခြစ်ရာထင်တဲ့အခါမှာတော့ သိပ်မပြင်းလွန်းတဲ့ အပျော့စား သွားတိုက်ဆေးနည်းနည်းထည့်ပြီး ဂွမ်းလေးနဲ့ စက်ဝိုင်းပုံသဏ္ဍာန် ၁၀စက္ကန့်လောက်ပွတ်ပေးပါ။ ပြီးရင်ရေအေးနဲ့ဆေးချပြီး မျက်မှန်သုတ်အဝတ်ပါးစလေးနဲ့ သေချာသုတ်ပေးလိုက်ပါ။

၅။ မျက်မှန်ဆေးတဲ့အခါ

မျက်မှန်ကို သာမန် Dish Washing Liquid (ပန်းကန်ဆေးဆပ်ပြာရည်)နဲ့ ဆေးလို့ရပါတယ်။ ဒါပေမယ့် Alcohol, Vinegar, Ammonia နဲ့ ချေးချွတ်ဆေးမပါတဲ့ ဆပ်ပြာရည်ဖြစ်မှသာအဆင်ပြေမှာပါ။

၆။ မျက်မှန်ကြာရှည်ခံစေချင်ရင်

မျက်မှန်ကြာရှည်ခံစေချင်ရင်တော့ တွေ့ကရာအဝတ်နဲ့မသုတ်ပဲ မျက်မှန်သုတ်အဝတ်စလေးနဲ့ပဲ သုတ်ပေးသင့်ပါတယ်။ တခြားအဝတ်တွေက မျက်မှန်သုတ်အဝတ်စလောက် မနူးညံ့တာကြောင့် မှန်သားတွေအပေါ်ခြစ်ရာထင်စေနိုင်ပြီး အမြင်ဝါးစေပါတယ်။ အဝတ်နုစလေးတွေကိုလည်း ပုံမှန်သန့်ရှင်းပေးဖို့လိုပါတယ်။


၇။ အနီးမှုန်သမားများ ပစ္စည်းရှာချင်တဲ့အခါ

အကြောင်းတစ်စုံတစ်ခုကြောင့် မျက်မှန်အထားမှားလို့ ရှာမယ်ဆိုပေမယ့် ကိုယ်က အနီးမှုန်သမားဖြစ်နေလို့ အခက်တွေ့နေပါလား။ ဒါဆိုမပူပါနဲ့။ ကိုယ်ဖုန်းထဲက ကင်မရာကတစ်ဆင့်ကြည့်ပြီး ရှာလို့ရပါတယ်။ အဲ့ဒါက အမြင်ကိုရှင်းစေတဲ့အပြင် အနီးမှုန်သမားများအတွက် အရမ်းအဆင်ပြေမှာပါ။

မျက်မှန်တပ်ကြရတဲ့ စာဖတ်ပရိသတ်တွေအတွက် ဒီနည်းလမ်း (၇)မျိုးက အင်မတန်အကျိုးပေးမှာမို့လို့ လိုအပ်တဲ့အခါလိုသလိုသုံးလိုက်ကြပါ။


#မျက်နှာ
#နည်းလမ်းကောင်း
#အရေးကြီး
#ဗဟုသုတ
#လောက

Some text some message..