
အမျိုးသမီးတွေမှ ရေမွှေး သုံးလို့ရတာမဟုတ်ပါဘူး။ သူများတကာနဲ့ တွေ့ဆုံချိန်မှာ အမျိုးသားရော အမျိုးသမီးပါ ကိုယ့်ရဲ့ကိုယ်သင်းနံ့လေး မွှေးကြိုင်နေမှဖြစ်တာမို့ ရေမွှေးကို အသုံးပြုရတာဖြစ်ပါတယ်။ ရေမွှေးတွေဟာ လူတစ်ယောက်ကို ပိုခမ်းနားသွားစေနိုင်သလို တစ်ခြားသူတွေအတွက် အမှတ်တရပုံရိပ်တစ်ခုအဖြစ်ပါ ချန်ထားပေးနိုင်တဲ့အရာ ဖြစ်ပါတယ်။ ဒါပေမယ့် ရေမွှေးသုံးတော့မယ်ဆိုရင် အထာလေးတွေ သိထားဖို့တော့ လိုပါတယ်။
(၁) ဘယ်နေရာမှာ ဆွတ်ရမလဲ
ရေမွှေးကို မှန်မှန်ကန်ကန် သုံးတတ်ဖို့အတွက် အရင်ဆုံး ဘယ်နေရာမှာ ရေမွှေးဆွတ်ရမလဲ သိဖို့ လိုပါတယ်။ သွေးခုန်နှုန်းရှိပြီး ကိုယ်ခန္ဓာရဲ့ အနွေးဆုံးနေရာမှာ ရေမွှေးဆွတ်ရမယ်လို့ အကြမ်းဖျဉ်း သိထားသင့်ပါတယ်။ ဥပမာ- လက်ကောက်ဝတ် ၊ လည်ပင်း ၊ ရင်ဘတ်နဲ့ ပုခုံးလို နေရာမျိုးတွေပါ။

(၂) ဘယ်လို ဆွတ်ရမလဲ
ရေချိုးပြီး ကိုယ်လုံးရေစစ်လို့ ခြောက်သွေ့မှ ဆွတ်ပါ။ လေထဲမှာ လျှောက်မဖြန်းပါနဲ့။ ကိုယ်ဆွတ်မယ့်နေရာနဲ့ ၃ လက်မကနေ ၆ လက်မအကွာကနေ ဖြန်းပါ။ သိပ်လည်း မများစေပါနဲ့။ နောက်ပြီး လက်နဲ့လည်း ပွတ်မပစ်ပါနဲ့။

(၃) ဘယ်နေရာမှာ သိမ်းထားရမလဲ
ရေမွှေးအနံ့ မပြယ်သွားဖို့နဲ့ တာရှည်အသုံးခံဖို့အတွက် အပူချိန်မြင့်တဲ့ နေရာတွေ မထားမိအောင် ရှောင်ပါ။ အေးပြီး ခြောက်သွေ့မှောင်မည်းနေတဲ့ နေရာမှာ ထားပါ။ အကောင်းဆုံးက သင့်အိပ်ခန်းထဲက ဗီရိုထဲမှာ ဖြစ်နိုင်ပါတယ်။
Lifestyle_Myanmar
ref-vogue