
တချို့အမျိုးသားတွေက ကိုယ့်ထက်အသက်ကြီးပြီး ဦးဆောင်တက်တဲ့မမတွေကို သဘောကျသလို တချို့ကလည်း ကိုယ့်ထက်အသက်ငယ်တဲ့ ခေးတွေ ရဲ့ ကိုကိုတစ်ယောက်ဖြစ်ချင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ခေးတွေ ကိုသဘောကျတဲ့ ကိုကိုတွေအနေနဲ့ ကိုယ့်ထက်အသက်ငယ်သူတွေနဲ့ တွဲမယ်ဆိုရင် ကြိုတင်သိထားသင့်တဲ့အကြောင်းအရာလေးတွေကို မျှဝေပေးချင်ပါတယ်။
(၁) ချွဲတာခံနိုင်ရမယ်
ကိုယ့်ထက် အသက်ငယ်ရွယ်သူတွေနဲ့ တွဲမယ်ဆိုရင် သေချာတာတစ်ခုက ဆိုးနွဲ့တာ ရစ်တာ ချွဲတာတွေကို ကောင်းကောင်းခံနိုင်ရည်ရှိဖို့တော့ လိုပါလိမ့်မယ်။ တွဲခါစမှာ သူတို့ဆိုးနွဲ့တာလေးတွေက ချစ်ဖို့ကောင်းနေပေမယ့် အချိန်ကြာလာတာနဲ့အမျှ စိတ်ညစ်လာတာမျိုးဖြစ်တက်ပါတယ်။ ဒါ့ကြောင့် သင့်ကိုသင် အရင်ဆုံးသေချာမေးကြည့်ပါ။ ဆိုးနွဲ့တာတွေ ရစ်တာ မကြာခဏစိတ်ကောက်တာတွေကို ခံနိုင်ရည်ရှိမလား ဆိုတာမျိုးပေါ့။ ဒီလိုဆိုးတာနွဲ့တာလေးတွေခံချင်လို့ ခေးတွေကိုကြိုက်တာပါဆိုတဲ့သူတွေအတွက်တော့ အထူးမေးခွန်းထုတ်နေစရာလိုမှာ မဟုတ်ပါဘူး။

(၂) ရင့်ကျက်နိုင်ရမယ်
ခေးတစ်ယောက်ရဲ့ ကိုကိုဖြစ်ပြီဆိုရင် သူမထက်ရင့်ကျက်တဲ့သူ လူကြီးဆန်တဲ့သူလည်း ဖြစ်ဖို့အရေးကြီးပါတယ်။ အရာရာမှာ ကိုယ်ကပဲ ဦးစီးဦးဆောင်လုပ်ရမှာဖြစ်ပြီး သူမအားကိုးလောက်တဲ့ ကိုကိုကောင်းတစ်ယောက်ဖြစ်ဖို့ နေထိုင်သင့်တာဖြစ်ပါတယ်။ အတွေးအခေါ်တွေ ၊ အမှားအမှန်ဆုံးဖြတ်တာတွေ ၊ နောက်ဆုံးရန်ဖြစ်စကားများချိန်မှာတောင် သူမရွဲ့သလို လိုက်ရွဲ့တာမျိုး သူမနဲ့ပြိုင်ပြီး စိတ်ဆိုးစိတ်ကောက်လုပ်တာမျိုးတွေမလုပ်ပဲ လူကြီးဆန်စွာ ရင့်ကျက်စွာပဲ ပြဿနာကိုအကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်ရမှာဖြစ်ပါတယ်။

(၃) သူမစိတ်ကိုနားလည်အောင်ဖတ်တက်ရမယ်
မိန်းကလေးတွေရဲ့ ပင်ကိုယ်စိတ်ကိုက နားလည်ရခက်တဲ့စာအုပ်ကြီးတွေလို့ပြောရင်မမှားနိုင်ပါဘူး။ ဒါ့ထက်ပိုဆိုးတာက ကိုယ့်ထက်အသက်ငယ်တဲ့ မိန်းကလေးတွေရဲ့စိတ်က ပိုပြီးကိုရှုပ်ထွေးလွန်းပါတယ်။ များသောအားဖြင့် သူတို့က စိတ်ခံစားမှုနောက်ကို အလွန်အမင်းလိုက်တက်ကြပြီး တစ်ခါတစ်လေမှာ စိတ်ထဲရှိတာတမျိုး လက်တွေ့လုပ်နေတာက တစ်မျိုးတွေလည်း ကြုံရတက်ပါတယ်။ ဒါကြောင့် ခေးတွေနဲ့ တွဲမယ်ဆိုရင် ခပ်မြန်မြန်ထင်မြင်ချက်ချတာ ကောက်ချက်ချတာမျိုးတွေကိုရှောင်ပြီး အဓိကစိတ်ရှည်ရမယ် သူမစိတ်ကိုနားလည်ဖို့အချိန်ယူပြီး လေ့လာဖို့လိုပါလိမ့်မယ်။

(၄) အဆိုးအကောင်း ဒွန်တွဲနေတာကိုလက်ခံရမယ်
ဒီအချက်ကတော့ ကိုယ့်ထက်အသက်ငယ်တဲ့လူကို တွဲမှမဟုတ်ပါဘူး။ ရွယ်တူပဲဖြစ်စေ ကိုယ့်ထက်အသက်ကြီးသူနဲ့တွဲရင်ပဲဖြစ်စေ လူတိုင်းဆီကနေ အကောင်းတွေကြီးပဲ မျှော်လင့်ထားလို့မရနိုင်ပါဘူး။ ခေးတွေနဲ့ တွဲရတာက စိတ်ရှည်ရမယ် လူကြီးဆန်ပေးရမယ်ဆိုပေမယ့်လည်း တစ်ခါတစ်လေမှာ ကိုယ်မလုပ်ဖူးတဲ့အရာတွေ အတွေ့ အကြုံအသစ်အဆန်းတွေ ဝါသနာအသစ်တွေကို သူတို့ဆီကနေ ပြန်လည်သင်ယူခွင့်ရနိုင်ပြီး ပျော်ရွှင်စရာကောင်းတဲ့ ခံစားမှုမျိုးကိုရစေပါတယ်။

ဘာပဲဖြစ်ဖြစ် လူတိုင်းမှာ အားသာချက် အားနည်းချက် ကောင်းကွက်ဆိုးကွက်လေးတွေ ရှိတယ်ဆိုတာကို လက်ခံထားပြီး အပေးအယူမျှမျှနဲ့ နားလည်မှုရှိစွာနေသွားမယ်ဆိုရင်တော့ သင်တကယ်ပဲစိတ်ချမ်းသာပျော်ရွှင်ရမှာပါ။
Lifestyle_Myanmar
ref-mensxp