
ပတ်ဝန်းကျင်ကိုဂရုမစိုက်ဘဲ မိုးမမြင်လေမမြင် အချစ်တွေပိုနေကြတဲ့ ချစ်သူစုံတွဲ တွေနဲ့ ကြုံဖူးပါသလား။ ကိုယ့်ချစ်သူကို ချစ်တာပဲ ဘယ်သူ့ကိုဂရုစိုက်ရမှာလဲဆိုပြီးတော့ ခေါင်းမာနေဖို့ မသင့်တော်ပါဘူး။ လူ့ပတ်ဝန်းကျင် လူ့အသိုင်းအဝိုင်းမှာ နေနေသ၍တော့ ကိုယ့်အနီးပတ်ဝန်းကျင်ကို ဂရုစိုက်တတ်ဖို့ပါမယ်။ ဒီတစ်ခေါက်မှာတော့ ချစ်သူစုံတွဲတိုင်း သတိထားသင့်တဲ့ လူအမြင်ကပ်စေမယ့်လုပ်ရပ်တစ်ချို့ကို သတိထားဆင်ခြင်နိုင်စေဖို့ ပြောပြပေးချင်ပါတယ်။
(၁) လူမြင်ကွင်းမှာ နမ်းရှုံ့ခြင်း
Public Area တွေဖြစ်တဲ့ ပန်းခြံထဲ Bus ကားပေါ်နဲ့ စားသောက်ဆိုင်တွေမှာ နမ်းရှုံ့နေတာတွေဟာ တော်တော်လေး အမြင်ဆိုးစေပါတယ်။ အနောက်နိုင်ငံတွေနဲ့ ယှဉ်ရင်တော့ နမ်းတယ်ဆိုတာ သာမာန်ကိစ္စတစ်ခုဖြစ်ပေမယ့် ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုအရ သင့်တော်မတော်တော့ တစ်ချက်စဉ်းစားတက်ဖို့ လိုပါတယ်။ အများပြည်သူသွားလာလှုပ်ရှားနေတဲ့နေရာတွေမှာ အမြင်မတော်အောင် ဖက်ယက်နမ်းရှုံ့တာတွေကို အတတ်နိုင်ဆုံး ရှောင်ကျဉ်သင့်ပါတယ်။

(၂) အချိန်အခါမဟုတ် Couple Shirt တွေ ဝတ်ခြင်း
ချစ်သူများနေ့လို ရက်မျိုးတွေမှာ ဆင်တူဝတ်စုံလေး တွေဝတ်ဆင်ပြီး သွားလာတာဟာ ချစ်ဖို့ကောင်းပေမယ့် အချိန်အခါမဟုတ် နေ့တိုင်းနီးပါး Couple Shirt တွေဝတ်ဆင်ပြီး လမ်းသလားနေမယ်ဆိုရင်တော့ တော်တော်လေး ကြည့်ရဆိုးစေမှာဖြစ်ပါတယ်။ ဆင်တူအဝတ်စားတွေဝတ်ဆင်မှ ချစ်သူတွေလို့ အများကသတိထားမိမှာမဟုတ်ပါဘူး။ နေပူထဲ ကိုယ့်ချစ်သူကောင်မလေးကို ထီးလေးဆောင်းပေးတာမျိုး ၊ ကားလမ်းကူးရင် လမ်းလေးကိုင်ထားတာမျိုး စတဲ့ အချက်တွေနဲ့တင် သင်တို့နှစ်ယောက်ကို ချစ်သူတွေဆိုတာ ပေါ်လွင်စေမှာဖြစ်ပါတယ်။

(၃) လူမှုကွန်ယက်ပေါ်မှာ ဖုန်ထခြင်း
Facebook တွေ IG တွေစတဲ့ လူမှုကွန်ယက် ဆိုရှယ်မီဒီယာတွေမှာ သူများမျက်စိနောက်လောက်အောင် တစ်နေ့ကို လေးငါးဆယ်ပုံခန့် ဓာတ်ပုံတွေတင်တာမျိုး စာတွေနင်းကန်ရေးတာမျိုး နောက်ဆုံးရန်ဖြစ်တဲ့ကိစ္စကအစ စာတွေရေးတင်တာမျိုး စတဲ့ အချက်တွေကို အတတ်နိုင်ဆုံးရှောင်ကျဉ်သင့်ပါတယ်။ ပုံတွေ မတင်နဲ့မပြောပါဘူး။ တစ်ပုံ နှစ်ပုံ လောက်တင်မယ်ဆိုရင် အဆင်ပြေပါတယ်။ အဓိကက ကိုယ့်အကောင့်ထဲက Friend တွေ မျက်စိနောက်လောက်တဲ့အထိတော့ ဖုန်မထမိဖို့ မှာချင်တာဖြစ်ပါတယ်။

(၄) အော်ကြီးဟစ်ကျယ်ရန်ဖြစ်ခြင်း
ပြဿနာမတက်တဲ့ ချစ်သူတွေဆိုတာတော့ မရှိပါဘူး။ ဒါပေမယ့် လူအများသွားလာနေတဲ့ နေရာတွေမှာ အော်ကြီးဟစ်ကျယ်ရန်ဖြစ်တာမျိုးတွေ ကြမ်းကြမ်းတမ်းတမ်းစကားတွေနဲ့ အပြန်အလှန် တိုက်ခိုက်နေတာမျိုးတွေကို ရှောင်ကျဉ်သင့်ပါတယ်။ ဒီလိုလူကြားသူကြားထဲ ရန်ဖြစ်တာဟာ ကိုယ်သိက္ခာရော ကိုယ်ချစ်သူကောင်မလေးသိက္ခာကိုပါ ဟိုးအောက်ဆုံးအထိဆွဲချမိသလို ဖြစ်စေတာကြောင့် လူအများကြားထဲ ရန်ဖြစ်တာတွေရှောင်ကျဉ်သင့်ပါတယ်။

(၅) လူကြားထဲကျောပိုးခြင်း
ကောင်မလေးကို ကောင်လေးက ကျောပိုးပြီး သွားတယ်ဆိုတာ ကိုရီယားကားတွေထဲမှာပဲ ကြည့်ကောင်းတာပါ။ ဘဝက ရုပ်ရှင်ထဲကလို မဟုတ်တဲ့အတွက် လူမြင်ကွင်းလိုနေရာမျိုးတွေ ဥပမာ ကန်ဘောင်၊ ပန်းခြံနဲ့ ရှော့ပင်းစင်တာ စတဲ့နေရာမျိုး တွေမှာ ရိုမယ်ထင်ပြီး ယောင်လို့တောင် ကျောမပိုးမိပါစေနဲ့။ မရိုတဲ့အပြင် လူအများနှာခေါင်းရှုံ့ခြင်းကို ခံရနိုင်ပါတယ်။

Lifestyle_Myanmar
ref-redbookmag