
ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ဆိုတာ လွယ်ပေမယ့် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ကတော့ ခက်ခဲတဲ့အလုပ်တစ်ခုပဲဖြစ်ပါတယ်။ တရားမျှတမှုရှိတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်၊ လက်အောက်ငယ်သားတွေအပေါ် သာတူညီမျှဆက်ဆံတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်၊ အထက်လူကြီးတွေကိုတော့ ခခယယ ခစားတတ်ပြီး လက်အောက်ငယ်သားတွေကို ဆူပူအော်ငေါက်နေတဲ့ ခေါင်းဆောင်ကိုတော့ ဘယ်သူမှမလိုလားကြပါဘူး။ စာဖတ်သူရော အခုအချိန်မှာ ခေါင်းဆောင်နေရာရောက်ရှိနေပြီလား။ ခေါင်းဆောင်တစ်ယောက်ဖြစ်နေပြီဆိုရင် လူချစ်လူခင်ပေါများတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်ရဲ့လားဆိုတာ စဉ်းစားကြည့်လိုက်ရအောင်။
ခေါင်းဆောင်ဆိုတာ ကိုယ့်ပတ်ဝန်းကျင်ကသူတွေကို လွှမ်းမိုးနိုင်စွမ်းရှိရပါမယ်။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်နားလည်မှုတို့ကို တည်ဆောက်နိုင်တဲ့သူ တစ်ယောက်ဖြစ်ရပါမယ်။ သင့်မှာ အခုဖော်ပြပေးမယ့် အရည်အချင်းတွေရှိတယ်ဆိုရင် သင်က ခေါင်းဆောင်ကောင်းတစ်ယောက်ပဲဖြစ်ပါတယ်။
သတ္တိရှိခြင်း
အရာရာကို ပြောရဲဆိုရဲတဲ့သတ္တိရှိတဲ့သူတစ်ယောက်ဖြစ်ရပါမယ်။ ကိုယ့်အဖွဲ့ထဲက တစ်ယောက်ယောက်က အလုပ်လုပ်တာ မှားယွင်းနေတယ်ဆိုရင် ပြောရဲဆိုရဲတဲ့သတ္တိရှိရပါမယ်။ ကိုယ့်အထက်လူကြီးက မှားနေတယ်ဆိုရင်လည်း ထိုအမှားကို ဖုံးဖိပေးမနေဘဲ မှန်ကန်တဲ့လမ်းကြောင်းပေါ် တည့်မတ်ပေးမှသာလျှင် သတ္တိရှိတဲ့ခေါင်းဆောင်တစ်ယောက်ပါ။

မိမိစိတ်ထဲက မကောင်းတဲ့စိတ်ကို အနိုင်တိုက်ရမယ်။
ကိုယ်က အောင်မြင်လာတဲ့တစ်နေ့နေ့မှာ အများက ချီးမြှင့်မြှောက်စားတဲ့အခါ ဂုဏ်ယူဝံ့ကြွားမှုကို ခံစားရလေ့ရှိပါတယ်။ ထိုအချိန်မှာ မောက်မာထောင်လွှားခြင်းမရှိဘဲ မိမိကိုယ်ကို နှိမ့်ချတတ်ရပါမယ်။ “ငါက အထက်လူကြီးပဲ ငါခိုင်းတာ လုပ်” ဆိုပြီး အမိန့်ပေးနေလို့ကတော့ ကိုယ့်ကို လူမုန်းများနေမှာပဲဖြစ်ပါတယ်။ အခြားသူကို တစ်ခုခုလုပ်ခိုင်းစေချင်တဲ့အခါ နားဝင်ချိုတဲ့စကားလုံးတွေ ပြောဆိုတတ်ဖို့လိုပါတယ်။

တုံ့ပြန်ချက်ကို လက်ခံနိုင်ရမယ်။
လူ အယောက်တစ်ရာရှိရင် ထိုအယောက်တစ်ရာလုံး ကိုယ့်ကိုကြိုက်နှစ်သက်အောင် လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ လူ့အလို နတ်မလိုက်နိုင် ဆိုတဲ့စကားအတိုင်း နတ်ဘုရားတွေတောင် လူသားတွေရဲ့ အကြိုက်မဆောင်နိုင်ပါဘူး။ တစ်နေ့ပြီးတစ်နေ့ လူတိုင်းနဲ့ ပေါင်းသင်းဆက်ဆံရတဲ့အခါ သင့်ကို သဘောကျတဲ့သူလည်း ရှိသလို၊ သဘောမကျတဲ့သူလည်း ရှိမှာပါပဲ။ သဘောမကျတဲ့သူတွေ ကိုယ့်ရဲ့ မကောင်းကြောင်းပြောတဲ့အခါ ကိုယ့်အမှားရှိရင်လည်း ပြင်ရမှာဖြစ်သလို၊ ကိုယ်မမှားဘဲ မကောင်းပြောတာဆိုရင်တော့ ခေါက်ထားလိုက်ပါ။

ကိုယ်ချင်းစာစိတ်ရှိရမယ်။
လူသားချင်စာနာစိတ်ဖြင့် အခြားသူတွေကို ဆက်ဆံမှ သင့်ကို ခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ် လက်ခံကြမှာပဲဖြစ်ပါတယ်။ မိမိပတ်ဝန်းကျင်ကသူတွေကို ကိုယ့်အောင်မြင်မှုအတွက် သားကောင်အဖြစ်ချနင်းပြီး လိုသုံးအဖြစ်ဆက်ဆံမယ်ဆိုရင်တော့ သံသရာဆိုတာ တစ်ပတ်ပြန်လည်တတ်တယ်ဆိုတာကို သတိထားသင့်ပါတယ်။
အမြဲမပြတ်လေ့လာသင်ယူနေရမယ်။
သင်ယူမှုရပ်တန့်လိုက်တဲ့နေ့က သူများနောက်ကောက်ကျကျန်ခဲ့တဲ့နေ့လို့ပဲ သတ်မှတ်လိုက်ပါ။ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ ကိုယ့်လက်အောက်ငယ်သားတွေရဲ့ သဘောသဘာဝကို အမြဲမပြတ် လေ့လာအကဲခတ်ဖို့လိုအပ်သလို၊ လုပ်ငန်းခွင်နဲ့ ပတ်သက်တဲ့အကြောင်းအရာများ၊ နေ့စဉ်နဲ့အမျှဖြစ်ပေါ်နေတဲ့ ကိစ္စအဝဝကို အချိန်နဲ့တပြေးညီသိရှိဖို့လိုအပ်ပါတယ်။

Lifestyle_Myanmar
ref-lifehack