လမ်းခွဲပြီးတဲ့ ရည်းစားဟောင်းကို မမေ့နိုင်သေးရင် ဒါတွေလုပ်ကြည့်ပါ
lifestylemyanmar.com
|
2022-07-15

အဆင်မပြေမှုတွေကြောင့် တစ်ယောက်နဲ့တစ်ယောက်လမ်းခွဲခဲ့ပေမယ့် လက်ရှိအချိန်ထိမေ့လို့မရသေးတဲ့ ခံစားချက်က အတော်ဆိုးပါတယ်။ အနာဂတ်မှာ သူလမ်းသူလျှောက် ကိုယ်လမ်းကိုယ်လျှောက်နေကြပြီဖြစ်ပေမယ့် ကိုယ့်ရဲ့ရည်းစားဟောင်း အပေါ်လွမ်းတဲ့စိတ်က ကြီးစိုးလာတဲ့အခါ အလုပ်ပျက်အကိုင်ပျက်နဲ့ စိတ်တွေရှုပ်ထွေးကာ ဘာလုပ်လို့လုပ်ရမလဲ မသိဖြစ်နေတတ်ပါတယ်။ သင်ဟာ ဒီလိုမျိုး လမ်းခွဲလိုက်တဲ့ ကိုယ့်ရည်းစားဟောင်းကို မမေ့နိုင်သေးလို့ နေ့နေ့ညည ခံစားနေရသူတစ်ယောက်ဆိုရင်တော့ အခုပြောပြမယ့်အချက်လေးတွေ လိုက်နာဆောင်ရွက်ကြည့်ပါ။

(၁) အသည်းကွဲတယ်ဆိုတဲ့စိတ်ကို မေ့ထားပါ

ကိုယ်ကရည်းစားနဲ့ Brake Up ဖြစ်လို့ အသည်းကွဲနေတဲ့သူ ၊ ကိုယ်ကအထီးကျန်နေတဲ့သူ အစရှိသဖြင့် လျှောက်တွေးနေတဲ့စိတ်တွေဟာ သင့်ကိုပုံမှန်ထက် ၂ ဆ ပိုပြီးစိတ်ပင်ပန်းစေပါတယ်။ လတ်တလောမှာတော့ ခံစားနေရဦးမယ်ဆိုတာမှန်ပေမယ့် အချိန်တိုင်းဒီလိုစိတ်တွေ ဝင်နေတဲ့အခါပိုပြီး လူကိုဒုက္ခရောက်စေပါတယ်။ ဒါကြောင့် သာမာန်လူတစ်ယောက်လိုပဲ အသည်းကွဲတယ်ဆိုတာတွေ ခဏမေ့ထားပြီး ပေါ့ပေါ့ပါးပါးနေကြည့်ပါ။


(၂) ရည်စားဟောင်းရဲ့ ဖေ့ဘွတ်ခ်အကောင့်ကို လိုက်မ Check ပါနဲ့

ဒီအချိန်ဆို သူဘာတွေလုပ်နေလဲ ဘယ်သူနဲ့ရှိနေမလဲ စသည့်ဖြင့်သိချင်တဲ့စိတ်တွေ ဖြစ်လာပြီး သူ့ရဲ့ Social Media တွေကိုသွားပြီး Check လုပ်တတ်ကြပါတယ်။ ဒီလိုလုပ်တာဟာ သင့်ခံစားချက်ကို ပိုဆိုးစေတဲ့လုပ်ရပ်တစ်ခုပါ။ ဖြစ်နိုင်ရင်သူနဲ့ ပတ်သက်သမျှ အရာအားလုံး မေ့ထားတာကောင်းပါတယ်။


(၃) အားကစားတစ်ခုခုလုပ်ပါ

အသည်းကွဲလို့ အခန်းအောင်းနေတာထက်စာရင် ကိုယ်ကိုတက်ကြွလန်းဆန်းစေမယ့် အားကစားနည်းတစ်ခုခု ပြုလုပ်တာက ပိုပြီးသင့်တော်တဲ့အချက်တစ်ခုပါ။ Gym ဆော့တာဖြစ်စေ၊ တင်းနစ်ဆော့တာဖြစ်စေ ကိုယ်ဝါသနာပါတဲ့ အားကစားနည်းတစ်ခုခုပြုလုပ်ခြင်းဟာ စိတ်ဖိစီးမှုတွေကို လျော့ကျစေနိုင်သလို စိတ်ကိုလည်း အပြောင်းအလဲဖြစ်စေမှာဖြစ်ပါတယ်။


(၄) အတတ်ပညာတစ်ခုခု သင်ယူပါ

ကိုယ်ဝါသနာပါတဲ့အရာတစ်ခုကို တစ်စိုက်မတ်မတ်လုပ်နေခြင်းဟာ ကိုယ့်ရဲ့စိတ်ထဲညစ်နွမ်းစေမယ့်အရာတွေ စိတ်ပင်ပန်းစေမယ့်အတွေးတွေ ဝင်မလာနိုင်အောင် တားဆီးပေးနိုင်ပါတယ်။ အသည်းကွဲတဲ့အချိန်မှာ ပန်းချီဆွဲခြင်း၊ တူရိယာတစ်ခုခုတီးခတ်ခြင်း၊ စသည်ဖြင့် ကိုယ်ကြိုက်နှစ်သက်ရာ အတတ်ပညာတစ်ခုခု သင်ယူနေတာဟာ အကောင်းဆုံး စိတ်ကိုကုစားတဲ့ နည်းလမ်းတစ်ခုပါ။


(၅) အရက်သောက်ခြင်းကို ရှောင်ကြဉ်ပါ

အသည်းကွဲရင် အရက်သောက်ရမယ်လို့ ဘယ်ပညာရှင်ကသင်ပေးထားလဲမသိပါဘူး။ လူငယ်တော်တော်များများ အသည်းကွဲရင် အရက်ဆိုင်ပြေးတတ်ကြပါတယ်။ အရက်မူးလာတဲ့အခါ ရည်းစားဟောင်းကို စကားတွေသွားပြောမယ် ဖုန်းတွေခေါ်မယ့် စသည့်ဖြင့် တလွဲတွေလုပ်နေမိတဲ့သူတွေလည်း အများကြီးရှိပါတယ်။ ဒါဟာသူကိုမေ့ဖို့ထက် ကိုယ့်ကိုယ်ကိုပိုပြီး ဒုက္ခရောက်ဖို့ တွန်းပို့နေတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အသည်းကွဲရင်အရက်မသောက်ပါနဲ့။ ကောင်းကျိုးတစ်ခုမှမရှိတဲ့အတွက် အရက်သောက်ခြင်းကိုရှောင်ကြဉ်ပါ။


Lifestyle_Myanmar

ref-stylecraze


#လမ်းခွဲ
#ခံစားချက်
#စိတ်ဖိစီးမှု
#ရည်းစား
#အရက်

Some text some message..