
လောကမှာပေါင်းအပ်တဲ့ သူငယ်ချင်းမိတ်ဆွေဆိုတာရှိသလို မပေါင်းအပ်တဲ့ သူငယ်ချင်းမိတ်ဆွေဆိုတာလည်း ရှိပါတယ်။ အပေါင်းအသင်းမင်သူတွေ တော်တော်များများက ကိုယ့်အပေါ်မကောင်းမှန်းနေရင်တောင် အဖော်မဲ့မှာစိုးတဲ့အတွက် အရာရာသည်းခံပြီး ကြိတ်မှိတ်ပေါင်းတတ်ကြပါတယ်။ တစ်ခါတစ်လေမှာ အရင်းနှီးဆုံးအပေါင်းအသင်းတွေကပဲ ကိုယ်ရဲ့နောက်ကျောကို ဓားနဲ့ထိုးတဲ့သူတွေဖြစ်နေတတ်တာကြောင့် သတိပြု ဆင်ခြင်သင့်ပါတယ်။ ဒါဆိုရင် ကြောက်စရာကောင်းပြီး အပေါင်းအသင်းမလုပ်အပ်တဲ့ သူငယ်ချင်းအမျိုးအစားတွေက ဘာတွေဖြစ်မလဲ လေ့လာကြည့်လိုက်ရအောင်။
(၁) အတ္တဆန်သူ
သူငယ်ချင်းမိတ်ဆွေတွေဆိုတာ အပြန်အလှန်ဖေးမကူညီတတ်တဲ့ အမူအကျင့်မျိုးရှိရပါမယ်။ သာတယ်နာတယ်ဆိုတာမတွေးဘဲ အပြန်လှန်ကူညီတက်မှသာ သူငယ်ချင်းကောင်းဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ အသွားပဲရှိပြီး အပြန်မရှိရင်တော့ ရေရှည်အဆင်မပြေပါဘူး။ ဆိုလိုတာက ကိုယ့်စီကပဲ အကူညီတွေတောင်းမယ် သူဘက်က ပြန်ကူညီဖို့ မတွေးထားတဲ့ တစ်ကိုယ်ကောင်းသမားတွေကို ပြောချင်တာဖြစ်ပါတယ်။ ဒီလိုသူငယ်ချင်းမျိုးရှိရင်တော့ ဝေးဝေးက ရှောင်လိုက်ပါ။

(၂) မာယာများသူ
ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး မာယာပရိယာယ်များတဲ့သူတွေဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာ မပြည့်ဝတဲ့သူတွေဖြစ်တာကြောင့် ပေါင်းသင်းဖို့မသင့်တော်ပါဘူး။ မာယာများတဲ့သူတွေရဲ့ မျက်လုံးမှာ မဖြူစင်တဲ့အရိပ်အယောင်တွေ များစွာတွေ့နေရမှာဖြစ်ပြီး စကားပြောချိုချိုလေးနဲ့ ဟန်ဆောင်ကောင်းသူတွေပဲဖြစ်ပါတယ်။ ဒီလိုလူတွေနဲ့ပဲ ရေရှည်ပေါင်းသင်းဆက်ဆံပြီး မာယာတောမှာ မျောနေမယ်ဆိုရင် သင့်အတွက် တကယ်ကောင်းမွန်တဲ့ မိတ်ဆွေကောင်းတွေနဲ့ ကွေကွင်းရပါလိမ့်မယ်။

(၃) မနာလိုစိတ်ကြီးသူ
သူငယ်ချင်းကောင်းဆိုတာ ကိုယ်အောင်မြင်နေရင်တောင်မှ အဖြူစင်ဆုံးစိတ်ထားနဲ့ ဝမ်းသာပေးကြသူတွေဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ပဲ အသေးအမွှားကိစ္စလေးတွေကအစ ကိုယ်နဲ့လိုက်နှိုင်းယှဉ်ပြီး မနာလိုစိတ်ကြီးထွားနေမယ်ဆိုရင်တော့ ဘယ်နည်းနဲ့မှ မိတ်ဆွေသူငယ်ချင်းကောင်းဖြစ်လာမှာ မဟုတ်ပါဘူး။ သူငယ်ချင်းကောင်းတို့မည်သည် ကိုယ်အောင်မြင်မှုရတဲ့အချိန်မှာ အဖြူစင်ဆုံး လက်ခုပ်တီးဂုဏ်ပြုပေးဖို့ ဝန်မလေးကြသူတွေ ဖြစ်ပါတယ်။

(၄) ကျင့်ဝတ်မစောင့်ထိန်းသူ
လူတိူင်းလူတိုင်းမှာစောင့်ထိန်းသင့်တဲ့ ကျင့်ဝတ်တွေဆိုတာရှိပါတယ်။ ဥပမာ ကိုယ်အနေနဲ့ အယုံကြည်ရဆုံးသူငယ်ချင်းတစ်ယောက်အဖြစ်နဲ့ ကိုယ့်ဘဝရဲ့ လျို့ဝှက်ချက်တစ်ခုခုကို ရင်ဖွင့်ပြောပြမိခဲ့သည်ရှိသော် တခြားသူတွေကို ပြန်မပြောတဲ့ သူငယ်ချင်းမျိုးကသာ စစ်မှန်တဲ့မိတ်ဆွေကောင်းသူငယ်ချင်းကောင်းဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ပဲ ကျင့်ဝတ်တွေကိုမထိန်းပဲ လူတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာလျို့ဝှက်ချက်တွေကို တခြားသူတွေထံ ဖောက်သည်ချနေမယ်ဆိုရင်တော့ စိတ်ဓာတ်အားဖြင့် ယုတ်ညံ့လွန်းတဲ့ သူငယ်ချင်းအဖြစ်သတ်မှတ်လိုက်ပါ။

(၅) အကောင်းမြင်စိတ်မရှိသူ
အရာရာတိုင်းကို မကောင်းတဲ့မျက်စိနဲ့ကြည့်တတ်တဲ့သူမျိုးတွေရဲ့စိတ်ထဲမှာ မကောင်းတဲ့အရာတွေပဲ ပြည့်နှက်နေတတ်ပါတယ်။ အကောင်းမြင်စိတ်မရှိပဲ အချိန်တိုင်း သောကတွေဖိစီးပြီး လူတိုင်းကို မလိုမုန်းတီးမှုတွေဖြစ်တတ်တဲ့သူတွေဆိုရင်တော့ ဝေးဝေးကရှောင်တာကောင်းပါတယ်။ ဒီလိုလူမျိုးတွေဟာ သင့်နောက်ကွယ်မှာ သင့်ကိုလည်း မကောင်းကြောင်းပြောနေနိုင်တယ်ဆိုတာ ၅၀ ရာခိုင်းနှုန်းလောက် သေချာနေလို့ပါပဲ။

Lifestyle_Myanmar
ref-lifehack