
ယနေ့ခေတ်မှာ စာဖတ်တဲ့သူတွေ အရမ်းကိုရှားသွားပါတယ်။ Game တွေ Social Media တွေက စာအုပ်တွေထက် လူတွေစိတ်ကို ပိုဖမ်းစားထားနိုင်တာကြောင့်ပါ။ ဒါပေမယ့်စာအုပ်တွေမှာ လူတစ်ယောက်ကို ပြောင်းလဲသွားစေနိုင်တဲ့ အသိပညာဗဟုသုတွေ ပါဝါတွေပြည့်ဝနေတာကြောင့် ဖုန်းသုံးတာတွေလျော့ပြီး စာဖတ်ဖို့ အကြံပြုချင်ပါတယ်။ သင်ဟာ စာဖတ်ရပျင်းတဲ့သူ တစ်ယောက်ဆိုရင်တော့ အခုပြောပြမယ့်နည်းလမ်းလေးတွေ လုပ်ဆောင်ကြည့်ပါ။
(၁) တစ်လစာ သတ်မှတ်ပါ
အရင်ဆုံးတစ်လအတွင်း ကိုယ့်အနေနဲ့ စာအုပ်ဘယ်နှစ်အုပ်ဖတ်မယ်ဆိုတဲ့ သံဌိဓာန်ချမှတ်ထားပါ။ အခုမှ စဖတ်မယ့်သူတွေအနေနဲ့ တစ်လကို ၁ အုပ်ကနေ ၃အုပ်အထိ ဖတ်ဖို့အကြံပြုချင်ပါတယ်။ စာအုပ်တစ်အုပ်ကို တကယ်စိတ်ပါဝင်စားစွာဖတ်ရင် ၃ ရက်ထက်ပိုမကြာပါဘူး။ နည်းနည်းထူတဲ့စာအုပ်ဆိုရင်လည်း အများဆုံး ၅ရက်လောက်ပဲ ကြာမှာပါ။ အရေးကြီးတာက ကိုယ်သတ်မှတ်ထားတဲ့အတိုင်း တိတိကျကျဖတ်ဖြစ်ဖို့ပါပဲ။

(၂) ကဏ္ဍအစုံ ဖတ်ပါ
ကိုယ်က ဘဝအောင်မြင်ရေးစာအုပ်တွေ စိတ်ဓာတ်ခွန်အားပေးမယ့် စာအုပ်တွေပဲ ဖတ်ရတာကြိုက်တယ်ဆိုပေမယ့် လူဆိုတာ တစ်စုံတစ်ခုပဲ ဆက်တိုက်လုပ်နေမယ်ဆိုရင် ကြာရင်ပျင်းလာတတ်ပါတယ်။ ဒါကြောင့် တခြားသော ရသစာပေ အသိပညာရစေမယ့် စာပေတွေ ဘာသာပြန်စာအုပ်လေးတွေလည်း ဖတ်ပေးပါ။ ကဏ္ဍအစုံဖတ်ခြင်းက စာဖတ်ရတာလည်းမပျင်းသလို ဗဟုသုတအစုံလည်း ရစေပါတယ်။

(၃) စာဖတ်ချိန်သီးသန့် သတ်မှတ်ပါ
တစ်နေ့တာအချိန်တွေထဲမှာ စာဖတ်ဖို့အချိန်လေးအနည်းငယ်လည်း ဖယ်ထားပေးဖို့လိုပါတယ်။ ဖုန်းတွေ ဂိမ်းတွေ ဆိုရှယ်မီဒီယာတွေ လုံးဝမသုံးနဲ့လို့တော့ မဆိုလိုချင်ပါဘူး။ ဒါပေမယ့် တစ်နေ့တာကိုယ့်ရဲ့ အားလပ်ချိန်တွေမှာ ၂နာရီလောက်ဖုန်းသုံးမယ်ဆိုရင် ဖုန်းသုံးမယ့်အချိန်ထဲက ၁နာရီလောက်ကိုဖယ်ပြီး စာအုပ်ဖတ်ဖို့သီးသန့်အချိန်ပေးပါ။

(၄) ဘယ်သွားသွားစာအုပ်လေး ဆောင်သွားပါ
ဖုန်းတွေကတော့ ဘယ်သွားသွား မပါမဖြစ် ယူသွားကြတဲ့အရာတစ်ခုပါ။ ကားစီးနေချိန်ပဲဖြစ်ဖြစ် ကော်ဖီဆိုင်ထိုင်ရင်ပဲဖြစ်ဖြစ် တစ်ခုခုကိုစောင့်ဆိုင်းနေရတဲ့အချိန်တွေမှာ ဖုန်းတွေထုတ်သုံးတတ်ကြပါတယ်။ သင့်အနေနဲ့ဘယ်သွားသွား စာအုပ်လေးဆောင်သွားမယ်ဆိုရင်တော့ ဖုန်းတွေသုံးမယ့်အစား စာအုပ်လေးထုတ်ဖတ်မိမှာပါ။ ကိုယ့်အိတ်ထဲဖတ်နေကျ စာအုပ်လေးဆောင်သွားခြင်းက အပျင်းလဲပြေစေသလို ပိုလည်းစာဖတ်ဖြစ်စေမှာဖြစ်ပါတယ်။

(၅) စာဖတ်ဝါသနာအိုးတွေနဲ့ မိတ်ဆွေဖွဲ့ပါ
ကိုယ့်ရဲ့ ဘော်ဒါအပေါင်းအသင်းထဲမှာဖြစ်ဖြစ် စာကြည့်တိုက်မှာ ခင်လာတဲ့သူဖြစ်ဖြစ် စာဖတ်ရတာ ဝါသနာပါသူတစ်ယောက်ဆိုရင် အဲ့ဒီလိုနဲ့ မဖြစ်မနေ အပေါင်းအသင်းလုပ်ထားပါ။ သူဘယ်လိုစာအုပ်တွေဖတ်ဖြစ်လဲမေးပါ။ ကိုယ်ရောဘာစာအုပ်တွေ ဖတ်နေတယ်ဆိုတာပြန်လည်မျှဝေပါ။ စာအုပ်ကောင်းတွေက မရေတွက်နိုင်လောက်အောင် များပြားတာမလို့ ကိုယ်လို စာဖတ်ဝါသနာပါသူတွေနဲ့ မိတ်ဆွေဖွဲ့ထားတဲ့အခါ အပြန်အလှန် စာအုပ်ကောင်းတွေကို Sharing လုပ်နိုင်မှာဖြစ်ပါတယ်။

Lifestyle_Myanmar
ref-