သူငယ်ချင်းတွေနဲ့ ခရီးအတူသွားတာက ဘာလို့ ပိုပြီးပျော်စရာကောင်းတာလဲ
lifestylemyanmar.com
|
2022-09-03

သင့်သူငယ်ချင်းတွေနဲ့ အတူရှိတာက ဘယ်အရာနဲ့မှ လဲလို့မရနိုင်ပါဘူး။ သူငယ်ချင်းတွေအဖွဲ့လိုက် ခရီးသွားတာက ပျော်စရာကောင်းပြီး အမှတ်ရစရာ အမှတ်တရတွေကျန်ခဲ့တတ်ပါတယ်။ ဒီအရာတွေသာမက ကိုယ့်သူငယ်ချင်းတွေနဲ့ ခရီးအတူသွားတာက သင့်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်တဲ့။ ဒီတော့ သူငယ်ချင်းတွေနဲ့အတူရှိရမယ်။ ခရီးလည်းသွားရမယ်။ ကျန်းမာရေးလည်းကောင်းမယ်။ အမြတ်သုံးခုတောင်ကျန်မှာနော်။

တော်တော်များများကတော့ ခရီးသွားရတာကို နှစ်သက်ကြမှာပါ။ အထူးသဖြင့် လူငယ်တွေဆိုရင် ကိုယ့်သူငယ်ချင်းတွေနဲ့ ခရီးတူတူသွားသင့်ပါတယ်။ တချို့ဆို တစ်နှစ်တစ်ခါတော့ သူငယ်ချင်းတွေစုပြီး ခရီးသွားတတ်ကြပါတယ်။ သူငယ်ချင်းတွေနဲ့ ခရီးမသွားဖူးသေးတဲ့သူတွေရှိရင်လည်း သွားကြည့်ပါ။ အရမ်းပျော်စရာကောင်းပါတယ်။ သူငယ်ချင်းတွေစုပြီးခရီးသွားရင် ဘာကြောင့်ပိုပျော်စရာကောင်းလဲဆိုတာကို သိချင်ရင်တော့ ဆက်ပြီးဖတ်ကြည့်လိုက်နော်။

ပိုရင်းနှီးလာမယ်

သူငယ်ချင်းတွေစုပြီးခရီးသွားတဲ့အခါမှာ နဂိုထက်ပိုပြီးတော့ ရင်းနှီးလာကြမယ်။ တစ်ယောက်အကြောင်းတစ်ယောက်လည်း ပိုသိလာမယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း ပိုသည်းခံပြီး ချစ်တတ်လာပါလိမ့်မယ်။


လွတ်လွတ်လပ်လပ်ရှိမယ်

တခြားသူတွေနဲ့သွားရတာထက်စာရင် သူငယ်ချင်းတွေနဲ့သွားရတာက ပိုပြီး လွတ်လွတ်လပ်လပ်ရှိမယ်။ နေချင်သလိုနေလို့ရမယ်။ လုပ်ချင်တာလုပ်လို့ရမယ်။ ဒီတော့ သွားမယ့်ခရီးက ပိုပြီးပျော်စရာကောင်းသွားတာပေါ့။

ပျော်စရာပိုကောင်းမယ်

ဘာကြောင့်ပိုပျော်စရာကောင်းလဲဆိုရင်တော့ တစ်ခုခုဆို တက်ညီလက်ညီနဲ့လုပ်လို့ရမယ်။ သွားလို့ရမယ်။ သူငယ်ချင်းတွေစုပြီးစကားပြောရတာတောင် ပျော်စရာကောင်းတာ စုပြီးသာခရီးသွားရမယ်ဆိုရင် ဘယ်လောက်တောင် ပျော်စရာကောင်းမလဲ။ နေ့ခင်းဘက်ဆိုလျှောက်သွား၊ ညဘက်ဆိုတူတူအိပ်ပြီး ခွီကြနဲ့ စိတ်ပေါ့ပါးပြီး အရမ်းပျော်စရာကောင်းပါတယ်။


ဓာတ်ပုံရိုက်လို့ကောင်းမယ်

သူငယ်ချင်းတွေဆိုရင် သူများထက်ပိုပြီး စိတ်ရှည်ရှည်နဲ့ ဓာတ်ပုံရိုက်ပေးကြတယ်လေ။ ဒီနေရာလေးလှတယ်ဆိုတာနဲ့ အကုန်တက်ညီလက်ညီနဲ့ တစ်ယောက်တစ်လှည့် ရိုက်ကြတာမလား။ ခရီးသွားပြီဆိုရင် ပုံလှလှလေးရဖို့က အရေးကြီးတယ်လေ။ သူငယ်ချင်းတွေနဲ့သာသွားရင်တော့ ပုံလှလှလေးတွေရမှာ သေချာတယ်။

အမှတ်တရဖြစ်မယ်

ခရီးစဉ်တောက်လျှောက်မှာ ပျော်ခဲ့ရတာတွေဟာ သူငယ်ချင်းတွေနဲ့ အမှတ်တရပါပဲ။ ပျော်စရာကောင်းတဲ့ အမှတ်တရလေးတွေကို ကိုယ်ချစ်တဲ့သူငယ်ချင်းတွေနဲ့ အတူဖန်တီးကြည့်ပါ။ အမှတ်တရဆိုတာမျိုးက ဘယ်တော့မှမမေ့နိုင်တဲ့ လက်ဆောင်တစ်ခုပဲလေ။


Lifestyle_Myanmar

ref-lifehack


#သူငယ်ချင်း
#ခရီးသွား
#လူငယ်
#အမှတ်တရ
#ဓာတ်ပုံ

Some text some message..