လမ်းခွဲပြီးနောက် အသည်းကွဲဒဏ်ရာကို ဘယ်လိုနည်းလမ်းတွေနဲ့ ကျော်လွှားကြမလဲ
lifestylemyanmar.com
|
2022-09-18

ဘယ်သူကရော ချစ်သူနဲ့လမ်းခွဲပြီး အမှောင်ထဲ တိုးသွားချင်ပါ့မလဲ။ ဒါပေမယ့် အသည်းကွဲတယ်ဆိုတာ မိုးရာသီဗိုင်းရပ်စ်လိုပဲ ကိုယ်ခံအားနည်းနေချိန်မှာ ကြုံတတ်ပါတယ်။ ချစ်သူနှစ်ဦးအကြား ကိုယ်ခံအားနည်းသွားလို့လမ်းခွဲရပြီးတဲ့နောက်မှာ ဘယ်လိုဆက်နေရမလဲဆိုတာ အရေးကြီးပါတယ်။

(၁) ဘာကိုမှ အလျင်စလို မလုပ်ပါနဲ့

အသည်းကွဲပြီးနောက် ချက်ချင်းဆုံးဖြတ်ရင် အားလုံး မှားကုန်ပါလိမ့်မယ်။ အသည်းကွဲတယ်ဆိုတာ တစ်ခါတစ်လေ ခြုံခုံတိုက်ခိုက်ခံရသလိုမျိုး အစီအစဉ်မရှိ ပျက်စီးယိုင်လဲတတ်တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။ ဒီလို လဲသွားချိန်မှာ ဖြစ်ပေါ်လာတဲ့ ယာယီစိတ်ကူးပေါက်သလို လျှောက်လုပ်တာ မှားပါတယ်။ အကောင်းဆုံးက မှားနေတဲ့ လမ်းကို ဆက်မသွားဘဲ ခဏလေး စဉ်းစားဖို့အချိန်ယူသင့်ပါတယ်။


(၂) နာကျင်တာ ခံစားလိုက်ပါ

ရှောင်မရတဲ့ ခံစားချက်ကို တည့်တည့်ရင်ဆိုင်ဖို့ကောင်းပါတယ်။ စိတ်အနာကို အသိအမှတ်ပြုတာဟာ မြုံသွားတာထက် ပိုကောင်းပါတယ်။ တကယ်လည်း ဝမ်းနည်းနေတာပဲ။ ဘာကို ဟန်ဆောင်ရမလဲ။ တစ်ခုပဲ ကြေကွဲဖို့အတွက် အချိန်အများကြီး မယူပါနဲ့။


(၃) နောက်တစ်ယောက် ချက်ချင်း မထားနဲ့

One Goes , Two Come ဆိုတာ မှန်ပင်မှန်ငြားပေမယ့် အချိန်ကို စကားပြောခွင့်ပေးလိုက်ပါ။ တစ်ယောက်ပြတ်လို့မှ အသည်းမအေးသေးဘူး နောက်တစ်ယောက်နဲ့ရည်းစားဖြစ်တဲ့သူမှာ ဘာကို အလေးအနက် ရှိတော့မှာလဲ။ နောက်ပြီး ကိုယ့်ကို ယုံပြီး ကိုယ့်အချစ်ကို လက်ခံလိုက်တဲ့ ဒုတိယမြောက်တစ်ယောက်ကိုရော ဘယ်လိုလုပ် လိပ်ပြာလုံတော့မလဲ။ ဒီအပိုင်းမှာ တတ်နိုင်သမျှ အချိန်ယူပါ။


(၄) ဖြစ်သမျှ အခြေအနေကို လက်ခံပါ

အသည်းကွဲတာမှာ နောက်ဆက်တွဲ ဆိုးကျိုးတစ်ခု ရှိပါတယ်။ ကိုယ်ချစ်ခဲ့တဲ့ အဆက်ဟောင်းက နောက်ရည်းစားတစ်ပွေနဲ့ ဆိုရင် ဘာဆက်လုပ်မလဲ။ အကောင်းဆုံးက ဖြစ်သမျှအခြေအနေကို လက်ခံပြီး ကိုယ့်ရဲ့ ကိုယ်နဲ့ စိတ်ကို ပြုပြင်နေသင့်ပါတယ်။

(၅) မိသားစုနဲ့ မိတ်ဆွေတွေကို အချိန်ပေးပါ

ပတ်ဝန်းကျင်သစ်ကို ရှာဖို့လိုသလို ကိုယ့်ပတ်ဝန်းကျင်ဟောင်းကိုလည်း ပစ်ထားလို့မရပါဘူး။ အထူးသဖြင့် အသည်းကွဲချိန်မှာ အထီးကျန်နေတာထက် မိသားစုနဲ့အတူ ၊ မိတ်ဟောင်းဆွေဟောင်းတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ကြီး ဖြတ်သန်းတာဟာ အနာကျက်မြန်ပါတယ်။


(၆) အဆက်အသွယ်ဖြတ်ပါ

အဆက်ဟောင်းဟာ တစ်ချိန်က ကိုယ့်အပေါ် ဘယ်လောက်ကောင်းကောင်း အတိတ်မှာပဲ ကျန်ခဲ့ပြီဆိုတာကို ဒီအချိန်မှာ သေသေချာချာ သိနားလည်လက်ခံထားဖို့ လိုပါတယ်။ အခုအချိန်ဟာ ဘဝသစ်ကို ခြေလှမ်းဖို့အတွက် အချိန်ဖြစ်ပါတယ်။

(၇) အခွင့်အလမ်းအဖြစ် မြင်ပါ

တစ်ခါတစ်လေမှာ စိတ်ဖြေတွေး တွေးဖို့လိုပါတယ်။ အသည်းကွဲတယ်ဆိုတာ အသစ်စဖို့ပိုကောင်းတဲ့ အချိန် ဖြစ်ပါတယ်။ အင်ဂျင်နီယာစကားနဲ့ ပြောရရင် Re-engineering လုပ်တာပါပဲ။ ပုံစံသစ်နဲ့ ဒီဇိုင်းသစ်ဆွဲပြီး အရည်အသွေးပိုကောင်းတဲ့ အချစ်ရေးကို စတင်နိုင်ပါတယ်။

Lifestyle_Myanmar

ref-askmen


#ချစ်သူ
#လမ်းခွဲ
#ရည်းစား
#မိသားစု
#အသည်းကွဲ

Some text some message..