အဝတ်အစားတွေကို ပျက်စီးယိုယွင်းသွားအောင် မသိလိုက်ဘဲ လုပ်နေမိတဲ့ အမှားများ
lifestylemyanmar.com
|
2022-10-11

ကျွန်မတို့တွေဟာ အဝတ်အစားအသစ်တစ်စုံ ဝယ်လိုက်ပြီဆိုတာနဲ့ ဒီအဝတ်အထည်ကို သူ့အသားပေါ်မူတည်ပြီး ဘယ်လိုမျိုး လျှော်ဖွပ်ရမယ်၊ မီးပူတိုက်ရမယ် စတဲ့ ညွှန်ကြားချက်တွေကို သေချာဖတ်ဖြစ်တယ်၊ လိုက်နာဖြစ်ရင်တောင်မှ ကိုယ်ကြိုက်တဲ့အဝတ်အထည်တွေကို မတော်တဆ ပျက်စီးသွားစေနိုင်မယ့် ဖြစ်နိုင်ခြေကတော့ တချိန်ချိန်မှာ ရှိလာနိုင်ပါတယ်။ ကျွန်မတို့ အကျီဝတ်လိုက်တယ်၊ ချွတ်လိုက်တယ် စတာတွေကအစ အဝတ်အစားပေါ်မှာ သက်ရောက်မှုရှိနိုင်ပါတယ်။ ဒါဆိုရင် အဝတ်အစားဝတ်ဆင်တဲ့အခါ၊ သိမ်းဆည်းရာမှာ လူအများစုလုပ်လေ့ရှိတဲ့ အမှားတချို့ကို ကောက်နုတ်ဖော်ပြပေးချင်ပါတယ်။

ကျောပိုးအိတ်လွယ်ခြင်း

ဘယ်လိုအသားနဲ့ပဲလုပ်လုပ် အကျီတွေမှာ ကြာလာရင် အသီးတွေထလာနိုင်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုကတော့ အိတ်တွေ၊ ကျောပိုးအိတ်တွေလွယ်ခြင်း (သို့) အကျီအလွှာများများ ဝတ်ခြင်းတို့ပဲ ဖြစ်ပါတယ်။ အကျီသားတွေက တစ်ခုနဲ့တစ်ခုပွတ်တိုက်ရာကနေ ပျက်စီးလာနိုင်ပါတယ်။

ဒီလိုမျိုး အသီးထတာမျိုး ဖြစ်လေ့ဖြစ်ထရှိတာက သိုးမွှေး၊ ချည်ထည်၊ Polyester နဲ့ Acryl တို့လို အသားတွေမို့ ဒီလိုအသားနဲ့လုပ်ထားတဲ့ အကျီတွေဝတ်တဲ့အခါ ကျောပိုးအိတ်တို့မလွယ်တာကောင်းပါတယ်။


အကျီတွေအပေါ် ရေမွှေးဖြန်းခြင်း

ပုံမှန်အားဖြင့် ရေမွှေးက အကျီတွေကို မစွန်းထင်းနိုင်ပေမယ့် ရေမွှေးတွေထုတ်လုပ်ရာမှာ အသုံးပြုတဲ့ တချို့သော ပါဝင်ပစ္စည်းတွေက အကျီအရောင်ကို မှိန်လာစေနိုင်ပါတယ်။ ဒီလိုမဖြစ်အောင်လို့ ရေမွှေးဖြန်းတဲ့အခါ အသားအရေပေါ်ဖြန်းပြီး ခြောက်သွားတော့မှ အကျီဝတ်ပါ။

အကျီပေါ်မှာ လောလောလတ်လတ် ပေသွားတဲ့ ရေမွှေးအစွန်းအထင်းတွေကို ဖယ်ရှားနိုင်မယ့် နောက်ထပ်နည်းလမ်းတစ်ခုကတော့ အဝတ်အစားတွေကို ပုံမှန်လျှော်ဖွပ်ပေးခြင်းပါပဲ။ အရေးကြီးတာက အစွန်းအထင်းကို ရေအေးနဲ့အရင်ဆေးဖို့ဖြစ်ပါတယ်။ ကြာနေတဲ့အစွန်းအထင်းတွေကို ဖယ်ရှားဖို့ Glycerine နဲ့ ရေကို ဆတူရောစပ်ပြီး အစွန်းပေါ်လိမ်းပေးကာ တစ်နာရီထားပါ၊ ပြီးမှလျှော်လိုက်ပါ။


အရောင်ပဲခွဲပြီး အဝတ်လျှော်ခြင်း

အကျီတွေလျှော်တဲ့အခါ အရောင်နဲ့ပဲခွဲပြီး လျှော်ရမှာမဟုတ်သလို အကျီအထည်ရဲ့ အသားပေါ်မူတည်ပြီး ခွဲခြားလျှော်ဖွပ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ထူတဲ့အထည်တွေက ပါးတဲ့အထည်တွေကို ဆွဲဖြဲလိုက်သလိုဖြစ်စေပြီး ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရာခင်းလီနင်နဲ့ အတွင်းခံတွေကို အတူတူလျှော်သင့်ပြီး တီရှပ်နဲ့ဂျင်းဘောင်းဘီတွေကိုတော့ ဘလောက်စ်အကျီတွေနဲ့ ရှပ်အကျီတို့နဲ့ ရောလျှော်နိုင်ပါတယ်။


ဂျင်းဘောင်းဘီတွေ အလျှော်နည်းခြင်း

အဝတ်အထည်တွေကို လျှော်ဖွပ်နည်းမှားယွင်းသွားရင် ပျက်စီးနိုင်သလို အလျှော်အဖွပ်နည်းလွန်းရင်လည်း မကောင်းပါဘူး။ ဥပမာပြောရရင် ၁၀၀ ရာခိုင်နှုန်း ချည်ဂျင်းသားက ဖိုက်ဘာတွေဟာ အချိန်ကြာလာရင် ပြန့်လာနိုင်လို့ မှန်မှန်လျှော်ဖွပ်ခြင်းက ဒီလိုမဖြစ်အောင် ကာကွယ်နိုင်မှာပါ။

အဝတ်တွေကို ရေအကြာကြီးစိမ်ထားခြင်း

လက်နဲ့မလျှော်ဖွပ်ခင် အဝတ်တွေကို ရေထဲမှာ စိမ်ထားလေ့ရှိကြပါတယ်။ ဒါပေမယ့် လိုတာထက်ပိုပြီးအချိန်ကြာသွားမယ်ဆိုရင် အရောင်ကျသွားနိုင်သလို ပုံလည်းပျက်လာနိုင်ပါတယ်။ ဇာဆိုရင် ၂-၃ မိနစ်လောက်သာ စိမ်သင့်ပြီး ပိုးသားနဲ့သိုးမွှေးသားကတော့ နာရီဝက်ထိ စိမ်ထားနိုင်ပါတယ်။ ချည်နဲ့ တခြားသော သိပ်မနူးညံ့တဲ့အသားတွေကတော့ တစ်နာရီထက် ပိုမစိမ်သင့်ပါဘူး။


လည်ပင်းကနေ တီရှပ်ဆွဲချွတ်ခြင်း

တီရှပ်တွေချွတ်တဲ့အခါ လည်ပင်းကနေ အလွယ်ဆွဲချွတ်လိုက်သူတို့ရဲ့ တီရှပ်အဟောင်းတွေကို ကြည့်မယ်ဆိုရင် လည်ပင်းပေါက်က ကျယ်နေတာကို မြင်တွေ့ရမှာပါ။ ကျယ်သွားပြီဆို ဘာမှလုပ်မရတော့ပေမယ့် အသစ်တွေကိုတော့ ဒီလိုမဖြစ်အောင်လို့ ကာကွယ်လိုက်ပါ။

Lifestyle_Myanmar

ref-brightside


#အဝတ်အစား
#သိုးမွှေး
#တီရှပ်
#ဂျင်းဘောင်းဘီ
#အစွန်းအထင်း

Some text some message..