
တစ်ခါတစ်လေ ၄-၅ ရက်လောက်တောင် ဘာမှမလုပ်ချင်အောင် ပျင်းနေတတ်ပါတယ်။ ပျင်းတာဟာ ယာယီဆိုရင် ဒါဟာဖြစ်တတ်တဲ့ သဘာဝဖြစ်ပြီး နေ့စဉ်ရက်ဆက်ဆိုရင်တော့ အကြောင်းရှာပြီး အဖြေထုတ်ရမယ့် ကိစ္စဖြစ်ပါတယ်။ ပျင်းရတဲ့ အကြောင်းရင်းတွေ အများကြီး ရှိပြီး အခုပြောမယ့်အချက်တွေကတော့ အများဆုံး ကြုံရတဲ့ ပျင်းရခြင်းအကြောင်းတွေ ဖြစ်မှာပါ။
(၁) ရည်မှန်းချက်မရှိခြင်း
ဘယ်ကိုသွားမလဲ ကိုယ့်ဘာသာ မသေချာတာဟာ ပျင်းတဲ့စိတ်ကို ပိုပြီး အားပေးရာရောက်ပါတယ်။ ပန်းတိုင်ရှိရဲ့သားနဲ့ ပျင်းနေတယ်ဆိုရင် ကိုယ့်ပန်းတိုင်ဟာ ဘယ်လောက်အမြင့်မှာ ရှိနေသလဲဆိုတာကို ပြန်ပြီး ကြည့်သင့်ပါတယ်။ အမြင့်ကြီးကို သွားမယ့်သူဟာ နေ့စဉ်ဘဝမှာ သေးငယ်တဲ့ ပန်းတိုင်လေးတွေ ချမှတ်ပြီးဖြစ်အောင် အကောင်အထည်ဖော်နေရမှာပါ။ ဒါမှသာ ကိုယ့်ပန်းတိုင်ပေါ်မှာ စိတ်ဝင်စားမှုရှိနေပြီး စိတ်အားထက်သန်နေမှာ ဖြစ်ပါတယ်။

(၂) အထိန်းအကွပ်မရှိခြင်း
ကိုယ်တိုင်ချမှတ်ထားတဲ့ စည်းကမ်းကောင်းလေးတွေဟာ ကိုယ့်ဘဝကို ပိုပြီး နေပျော်စေသလို အမှားလည်း နည်းတာကြောင့် နောင်တစ်ချိန် ပြန်စဉ်းစားလည်း စိတ်ညစ်စရာရှိမှာ မဟုတ်ပါဘူး။ စည်းကမ်းတစ်ခု ထားပြီး နေထိုင်သင့်ပေမယ့် စက်ရုပ်တစ်ရုပ်လို အချိန်နဲ့ ဇယားနဲ့ ဒါကြီးတွေပဲ ထပ်တလဲလဲ လုပ်နေရပြီဆိုရင်တော့ ငြီးငွေ့လာတတ်ပါတယ်။
(၃) ကိုယ့်ရဲ့ အောင်မြင်မှုကို အသိအမှတ်မပြုခြင်း
သေးသေးလေးဖြစ်စေ အောင်ပွဲခံတတ်တဲ့ အကျင့်လိုပါတယ်။ အောင်ပွဲခံတယ်ဆိုတာ အရက်သွားသောက်တာမျိုးကို ပြောတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ထူးကဲတဲ့ လုပ်ဆောင်ချက်တစ်ခုကို အလေးအနက် ထားပေးလိုက်တာ ဖြစ်ပါတယ်။ ဘဝရဲ့ မှတ်တိုင်တစ်ခုမှာ ကိုယ်ဖြတ်သန်းခဲ့တာတွေကို အသိအမှတ်ပြုခြင်းအားဖြင့် နောက်လာမယ့် စိန်ခေါ်ချက်တွေကို ရင်ဆိုင်ဖို့နဲ့ လက်ရှိအခြေအနေမှာ ပျော်ဖို့ စိတ်အားလည်း တက်လာတတ်ပါတယ်။

(၄) အပြောင်းအလဲ မရှိခြင်း
အပြောင်းအလဲတွေဟာ လူရဲ့ အာရုံကိုပါ အသစ်ဖြစ်စေပါတယ်။ အပြောင်းအလဲ မရှိဘဲ ဖြတ်သန်းရတဲ့ အချိန်တွေဟာ တကယ်ကို ပျင်းစရာကောင်းမှာပါ။ ဝါသနာတစ်ခုခုကို အကောင်အထည်ဖော်နေတာ ၊ မဖတ်ဖူးတဲ့ စာတစ်အုပ်ကို စပြီး ဖတ်တာ အနည်းဆုံး မရောက်ဖူးတဲ့ နေရာတစ်ခုခုကို သွားတာမျိုးဟာ ကိုယ့်ရဲ့ ပျင်းနေတဲ့ စိတ်ကို သက်သာစေမှာ ဖြစ်ပါတယ်။
(၅) ကိုယ်မကြိုက်တဲ့ အလုပ်လုပ်နေရခြင်း
အသက်မွေးဝမ်းကျောင်းအရဖြစ်စေ အလုပ်လုပ်ကိုင်ရာမှာ ကိုယ်လုံးဝ သဘောမကျတဲ့ အလုပ်တစ်ခုခုထဲ ဝင်လုပ်နေရပြီဆိုရင် ဘယ်လိုမှ ပျော်လာမှာ မဟုတ်ပါဘူး။ မပျော်တဲ့ အလုပ်မှာ နိစ္စဓူဝလုပ်ရင်း လူဟာ တစ်နေ့ထက် တစ်နေ့ ဘဝကို အကြီးအကျယ် ငြီးငွေ့လာတတ်ပါတယ်။ ဒါဟာ ဘဝရဲ့ တိုးတက်မှုတွေကိုပါ ပိတ်ပင်ရာရောက်လို့ ကိုယ်လုပ်ချင်တဲ့ အလုပ်ကို လုပ်ဖို့အတွက် ဝမ်းစာဖြည့်ထားတာ ၊ အလုပ်လမ်းကြောင်းပြောင်းတာတွေ လုပ်သင့်ပါတယ်။

Lifestyle_Myanmar
ref-dumblittleman