ကိုယ်လုပ်နိုင်တာထက် ပိုပြီး မနိုင်ဝန်ထမ်းနေရပြီဆိုတာ ပြသနေတဲ့ လက္ခဏာများ
lifestylemyanmar.com
|
2022-10-22

ဘာအလုပ်တွေမှ မစသေးခင် လုပ်ရမယ့်အရာတွေကို စာရင်းဇယားလုပ်ထားကာ တစ်ခုပြီးတစ်ခု အပြတ်ဖြတ်နေပေမယ့်လည်း တစ်နေ့တာ ကုန်သွားပြီးချိန်မှာတော့ ဘာမှဖြစ်ဖြစ်မြောက်မြောက် လုပ်မိလိုက်တာမျိုး မရှိဘူးလို့ သင်ခံစားရဖူးပါသလား။ ဒီလိုဖြစ်ရတာဟာ သင်တကယ်လုပ်ရမယ့် အရေးကြီးအလုပ်တွေထက် မနိုင်ဝန်တွေကိုပါ လိုတာထက်ပိုပြီး လုပ်နေမိလို့ပဲဖြစ်ပါတယ်။ ဒီဆောင်းပါးထဲမှာ ကိုယ်လုပ်နိုင်တာထက် ပိုပြီး မနိုင်ဝန်ထမ်းနေသူတစ်ယောက်မှာ မြင်တွေ့ရနိုင်မယ့်၊ ခံစားရမယ့် လက္ခဏာတွေအကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

အဆုံးထိဖတ်ကြည့်ပြီးနောက် ကိုယ့်ကိုယ်ကိုယ်လည်း ဒီလိုမျိုးဖြစ်နေပါလား သတိထားမိမယ်ဆိုပါက အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ဖို့ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ ရေရှည်မှာ ကိုယ့်အတွက် စိတ်ရောကိုယ်ပါ ကောင်းကျိုးဖြစ်စေမှာမဟုတ်လို့ပါ။

၁။ ဘယ်ကနေ စရမှန်းမသိဘဲ ရှုပ်ထွေးနေခြင်း

ကိုယ်လုပ်ရမှာတွေက တအားများနေတယ်ဆိုရင် အာရုံတွေထွေပြားလာကာ ဘယ်ကနေဘယ်လို စလုပ်လို့လုပ်ရမှန်းမသိတော့ဘဲ ဖြစ်တတ်ပါတယ်။ ဥပမာပြောရရင် အီးမေးလ် ဖွင့်လိုက်ချိန်မှာ ပြန်မဖြေရသေးတဲ့ အီးမေးလ်ပေါင်း အခု (၅၀) လောက်ကို ရုတ်တရက်တွေ့လိုက်ရပါတယ်။ အဲ့အချိန်မှာပဲ ကိုယ့်အထက်လူကြီးကလည်း Client နဲ့ မီတင်ရှိလို့ သူနဲ့လိုက်ဖို့ လှမ်းခေါ်ပေမယ့် ကိုယ်ကလည်း လုပ်ဖော်ကိုင်ဖက်တွေနဲ့ training session အတွက် ချိန်းပြီးသားဖြစ်နေလို့ မသွားလို့ကလည်း မဖြစ်ပါဘူး။ ဒီလို အခြေအနေမျိုးက လူတစ်ယောက်ကို ဘေးကျပ်နံကျပ်ဖြစ်စေပြီး ခေါင်းရှုပ်ရှုပ်နဲ့ပဲ အလုပ်လုပ်မယ်ဆိုရင် အမှားတစ်ခုမဟုတ် တစ်ခုကတော့ လုပ်မိတတ်ပါတယ်။


၂။ အချိန်ဆွဲခြင်း

အလုပ်တစ်ခုခုစလုပ်ဖို့ဖြစ်ဖြစ် ဆုံးဖြတ်ချက်ချဖို့ပဲဖြစ်ဖြစ် ခေါင်းရှောင်နေခြင်း သို့မဟုတ် ဟိုရွှေ့ဒီရွှေ့ ရွှေ့ပြီး အချိန်ဆွဲနေတာကို ပြောချင်တာဖြစ်ပါတယ်။ လုပ်ရမှာတွေက တောင်လိုပုံနေပေမယ့်လည်း ပစ်ထားပြီးတော့ အနားနီးမှ ကပ်ပြီးလုပ်တာမျိုး အခြေအနေတွေလည်းရှိပါတယ်။ တချို့လူတွေက ဆင်ခြေမျိုးစုံပေးမယ်၊ တချို့ကျတော့လည်း ဆိုရှယ်မီဒီယာက သတင်းတွေကြောင့်ဆိုပြီး လွှဲချတတ်ကြပါလိမ့်မယ်။ ဒါတွေအားလုံးဟာ သင်လုပ်နိုင်တာထက် လုပ်ရမှာတွေများလွန်းလို့ ဘယ်ကနေဘယ်လိုစလုပ်ရမလဲဆိုတာကို မဆုံးဖြတ်နိုင်ဖြစ်နေတာပါ။


၃။ ပိတ်ရက်မှာလည်း အလုပ်လုပ်နေရခြင်း

အားလုံးက အေးဆေးပါပဲ ဆိုရင် ဘာလို့ ပိတ်ရက်တွေမှာလည်း နားနားနေနေ မနေရဘဲနဲ့ မပြီးပြတ်သေးတဲ့အလုပ်တွေ လုပ်နေရတာလဲ၊ တွေးပြီးပူပန်နေရတာလဲ။ တစ်ခါတစ်လေလောက်ပဲ ပိတ်ရက်မှာ အလုပ်လုပ်ရတာက ကိစ္စမရှိပေမယ့်လည်း သူများတွေလို မနားနိုင်ဘဲ အပတ်တိုင်းလိုလို အလုပ်လုပ်နေရခြင်းကလည်း မနိုင်ဝန်ထမ်းနေရတဲ့ လက္ခဏာတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ မိသားစုနဲ့အတူ အချိန်ကုန်ဆုံးဖို့ ဒါမှမဟုတ် ကိုယ့်အတွက် အပြည့်အဝ အနားယူဖို့အချိန်ဖြစ်တဲ့ ပိတ်ရက်က ကြားရက်နဲ့ ဘာမှမထူးဘူးဆိုရင်တော့ သေချာပါတယ် ဒါဟာ ဝန်တအားများနေပါပြီ။


၄။ အိပ်ရေးပျက်ခြင်း

မပြီးပြတ်သေးတဲ့ အလုပ်တွေရှိနေမယ်ဆိုရင် ငါအလုပ်မပြီးသေးဘူး ပြီးအောင်လုပ်ရမယ် ဆိုတဲ့စိတ်နဲ့ တွေးပူနေတာကြောင့် အနားယူဖို့လည်းအချိန်မပေးနိုင်သလို ညဖက်တွေဆိုလည်း ညဥ့်သန်းခေါင်ယံအထိ အလုပ်ထိုင်လုပ်နေရတတ်ပါတယ်။ အခုလိုမျိုး နေ့မအား ညမနား အလုပ်ပဲဆက်တိုက်လုပ်နေရခြင်းက မနိုင်ဝန်ထမ်းနေရခြင်းပါပဲ။ လူတစ်ယောက်က တစ်နေ့မှာ အနည်းဆုံး (၇) နာရီလောက် အိပ်စက်ဖို့လိုအပ်လို့ ရက်ဆက်တိုက် အိပ်ရေးမဝတာမျိုးတွေ များလာမယ်ဆိုရင် ကိုယ်ရောစိတ်ပါ လန်းဆန်းနိုင်တော့မှာမဟုတ်ပါဘူး။


၅။ မလုပ်သင့်တဲ့ အမှားလေးတွေပါ လုပ်မိခြင်း

ကိုယ်လုပ်နိုင်တာထက်ပိုပြီး အလုပ်တွေအများကြီး လုပ်နေရပြီဆိုရင် အသေးအဖွဲလေးတွေကအစ ဂရုစိုက်ပြီးမလုပ်နိုင်တော့တာမို့ တစ်ခါမှမလုပ်ဖူးတဲ့ အမှားတွေပါ မကြာခဏ လုပ်မိတာမျိုး ကြုံတွေ့ရနိုင်ပါတယ်။ ဥပမာပြောရရင် အရင်တုန်းက ဘယ်အလုပ်ဖြစ်ဖြစ် deadlines မှီအောင်လုပ်နိုင်ခဲ့ပေမယ့် အခုဆို လုပ်ရမှာတွေများလွန်းလို့ အချိန်မှီပြီးအောင် မလုပ်နိုင်တော့တာမျိုးတွေဖြစ်ပါတယ်။


Lifestyle_Myanmar

ref-lifehack


#လက္ခဏာ
#ပိတ်ရက်
#မိသားစု
#ယောက်မ
#ဝန်ထမ်း

Some text some message..