
ကိုယ့်အတွက် ထူးခြားတဲ့ တစ်ယောက်သောသူကို ရှာတွေ့ဖို့ဆိုတာ တော်တော်လေးကို မလွယ်တဲ့အရာတစ်ခုပါ။ ဒါပေမယ့် ပြဿနာဟောင်းတွေအပြင် စိတ်ပျက်စရာကောင်းတဲ့ ဆက်ဆံရေးစိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ရတဲ့ ယနေ့ခေတ် ချစ်သူတွေအတွက်ကတော့ Relationship တစ်ခုမှာ ပိုတောင်စိတ်ဖိစီးစရာပါပဲ။ အင်တာနက်နှင့် ဆိုရှယ်မီဒီယာခေတ်တွင် နေထိုင်ခြင်း ၊ ချိန်းတွေ့ခြင်း၊ ရွေးချယ်မှုများနှင့် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်မှု များလွန်းခြင်းတွေကလည်း ပိုမိုရှုပ်ထွေးစေပါတယ်။
အတူရှိချိန်များလွန်းခြင်း
သူနဲ့အတူတူ အမြဲတမ်းအတူရှိနေပေးတာနဲ့ပဲ ကိုယ့်ရဲ့ဘဝမှာ သူကသာ အရေးကြီးဆုံး လူသားတစ်ယောက်ဖြစ်တယ်လို့ သတ်မှတ်ထားပြီး တခြားအရာတွေကို အကုန်မေ့ထားတယ်ဆိုတာနဲ့က လုံးလုံးမတူညီပါဘူး။ ဒါပေမယ့် အဆက်မပြတ် မက်ဆေ့ချ်ပို့ခြင်းနှင့် ဖုန်းခေါ်ခြင်းတွေက Relationship တစ်ခုမှာ အချိန်ကြာလာတဲ့အခါ အစွန်းအထင်းဖြစ်လာစေနိုင်ပါတယ်။ ကိုယ့်ရဲ့လက်တွဲဖော်ကို အကြောင်းပြချက်မရှိဘဲ စိတ်တိုဒေါသထွက်ပြီး ငြီးငွေ့လာပြီလို့ ခံစားလာရပြီဆိုရင် တစ်ဦးနဲ့တစ်ဦး ခဏလောက် ကင်းကွာနေကြပြီး ကိုယ်ပိုင်အချိန်လေးတွေ ထားရှိသင့်ပါပြီ။

နားလည်မှုလွဲဲဲဲဲစေမယ့် စာသားတွေရေးပြီး SMS ပို့ခြင်း
နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ အခုခေတ်မှာဆိုရင် တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်လိုတဲ့အခါ ဖုန်းတွေနဲ့ လွယ်လင့်တကူ စာတို SMS တွေ ပေးပို့လာကြပါတယ်။ ဒီလိုအချိန်မှာ တစ်ဖက်သားက ပေးပို့လာတဲ့ Emoji သို့မဟုတ် စကားလုံးတစ်လုံးအဖြေတို့ကို ကြည့်ရင်းနဲ့ သူဘာကိုဆိုလိုချင်တာလဲ ဘာပြောချင်တာလဲဆိုပြီး ထိုင်တွေးလေ့ရှိကြပါတယ်။
တစ်ခါတလေ အဓိပ္ပာယ်ဖွင့်မှားသွားမယ်ဆိုရင် နှစ်ဦးကြားမှာ နားလည်မှုလွဲပြီး မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်ပေါ်တတ်ပါတယ်။ ဒါကြောင့် လေးနက်ပြီး အရေးကြီးတဲ့စကားတွေ ပြောစရာရှိတဲ့အခါမျိုးမှာ SMS ပို့တာမျိုးမလုပ်ဘဲ ဖုန်းဆက်ပြီးဖြစ်ဖြစ် ဒါမှမဟုတ် မျက်နှာချင်းဆိုင် စကားပြောတာမျိုးဖြစ်ဖြစ် လုပ်သင့်ပါတယ်။

Social Media တွေရဲ့ လွှမ်းမိုးမှုခံရခြင်း
Social Media အသုံးပြုကြသူတိုင်း ကိုယ့်ရဲ့ Feed မှာ ပုံတင်ကြတဲ့အခါ ဘယ်သူမှတော့ အိုးမှောက်သွန်မှောက်ပြီး ကိုယ့်မကောင်းကြောင်းတွေကို တင်ချင်ကြမှာမဟုတ်ပါဘူး။ အချစ်ရေးနဲ့ပတ်သက်လာရင်လည်း ဒီလိုပါပဲ။ အများစုက အဆင်မပြေတာတွေကို ကွယ်၀ှက်ပြီး ပျော်စရာတွေကိုသာ မျှဝေလေ့ရှိကြပါတယ်။
သူများတကာတွေရဲ့ ဒီလိုတင်တာတွေကိုကြည့်ပြီး ကိုယ့်ရဲ့အခြေအနေနဲ့ ထပ်တူမကျတဲ့အခါမျိုးတွေမှာ ကိုယ့်ရဲ့လက်တွဲဖော်အပေါ်မှာ တမျိုးတဖုံမြင်ပြီး စိတ်အလိုမကျတော့ဘူးဆို ပြဿနာတွေရှာမိလာနိုင်ပါတယ်။ သင်သိထားရမှာက Relationship တိုင်းမှာ သူ့ထူးခြားချက်၊ အားသာချက်ဆိုတာ ရှိကြပါတယ်။
Relationship တစ်ခုနဲ့တစ်ခု မတူကြလို့ သူများတွေကိုလိုက်ကြည့်ပြီး နှိုင်းယှဥ်နေမယ့်အစား ကိုယ်တွေနှစ်ဦးသားကြားမှာ နားလည်မှုနဲ့ ညှိနှိုင်းမှုရှိဖို့က အဓိကပါပဲ။

လက်တွဲဖော်ရဲ့ဘ၀ကို စွက်ဖက်ခြယ်လှယ်ခြင်း
Relationship နဲ့ပတ်သက်လာရင် ထိခိုက်မှာ နာကျင်ခံစားရမှာကို လူတိုင်း စိုးရိမ်ကြောက်ရွံ့ကြပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့စိတ်ရင်းအမှန် ခံစားချက်အမှန်တွေကို ထုတ်ဖော်ပြောဆိုရမယ့်အစား အလိုက်သင့်ဆက်ဆံ တုံ့ပြန်တာမျိုးတွေ များလာတဲ့အခါ ဒါမှမဟုတ် အနောက်ကနေ တကောက်ကောက်လိုက်ပြီး မေးမြန်းစုံစမ်းတာမျိုးတွေ လုပ်လာတာမျိုးတွေ များလာတဲ့အခါ တစ်ဖက်လူအနေနဲ့ ချုပ်ချယ်ပြီးခြယ်လှယ်တယ်လို့ ခံစားမိလာရပါတယ်။ ဒါကနေတဆင့် စိတ်ညိုညင်လာနိုင်ပါတယ်။ ဒါကြောင့် စိတ်ရင်းအတိုင်းဖော်ပြပြီး တစ်ဦးနဲ့တစ်ဦး ရိုးသားပွင့်လင်းခြင်းက အချစ်ရေးကိုသာယာစေမှာပါ။

ရည်းစားဟောင်းအကြောင်း အမြဲပြန်ပြောခြင်း
စုံတွဲတွေကြား စကားစမြည်ပြောကြတဲ့အခါ ရန်ဖြစ်ကြတဲ့အခါ အရင်ကအကြောင်းတွေကို တစ်ခါတစ်လေ ထည့်သွင်းပြီး ပြန်ပြန်ပြောကြလေ့ရှိပါတယ်။ ကိုယ့်ချစ်သူရဲ့ ရည်းစားဟောင်းတွေ အကြောင်းကိုတော့ ဘယ်သူမှ ကြားချင်ကြမှာမဟုတ်ပါဘူး။
ဒီလိုပြန်ပြောကြတဲ့အခါ ရည်းစားဟောင်းအကြောင်းက တစ်ခါတစ်လေဆို ကိစ္စမရှိပေမယ့် ခဏခဏဖြစ်လာမယ်ဆိုရင်တော့ တချို့အတွက် စိတ်အနှောင့်အယှက်ဖြစ်စေနိုင်သလို တချို့ကျတော့လည်း ရည်းစားဟောင်းကို ပြန်တွေးမိပြီး စိတ်ပြန်လည်သွားစေနိုင်လို့ စကားပြောတဲ့အခါ အင်မတန်သတိထားပါ။

Lifestyle_Myanmar
ref-brightside