
ငယ်စဉ်အရွယ်ကျောင်းသားဘဝမှာ သင်ကြားခဲ့ရတဲ့ ယုန်နဲ့လိပ်ပုံပြင်မှာ အပြေးမြန်တဲ့ယုန်က နှေးကွေးတဲ့လိပ်ကို ရှုံးနိမ့်သွားခဲ့တာ အားလုံးအသိပါပဲ။ ဒီယုန်နဲ့လိပ် ပုံပြင်ကနေ ဘာသင်ခန်းစာတွေရလဲဆိုတော့ ကိုယ့်ရဲ့ပြိုင်ဘက်ကို လျော့မတွက်ဖို့နဲ့၊ ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို အရောက်သွားချင်တယ်ဆိုရင် မလျော့သောဇွဲနဲ့ ကြိုးစားဖို့ပါပဲ။
နေ့စဉ်နေ့တိုင်းမှာ အချိန်ဇယားဆွဲထားပါ
မနက်ဖြန်မှာ လုပ်ရမယ့်အကြောင်းအရာတွေကို ဒီနေ့ညကတည်းက အစီအစဉ်ဆွဲထားလိုက်ပါ။ မနက်မှ အစီအစဉ်ဆွဲမယ်ဆိုရင် အိပ်ရာထနောက်ကျတဲ့နေ့မျိုးဆို အချိန်ဇယားဆွဲဖြစ်မှာမဟုတ်ပါဘူး။ နောက်ထပ်အရေးကြီးတဲ့တစ်ချက် အချိန်ဇယားကို အညီအမျှပိုင်းခြားတတ်ဖို့ပါပဲ။ တစ်ရက်တည်းမှာပဲ ရှိသမျှကိစ္စတွေအကုန်လုံးကို ကိုယ့်ကိုယ်ကို စုပုံမလုပ်ခိုင်းမိဖို့ပါပဲ။

မတည်နိုင်တဲ့ကတိ မပေးပါနဲ့
တစ်စုံတစ်ယောက်က ကိုယ့်ကို အကူအညီတောင်းတဲ့အခါမှာလည်း အားနာပြီးတော့ ကိုယ်မတတ်ကျွမ်းနားမလည်တဲ့အရာ၊ ကိုယ်မလုပ်နိုင်တဲ့အရာကို လုပ်ပေးမယ်ဆိုပြီး ကတိမပေးပါနဲ့။ မင်းမှာသစ္စာ၊ လူမှာကတိဆိုတဲ့အတိုင်း ကတိတည်တတ်တဲ့သူ တစ်ယောက်ဖြစ်အောင် ကြိုးစားပါ။

အလုပ်တစ်ခုပြီးမြောက်သွားတဲ့အခါ ကိုယ့်ကိုယ်ကို ဂုဏ်ပြုဖို့မမေ့ပါနဲ့
ပထမဦးဆုံးအချက်မှာတုန်းက တစ်နေ့တာအတွက် အစီအစဉ်ရေးဆွဲထားပါလို့ ပြောခဲ့ပါတယ်။ အဲ့ဒီအစီအစဉ်တွေ အားလုံးပြီးမြောက်သွားတဲ့ရက်တစ်ရက်ကို ပိုင်ဆိုင်ထားပါသလား။ ကိုယ့်ကိုယ်ကို ဆုချဖို့မမေ့ပါနဲ့။ ဥပမာ အလုပ်တွေအကုန်လုံးကို ၅ နာရီမှာ ပြီးအောင်လုပ်မယ်ဆိုပြီး စိတ်ကူးထားလို့ အမှန်တကယ်ပြီးမြောက်သွားတယ်၊ တနင်္လာနေ့ကနေ သောကြာနေ့အထိ ကိုယ့်အစီအစဉ်က အောင်မြင်တယ်ဆိုရင် ပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်တာတို့ ပြုလုပ်ပေးလိုက်ပါ။ ဒီလို ပြုလုပ်ခြင်းက ဘဝရဲ့အနှစ်သာရက ဘာလဲဆိုတာ ကောင်းစွာနားလည်ခံစားတတ်အောင် သင်ကြားပေးပါလိမ့်မယ်။

အမှားပြုလုပ်မိပေမယ့်လည်း နောက်မဆုတ်သွားဘဲ ဆက်ကြိုးစားပါ
လုံ့လ၊ ဝီရိယရှိရမယ်ဆိုတာ အဘက်ဘက်က ပြီးပြည့်စုံနေရမယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ တစ်စုံတစ်ခု ချွတ်ချော်သွားတဲ့အခါ လဲကျနေရာကနေ ပြန်ထလာဖို့လိုပါတယ်။ လဲကျလက်စနဲ့ မထူးပါဘူး။ ယုန်သူငယ်လိုပဲ အိပ်လိုက်တော့မယ်လို့ မတွေးလိုက်ပါနဲ့။ ကိုယ့်ကိုယ်ကို အပြစ်ပုံမချပါနဲ့။ အမှားကနေ သင်ခန်းစာယူရင်း ကိုယ်ရှေ့ဆက်လျှောက်ရမယ့်လမ်းခရီးအတိုင်း ဖြည်းဖြည်းမှန်မှန်သာလျှောက်လှမ်းလိုက်ပါ။

Lifestyle_Myanmar
ref-developgoodhabits