တစ်နှစ်တစ်ခါကြုံရတဲ့ မွေးနေ့ရက်လေးမှာ အမှတ်တရဖြစ်အောင် လုပ်ကြည့်သင့်တဲ့ အရာလေးတွေ
lifestylemyanmar.com
|
2022-11-30

လူ့လောကကြီးထဲကို ပထမဆုံးစတင်ပြီးတော့ ဝင်ရောက်လာတဲ့နေ့ကို မွေးနေ့လို့သတ်မှတ်ပြီး တစ်နှစ်တစ်ခါ မွေးနေ့လေးတွေကိုဆင်နွှဲကြတာပေါ့။ တစ်နှစ်ထက်တစ်နှစ် အသက်ကြီးလာတယ်ဆိုပေမယ့်လည်း တစ်နှစ်မှာတစ်ခါပဲ ဖြတ်သန်းရတဲ့ မွေးနေ့ပွဲလေးက ပျော်စရာကောင်းပြီး အမှတ်တရတွေနဲ့ ပြည့်နှက်နေဖို့ကလည်း လိုအပ်သေးတယ်ဆိုတာကိုတော့ မေ့ထားလို့တော့ မဖြစ်သေးပါဘူး။ ဒီလိုဆိုတော့ ပျော်စရာကောင်းပြီး အမှတ်တရဖြစ်စေမယ့် မွေးနေ့ရက်လေးဖြစ်အောင် ဘာတွေလုပ်ရမယ် ဆိုတာကိုတော့ မသိကြသေးတဲ့သူတွေက များပါတယ်။

သူငယ်ချင်းတွေနဲ့တွေ့ဆုံပါ

ကိုယ်ချစ်ရတဲ့သူငယ်ချင်းတွေနဲ့ မွေးနေ့ရက်လေးမှာတွေ့ဖို့ဆိုတာ တကယ်ကိုလိုအပ်တယ်လို့ ပြောလို့ရပါတယ်။ တကယ်လို့ မွေးနေ့ရက်က ပိတ်ရက်မဟုတ်နေဘူးဆိုရင်လည်း ပိတ်ရက်မှာ သူငယ်ချင်းတွေကိုစုပြီး မွေးနေ့ပွဲလေးလုပ်မယ်ဆိုရင် မတွေ့ဖြစ်တာကြာတဲ့ သူငယ်ချင်းတွေနဲ့လည်း တွေ့ဖြစ်ပြီး တကယ်ကိုပျော်စရာကောင်းမှာပဲဖြစ်ပါတယ်။


မိသားစုကိုလည်းအချိန်ပေးသင့်ပါတယ်

တချို့လူငယ်တွေက မွေးနေ့ရက်တွေမှာ သူငယ်ချင်းတွေကိုပဲ အချိန်ပေးပြီး ပျော်ပါးနေတတ်ပြီး အိမ်ကမိသားစုကိုတော့ မေ့နေတတ်ပါတယ်။ ဒါကမှားတယ်လို့ ဆိုလို့လည်းမရပေမယ့် နည်းနည်းတော့လွဲနေတယ်လို့ပဲ ပြောချင်ပါတယ်။ မွေးနေမှာ ကိုယ့်ကိုမွေးပေးတဲ့ မိဘတွေနဲ့လည်း အချိန်ပေးသင့်တာကတော့ အမှန်ပါနော်။ သူငယ်ချင်းတွေနဲ့ ညနေဘက်မှ ချိန်းထားတယ်ဆိုရင် အိမ်ကမိသားစုတွေနဲ့ မနက်ပိုင်းတွေမှာအပြင်မှာ မုန့်ထွက်စားတာတို့၊ ဘုရားသွားတာမျိုးလုပ်ပြီး ပျော်စရာအချိန်လေးတွေကို အမှတ်တရအဖြစ်ကျန်နေပါစေ။

မလုပ်ဖူးတာတစ်ခုခုကိုလုပ်ကြည့်ပါ

သူငယ်ချင်းတွေနဲ့တွေ့ဆုံတဲ့အခါမှာ မလုပ်ဖူးသေးတဲ့အရာတစ်ခုကို ပျော်စရာပိုကောင်းပြီး အမှတ်တရလေးဖြစ်သွားအောင် လုပ်ကြည့်လို့ရပါသေးတယ်။ ဥပမာ ရေမကူးတတ်ပဲ ရေကူးကန်ထဲသွားတာမျိုး၊ ကစားကွင်းတွေထဲမှာ သွားပြီးတော့ကစားတာမျိုး၊ ကလပ်တစ်ခါမှ မသွားဖူးသေးဘူးဆိုရင်လည်း ကလပ်သွားကြည့်တာမျိုးတွေက အမှတ်ရစရာတစ်ခုအဖြစ် ကျန်နေခဲ့မှာပဲဖြစ်ပါတယ်။


စိတ်ချမ်းသာစရာကောင်းအောင်နေပါ

တစ်နှစ်မှတစ်ခါပဲ ဖြတ်သန်းရတဲ့ မွေးနေလေးမှာ အပျော်ရွှင်ဆုံးဖြစ်အောင် နေထိုင်လိုက်ပါ။ တစ်နေ့လုံးကို အားနေအောင်လုပ်ထားမယ်ဆိုရင်တော့ အကောင်းဆုံးပဲပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ မွေးနေ့လိုနေ့မျိုးမှာ အလုပ်ကိစ္စတွေနဲ့ပဲအချိန်ကုန်ပြီး ကိုယ့်အတွက်အမှတ်တရတွေ၊ ပျော်ရွှင်စရာတွေလည်းကျန်မနေခဲ့ဘူးဆိုရင်တော့ ဘယ်ကောင်းမလဲ။ ဒါကြောင့် တစ်ရက်လောက်တော့အနားယူပြီး ပျော်စရာကောင်းတဲ့အချိန်လေးဖြစ်အောင် နေလိုက်ပါနော်။

အမှတ်တရဖြစ်အောင်ဓာတ်ပုံလေးတွေရိုက်ပါ

ကိုယ့်ရဲ့အသက်တစ်နှစ်ကြီးသွားတဲ့ မွေးနေ့ရက်လေးမှာ အမှတ်တရဖြစ်နေအောင် ဓာတ်ပုံလေးကတော့ ရိုက်ကိုရိုက်ထားသင့်ပါတယ်။ ကိုယ့်ရဲ့ Social Media Account တွေပေါ်မှာလည်း တင်ထားတော့ အမှတ်တရဖြစ်စေတာပေါ့။


လှလှလေးဖြစ်အောင်ဝတ်ဆင်ပါ

မွေးနေ့လိုရက်မျိုးကို သာမန်နေ့တွေလိုမျိုးပဲ ဖြတ်သန်းလို့တော့ဘယ်ဖြစ်မလဲ။ ဒီလိုနေ့မျိုးမှာ ကိုယ်ကအလှဆုံးဖြစ်နေဖို့လည်း လိုတာပေါ့။ ဖြစ်နိုင်ရင် အဝတ်အစားအသစ်လေးတွေဝတ်ပြီး အလှဆုံးဖြစ်အောင် ပြင်ဆင်ပြီးနေတာက ပိုပြီးတော့သင့်တော်တယ်လို့ ပြောချင်ပါတယ်။

ဒါတွေကတော့ လူတစ်ယောက် တစ်နှစ်တစ်ခါကြုံရတဲ့ မွေးနေ့ရက်လေးမှာ ပျော်စရာကောင်းပြီး အမှတ်တရလေးဖြစ်နေအောင် လုပ်ကြည့်သင့်တဲ့ အရာလေးတွေပဲဖြစ်ပါတယ်။

Lifestyle_Myanmar

ref-lifehack


#သူငယ်ချင်း
#မိသားစု
#မွေးနေ့
#အမှတ်တရ
#အချိန်

Some text some message..