
ဝန်ထမ်းတိုင်းလိုလို အလုပ်ခွင်ရဲ့ ဖိအားတွေ ၊ ပင်ပန်းမှုတွေဆိုတာ ကြုံကြရစမြဲပါပဲ။ အများစုကတော့ အလုပ်က ပင်ပင်ပန်းပန်း ပြန်ရောက်တဲ့အခါ ညစာစားပြီး ခဏတဖြုတ်အနားယူကာ အိပ်လိုက်ကြတာများပါတယ်။ တခြားသောအလုပ်ခွင်ရဲ့ ပင်ပန်းမှုတွေကို ဖြေဖျောက်ပေးမယ့် နည်းလမ်းဆိုတာ သိပ်များများစားစား မတွေးမိကြတော့ပါဘူး။ အချိန်ကြာလာတဲ့အခါ အလုပ်ခွင်က ပျော်စရာမကောင်းတော့သလို သင့်ရဲ့စွမ်းဆောင်ရည်တွေကလည်း ကျဆင်းလာတတ်ပါတယ်။ ဒါကြောင့် ဒီနေ့က အလုပ်ရဲ့ပင်ပန်းမှုဒဏ်တွေကို အကောင်းဆုံးဖြေဖျောက်ပေးမယ့် နည်းလမ်းကောင်းလေးတွေကို ပြောပြပေးချင်ပါတယ်။
(၁) Gym ကစားပါ
အလုပ်ခွင်ရဲ့ တစ်နေ့တာ ဖိအားတွေကို ဖြေဖျောက်စေဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုက ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ ညနေရုံးဆင်းချိန်မှာ အိမ်တန်းမပြန်ပဲ နီးစပ်ရာ Gym တစ်ခုခုမှာ တစ်နာရီခန့်အချိန်ပေးပြီး ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတစ်ခုခုပြုလုပ်ပေးသင့်ပါတယ်။ ရုံးဆင်းချိန်တိုင်း လေ့ကျင့်ခန်းပုံမှန်ပြုလုပ်မယ်ဆိုရင် ခန္ဓာကိုယ်ကျန်းမာ ကြံ့ခိုင်စေရုံသာမက စိတ်ကိုလည်း အပြောင်းအလဲဖြစ်စေနိုင်တာကြောင့် အလုပ်ခွင်ရဲ့ တစ်နေ့တာ အဆင်မပြေမှုဖိအားတွေကို အကောင်းဆုံး လျော့ကျစေမှာဖြစ်ပါတယ်။

(၂) သူငယ်ချင်းတွေနဲ့ တွေ့ဆုံပါ
လူတစ်ယောက်ရဲ့ နေ့စဉ်ဘဝမှာ အပေါင်းအသင်းကဏ္ဍဆိုတာကလည်း ချန်လှပ်ထားလို့ မရတဲ့အရာတစ်ခုဖြစ်ပါတယ်။ ငွေနဲ့ဝယ်ယူလို့မရတဲ့ ပျော်ရွှင်မှုစစ်စစ် ဆိုတာဟာလည်း သူငယ်ချင်းမိတ်ဆွေစီကနေပဲ ရရှိနိုင်တာဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ဝိုင်းဖွဲ့စကားပြောခြင်းဟာ စိတ်ဖိစီးမှုတစ်ဝက်လောက်ကို လျော့ကျသွားစေမှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်အရင်းအနှီးဆုံးသူငယ်ချင်းတွေနဲ့ တစ်ပတ်ကိုတစ်ရက်ဖြစ်စေ တွေ့ဆုံပါ။

(၃) စာဖတ်ပါ
အောင်မြင်ပျော်ရွှင်နေသူတိုင်းရဲ့ တစ်နေ့တာ လုပ်ငန်းစဉ်တွေမှာ စာဖတ်ခြင်းအလေ့အထဟာလည်း မပါမဖြစ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ တစ်နေ့လုံး ဘယ်လောက်ပဲပင်ပန်းနေပါစေ အိပ်ခါနီးအချိန်မှာ စာအုပ်တစ်အုပ်တော့ အနည်းဆုံးဖတ်သင့်ပါတယ်။ အသိပညာဗဟုသုတတွေရရှိဖို့ရာ ဦးနှောက်အတွက် အကောင်းဆုံးမြေသြဇာဆိုတာကလည်း စာအုပ်စာပေကလွဲရင် ကျန်တာမရှိနိုင်ပါဘူး။ စာဖတ်ခြင်းဟာ ဗဟုသုတကောင်းများစွာ တိုးပွားစေနိုင်သလို စိတ်ဖိစီးမှုတွေကိုလည်း လျော့ကျစေနိုင်တာကြောင့် စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ဖြေရှင်းဖို့အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် မအိပ်ခင်ဖုန်းသုံးနေတာထက်စာရင် စာဖတ်ခြင်းက ပိုပြီးအကျိုးသက်ရောက်မှု ရှိစေမှာဖြစ်ပါတယ်။

(၄) အိပ်ရေးဝဝ အိပ်စက်အနားယူပါ
လူတော်တော်များများ ကြုံတွေ့ရတဲ့ပြဿနာတစ်ခုက စိတ်ဖိစီးစရာတစ်ခုခု ကြုံတွေ့ရလေ ပိုပြီးအိပ်မရလေပဲဖြစ်ပါတယ်။ စိတ်ဖိစီးစရာအကြောင်းအရာတွေကို တွေးမိလေတိုင်း အိပ်စက်ဖို့ ပိုမိုခက်ခဲလာပြီး အချိန်ကုန်လို့ကုန်မှန်းမသိ ဖြစ်သွားတတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ တစ်နေ့တာကြုံတွေ့ခဲ့ရတဲ့ စိတ်ပင်ပန်းတွေအားလုံးကို သင့်ရဲ့ အိပ်ယာအထက်ကို ယူဆောင်မလာပါနဲ့။ စိတ်ဖိစီးမှုကင်းစွာ အိပ်စက်အနားယူမှသာ နောက်တစ်နေ့မှာ လန်းဆန်းတက်ကြွနေမှာဖြစ်ပြီး ပြဿနာတွေဖြေရှင်းဖို့ အကောင်းဆုံးအကြံဉာဏ်တွေကိုလည်း ရရှိစေနိုင်မှာဖြစ်ပါတယ်။

Lifestyle_Myanmar
ref-quantumworkplace