ကားစီးတဲ့အခါတိုင်း မူးဝေအော့အန်တတ်ကြသူတို့အတွက် အကြံပြုချက် (၅) ခု
lifestylemyanmar.com
|
2022-12-13

ဒီနေ့ပြောပြပေးသွားမယ့် အကြောင်းအရာလေးကတော့ ကားမူးတတ်ခြင်း ဖြစ်ပြီးတော့ ဒီခေါင်းစဥ်က တချို့သူတွေအတွက်တော့ တကယ်ကို လိုအပ်တဲ့အရာတစ်ခုပါ။ ဘာလို့လဲဆိုရင် သူတို့တွေဟာ ဘယ်လိုကားဖြစ်ဖြစ် ကားစီးပြီဆိုရင်ကို မူးတတ်ကြလို့ပါ။ နောက်ပြီးတော့ တစ်ချို့တွေဆိုရင် ပိုဆိုးတာက စီးရမယ့်ကားမြင်တာနဲ့ကို အန်ချင်သလိုလိုတွေ ဖြစ်လာတတ်ကြတာပါပဲ။ ဒါကြောင့်မို့လို့ သူတို့တွေဟာ ဘယ်လောက်ပဲ ခရီးသွားရတာ ကြိုက်စေကာမူ ကားမူးတတ်လွန်းလို့ ခရီးသွားဖို့ကို အချိန်အကြာကြီး စဉ်းစားယူရတတ်ကြတယ်။ မပူပါနဲ့ တကယ်တမ်းက ကားစီးရင် မမူးအောင် နည်းမှန်လမ်းမှန်လေးတွေနဲ့ လေ့ကျင့်ယူလို့ရပါတယ်။

အိပ်ရေးဝအောင်အိပ်ပါ

ပထမဆုံးနည်းလမ်းတစ်ခုကတော့ နာရီပေါင်းမြောက်မြားစွာကြာအောင် ကားစီးပြီးတော့ ခရီးသွားကြမယ့်သူတွေအနေနဲ့ ခရီးမသွားခင်မှာ အိပ်ရေးဝအောင် အိပ်တာကလည်း ကားမူးတာကို ကာကွယ်ပေးနိုင်ပါတယ်။ အိပ်ရေးမဝရင် ခေါင်းမကြည်ဘူးဆိုတာကို လူတိုင်းသိကြမှာပါ။ ဒီလိုခေါင်းမကြည်တာကိုမှ ကားစီးရင်းနဲ့လည်း ယိမ်းယိုင်နေမယ်ဆိုရင် ပိုပြီးမူးဝေအန်ချင်စိတ်ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ခရီးမသွားခင်မှာ အိပ်ရေးလေးဝဝ အိပ်ပေးပါ။


အစာစားထားပါ

ကားမစီးခင် အစားကို သင့်ရုံသာစားပါ။ ဗိုက်ဟောင်းလောင်းက ကားပိုမူးစေသလို အရမ်းကြီး ဗိုက်တင်းနေရင်လည်း ကားမူးတတ်ပါတယ်။ နောက်တစ်ခုက အနံ့ပြင်းပြီး အဆီများတဲ့ အစားအသောက်တွေကို ရှောင်ဖို့လိုပါတယ်။

ရေသောက်ပါ

တစ်ချို့လူတွေကခရီးသွားတဲ့အခါ ဆီးသွားချင်မှာကို စိုးပြီး ရေမသောက်ဘဲ နေတာမျိုးတွေရှိပါတယ်။ ရေမသောက်ပဲ မနေပါနဲ့။ ရေကို လိုအပ်သလောက်တော့ သောက်ပါ။ ခရီးသွားရင်လည်း အလွယ်တကူရေသောက်ဖို့ ရေဗူးလေး အဆင်သင့်ယူသွားပါ။ ကားမူးလာပြီဆိုရင် ရေနည်းနည်းသောက်လိုက်ပါ။ သက်သာသွားပါလိမ့်မယ်။


ဆေးသောက်ပါ

ကားမူးတတ်သူတွေ ခရီးဝေးသွားရမယ်ဆိုရင်တော့ ကားမူးပျောက်ဆေးသောက်သွားတာ အကောင်းဆုံးပါ။ အရင်တုန်းက ကားမူးပျောက်ဆေးဆိုတာ မသိခဲ့ပေမယ့် ကားစီးပါများတဲ့အခါ အခြားသူပြောတာတွေကြားပြီး ကားမူးပျောက်ဆေးရှိတယ်ဆိုတာ သိလာပါလိမ့်မယ်။ ဆေးသောက်တဲ့အခါမှာ ဆေးကဒ် ရက်လွန်မလွန်ကိုတော့ အရင်ဆုံး သေချာစစ်ဆေးကြည့်ဖို့ အကြံပေးချင်ပါတယ်။

ပီကေဝါးပါ

ခရီးသွားရင် ကားမူးမှာကြောက်တတ်သူတွေအတွက် အကောင်းဆုံး စားစရာတစ်ခုကတော့ ပီကေပါ။ ကားစီးနေချိန်မှာ ပီကေဝါးပေးတာက ကားမူးတာကို မဖြစ်အောင် ကာကွယ်ပေးသလို ကားမူးနေရင်လည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ကားမူးတတ်ရင် ပီကေဝါးပါ။ အပျင်းလည်းပြေစေသလို အမူးလည်းပြေစေတော့ တစ်ချက်ခုတ်နှစ်ချက်ပြတ်ပဲပေါ့။


Lifestyle_Myanmar

ref-summerstar


#အကြံပြုချက်
#အချိန်
#အစားအသောက်
#မူးဝေ
#ခရီးစဉ်

Some text some message..