
လက်သည်းခြေသည်းအလှပြုပြင်တဲ့နေရာတွေကို ပုံမှန် မသွားဖြစ်တာနဲ့ လှပတဲ့ လက်သည်းလေးတွေကို မပိုင်ဆိုင်နိုင်ဘူးလို့ မထင်လိုက်ပါနဲ့။ အမှန်တော့ အစားအသောက်ကို အာဟာရမျှတအောင် စားတာ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်တာတွေကြောင့်ပဲ ကျန်းမာလှပပြီး တောက်ပြောင်နေတဲ့ လက်သည်းလေးတွေကို ပိုင်ဆိုင်နိုင်ပါတယ်။
အစိုဓာတ်ထိန်းပါ။
လက်ဆေးပြီးတဲ့အခါမှာ လက်အခြောက်ခံစက်ကို သုံးတာက လက်အသားအရေကို ခြောက်သွေ့ စေနိုင်သလို လက်သည်းခွံတွေကိုလည်း ပျက်စီးစေပါတယ်။ လက်အခြောက်ခံတာ ပြုလုပ်ပြီးရင် Lotion ဒါမှမဟုတ် အဆီတစ်မျိုးမျိုးကို ပြန်ပြီး လိမ်းသင့်တယ်။ လိမ်းတဲ့အဆီထဲမှာ အုန်းဆီက လက်သည်းခွံနဲ့ လက်အသားအရေအတွက် သင့်တော်တဲ့အဆီတစ်မျိုးပါ။
ကိုယ့်လက်ကို ကိုယ်တိုင်ဂရုစိုက်ပါ။
ကိုယ်တိုင်ဂရုစိုက်ပါလို့ ပြောတာက ဆိုင်သွားပြီး လက်သည်းညှပ်တာ၊ ချေးထုတ်တာတွေ မလုပ်ပါနဲ့လို့ ဆိုလိုချင်တာပါ။ ဆိုင်မှာ သုံးနေတဲ့ လက်သည်းညှပ်ပစ္စည်းကိရိယာတွေက ဘယ်လောက်သန့်ရှင်းသလဲ၊ ရောဂါကင်းသလဲဆိုတာ မျက်စိနဲ့ ကြည့်ရုံနဲ့ သိနိုင်တာမျိုး မဟုတ်ဘူးလေ။ အဲဒီပစ္စည်းတွေကတစ်ဆင့် ရောဂါပိုးတွေ ကူးနိုင်တဲ့ရာခိုင်နှုန်း များပါတယ်။
ကိုယ်တိုင်သန့်ရှင်းရေးလုပ်ဖို့ အဆင်မပြေဘူးဆိုရင် ဆိုင်ကို သွားတဲ့အခါ ကိုယ်ပိုင်ပစ္စည်းတွေ ယူသွားတာက အကောင်းဆုံးပါပဲ။ လက်သည်းကို ဆေးကြောတဲ့အခါနဲ့ ပွတ်တိုက်တဲ့အခါကျရင်လည်း ဓာတုပစ္စည်းပါတဲ့ဆပ်ပြာတွေ၊ အဆီတွေကို မသုံးခိုင်းဘဲ သံလွင်ဆီ ဒါမှမဟုတ် ဗာဒံဆီ စတဲ့ သဘာ၀အဆီတွေကို သုံးဖို့ ပြောပါ။
လက်သည်းကို ဓာတုပစ္စည်းတွေနဲ့ ပွတ်တိုက်တာ ရှောင်ပါ။
လက်သည်းခွံတွေကို တောက်ပြောင်အောင် ပွတ်ရတဲ့ အရည် (Nail polish) တွေထဲမှာ Toluene လိုမျိုး အဆိပ်ဖြစ်စေတဲ့ ဓာတုဓာတ်ပစ္စည်းတွေ များစွာ ပါဝင်တတ်ပါတယ်။ Toluene ဟာ လက်သည်းကို ချောမွေ့သွားစေတဲ့ ရောင်ခြယ်ပစ္စည်းတစ်မျိုးပါ။ Toluene က ကျောရိုးမကြီးကို ထိခိုက်စေပြီး မျိုးပွားမှုစနစ်တွေကို ကမောက်ကမ ဖြစ်စေတာ၊ ခေါင်းကိုက်တာ၊ အားနည်းပြီး မူးဝေနေတာတွေကို ဖြစ်စေတယ်။ မအီမသာဖြစ်ကာ နေရထိုင်ရခက်တာကိုလည်း ဖြစ်စေတယ်။ ဒါကြောင့် Nail polish ဝယ်မယ်ဆိုရင် အညွှန်းကို သေချာဖတ်ပြီးမှ ရေဓာတ်ကို အခြေခံပြီး ပြုလုပ်ထားတဲ့ Nail polish အမျိုးအစားကို ဝယ်ယူပါ။
သဘာဝပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတဲ့ လက်သည်းဖျက်ဆေးကို သုံးပါ။
လက်သည်းဖျက်ဆေးကို ဝယ်တဲ့အခါ ပဲ၊ ပြောင်း စတဲ့ သဘာ၀အသီးအနှံတွေနဲ့ ထုတ်လုပ်ထားတဲ့ လက်သည်းဖျက်ဆေးတွေကို ရွေးဝယ်ပါ။ ဒါမှမဟုတ် သစ်သီးက ရတဲ့အက်စစ် (Fruit acid )နဲ့ သစ်ခွရည် (vannilla) ပါတဲ့ လက်သည်းဖျက်ဆေးကို သုံးပါ။
လက်သည်းကို အားဖြည့်ပေးပါ။
သကြားရည် - လက်ဖက်စားဇွန်း နှစ်ဇွန်း
ဆား - လက်ဖက်စားဇွန်း နှစ်ဇွန်း
ဂျုံစပါးအဆီ (wheat germ oil) - လက်ဖက်စားဇွန်း တစ်ဇွန်းကို ပန်းကန်လုံးတစ်လုံးထဲမှာ ထည့်ပြီး သမအောင် မွှေလိုက်ပါ။ ရလာတဲ့အဆီနဲ့ လက်သည်းခွံလေးတွေ၊ လက်ချောင်းလေးတွေကို ပွတ်တိုက်ပေးပါ။
၃ မိနစ်ကနေ ၅ မိနစ်အထိ ထားပေးပါ။
ပြီးရင် ရေဆေးချပါ။ ဒါဆိုရင် သဘာဝအတိုင်နူးညံ့ပျော့ပျောင်းတဲ့ လက်အသားအရေနဲ့ သဘာဝအတိုင်း တောက်ပြောင်နေတဲ့ လက်သည်းတွေကို ရရှိလာမှာပါ။ ပိုနေတဲ့အဆီတွေကို လေလုံတဲ့ပုလင်းထဲမှာ ထည့်သိမ်းထားပြီး မကုန်မချင်း အသုံးပြုလို့ရပါတယ်။
အာဟာရမျှတအောင် စားပါ။
စားသောက်မှုပုံစံက ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာစေဖို့အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ဗီတာမင်ဘီ အားနည်းတဲ့အခါ လက်သည်း ကျွပ်ဆတ်တာကို ဖြစ်စေပြီး ဇင့်ဓာတ်အားနည်းတဲ့အခါ လက်သည်းကျိုးပဲ့လွယ်တာနဲ့ လက်သည်းပွင့်တယ်လို့ ပြောကြတဲ့ အဖြူရောင် အစက်လေးတွေ ပေါ်လာပါတယ်။ လက်သည်းတွေ ကျန်းမာသန်စွမ်းဖို့အတွက် ကယ်လ်စီယမ်ဓာတ်လိုအပ်ပြီး လက်သည်းခြောက်တာ၊ ကျိုးပဲ့လွယ်တာတွေ မဖြစ်အောင် ဗီတာမင်အေနဲ့ ဗီတာမင်စီပါတဲ့ အစားအစာတွေကို များများ စားပေးဖို့ လိုပါတယ်။ ဒါ့အပြင် အစိုဓာတ်ကို ထိန်းထားနိုင်အောင် ရေများများသောက်ဖို့လည်း မမေ့ပါနဲ့။
ကျန်းမာရေးနဲ့အညီ နေထိုင်စားသောက်ရင်း လှပခြင်းကိုပါ တစ်ပါတည်း ယူဆောင်ပေးနိုင်မယ့် အလှအပရေးရာ ဆောင်းပါးတွေကို ဆက်လက်ရေးသားဖော်ပြပေးသွားမှာ ဖြစ်တဲ့အတွက် စောင့်မျှော် ဖတ်ရှုပါဦးနော်။