
ကိုယ့်ရဲ့မနက်ခင်းတိုင်းမှာ ပြုလုပ်နေကျ အပြုအမူတွေက ကိုယ့်ဘဝနေထိုင်မှုကို ထိခိုက်တတ်တယ်ဆိုတာ သင် သိပါသလား။ မသိသေးဘူးဆိုရင်တော့ ဒီဆောင်းပါးတိုလေးကို ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။
အချိန်ကျလို့ မြည်လာတဲ့နှိုးစက်ကို ပြန်ပိတ်ဖို့ မကြိုးစားပါနဲ့။ ကိုယ့်ရဲ့တစ်နေ့တာ လုပ်ဆောင်စရာတွေနဲ့ သွားလာရမယ့်နေရာတွေအတွက် ကြိုတင်တွက်ဆပြီး ပေးထားတဲ့အချိန်မို့လို့ ပြန်ပိတ်ပြီး မအိပ်ပစ်ပါနဲ့။ မကြာခဏ ပြန်ပိတ်ပြီး အိပ်နေမယ်ဆိုရင် သင့်ရဲ့စည်းကမ်းပိုင်းနဲ့ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်မှုအပိုင်းက အားနည်းနေပြီဆိုတာ သေချာလှပါတယ်။
နိုးတာနဲ့ ချက်ချင်း ဖုန်းသုံးတာကို ရှောင်ပေးပါ။ အရေးတကြီးကိစ္စတွေအတွက် ခြွင်းချက်ဖြစ်ပေမယ့် Social Media သုံးမယ်ဆိုရင်တော့ အဲဒီကနေ ပါလာမယ့်အကြောင်းအရာတွေက တစ်ခါတလေမှာ သင့်ရဲ့စိတ်ကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။
မနက်စာစားဖို့ လုံးဝ မမေ့ပါနဲ့။ တစ်နေ့တာလုံး အားအင်အပြည့်နဲ့ ဖြတ်သန်းနိုင်စေဖို့ မနက်စာက သင့်အတွက် အရေးပါဆုံးဖြစ်တဲ့အတွက် အာဟာရပြည့်ဝအောင် စားပေးဖို့ လိုပါတယ်။ အသင့်စား အစားအစာတွေကို မနက်စာအဖြစ် စားသုံးတာက မှန်ကန်တဲ့နည်းလမ်းတစ်ခု မဟုတ်တဲ့အတွက် စနစ်တကျ ချက်ပြုတ်စားသုံးသင့်ပါတယ်။
အားကစားမလုပ်ဘဲ မနေပါနဲ့။ ကိုယ် လိုက်လုပ်နိုင်ပြီး ခန္ဓာကိုယ်အတွက် အကျိုးရှိအောင် အချိန် ၁၀ မိနစ်လောက် ပေးကာ အားကစားကို ပုံမှန် လုပ်ပေးမယ်ဆိုရင် တစ်နေ့တာကို လန်းလန်းဆန်းဆန်း ဖြတ်သန်းနိုင်စေပါလိမ့်မယ်။
ရေမချိုးဘဲ အလုပ်နဲ့ ကျောင်းကို မသွားပါနဲ့။ တစ်ကိုယ်ရေတစ်ကာယအတွက် ရေကို နေ့စဉ် ပုံမှန် ချိုးသင့်သလို သန့်သန့်ရှင်းရှင်းနဲ့ မွှေးပျံ့နေအောင် ပြင်ဆင်ပါ။ လှလှပပ ဝတ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိရှိနေထိုင်ပါ။
အဆိုးမြင်တဲ့စိတ် မထားပါနဲ့။ မနက်စောစောစီးစီး ဖတ်တဲ့စာ၊ ကြည့်တဲ့အရာနဲ့ နားထောင်တဲ့အရာတွေ အကုန်လုံးကို အကောင်းဖြစ်စေမယ့်အရာတွေပဲ ရွေးချယ်ပေးပါ။ မနက်စောစောစီးစီး သရဲကားကြည့်မယ့်အစား ဘဝအတွက် တန်ဖိုးရှိတဲ့စာပေစာစုတွေကို လေ့လာပါ။ ကိုယ့်ရဲ့စိတ်ကို ကြည်လင်နေအောင် ထားပါ။
ကိုယ့်ရဲ့ဖြစ်တည်မှုတွေကို စောဒကမတက်ပါနဲ့။ အလုပ်မသွားချင်တဲ့စိတ်၊ မလေ့လာချင်တဲ့စိတ်တွေကြောင့် ဖြစ်လာတဲ့ စောဒကစိတ်တွေကို လက်မခံပါနဲ့။ ဒီထက် ပိုပြီးတိုးတက်အောင် ဘယ်လိုလုပ်ရမလဲ၊ ဘာတွေပြင်ဆင်ဖို့ လိုအပ်သလဲဆိုတာတွေကိုပဲ ဦးစားပေး စဉ်းစားပါ။ အကောင်းမြင်စိတ်ကို မွေးပေးဖို့ လိုပါတယ်။
မနက် အိပ်ရာထထချင်း ရေသောက်ဖို့ မမေ့ပါနဲ့။ တစ်ညလုံး ရေဓာတ်မရရှိထားတဲ့အတွက် မနက်နိုးတာနဲ့ သောက်သုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်ကို ကောင်းစွာလည်ပတ်ဖို့ အထောက်အကူပြုပါတယ်။
အိပ်ရာကို ဒီအတိုင်း ပစ်မထားခဲ့ပါနဲ့။ စောင် ခေါက်စရာရှိတာကို သပ်သပ်ရပ်ရပ်လေး ခေါက်ပါ။ အိပ်ရာခင်းတွေကို ပြန့်နေအောင် သန့်ရှင်းပါ။ တစ်နေ့တာလုံး ပင်ပင်ပန်းပန်း လုပ်ကိုင်ပြီးရင် ကိုယ်ပြန်အိပ်စက်ရမယ့်နေရာဖြစ်တာကြောင့် အိပ်စက်ချင်စရာလေးဖြစ်အောင် စနစ်တကျ သိမ်းဆည်းထားသင့်ပါတယ်။