
သင့်မှာ စိတ်ဝင်စားမိတဲ့ Crush တစ်ယောက်ယောက် ရှိနေပြီလား။
ကိုယ် သူ့ကို Crush နေတာကိုလည်း မဖော်ပြချင်ဘူး။ သိလည်း သိစေချင်တယ်။ စကားသွားပြောရမှာလည်း အောက်တယ်လို့ တွေးမိနေပြီလား။ တစ်ယောက်ယောက်ကို စ Crush မိတဲ့အချိန်ဆိုရင် ဒီလိုပဲ ဘာလုပ်ရမှန်းမသိ ဖြစ်တတ်ကြတာ ထုံးစံပါ။ ဒါပေမဲ့ စကားတစ်ခွန်းမှ မပြောဘဲ Crush နဲ့ အဆင်ပြေနိုင်မယ့် အထာကျကျ ပိုးပန်းနည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
အရေးကြီးဆုံးကတော့ အကြည်ဓာတ်ရှိတဲ့ လူတစ်ယောက်ပုံစံပေါက်နေဖို့ လိုတာပါ။ တစ်ယောက်အကြောင်း တစ်ယောက် မသိသေးခင်မှာ အမြင်နဲ့ အရင် ဆုံးဖြတ်ရမှာမို့ ကြည့်ကောင်းအောင်တော့ နည်းနည်းပါးပါး ပြင်ဆင်ထားပါ။ စိတ်ကို ကြည်ကြည်လင်လင် ထားပါ။ ပြီးရင်တော့ လုပ်ငန်းစပါမယ်။
၁။ မျက်နှာချင်းဆိုင်ပါ။
ပထမဆုံး သူ ကိုယ့်ကို သတိထားမိအောင် အရင် လုပ်ရပါမယ်။ Crush လေး သွားတတ်တဲ့နေရာတွေကို လေ့လာထားပြီး သူရှိတဲ့နေရာတွေမှာ ရောက်နေပါစေ။ ဒါပေမဲ့ နောက်က တစ်ကောက်ကောက် လိုက်သလို ဖြစ်မနေဖို့ အရမ်း အရေးကြီးပါတယ်။ ကိုယ့်မှာ ကိစ္စရှိလို့ သူ့ပတ်ဝန်းကျင်ကို ရောက်နေသလို ပုံဖမ်းပါ။ အထူးသဖြင့် အလုပ်လုပ်ရင်း သူ့အနား ရောက်နေပုံပေါ်ရင် ပိုကောင်းပါတယ်။ ပြီးတာနဲ့ သူ့ကို မကြာခဏ ကြည့်ကြည့်နေပါ။ မျက်လုံးချင်း ဆုံသွားပြီဆိုရင် ရှက်ပြီး မျက်နှာလွှဲတာမျိုး လုံးဝ မလုပ်ပါနဲ့။ သူ့မျက်လုံးကို ပြန်ကြည့်ပြီး ပြုံးရောင်သမ်းတဲ့အကြည့်လေး ပေးလိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ လူတစ်ယောက်အဖြစ် မြင်ရစေပါတယ်။
၂။ ကိုယ်နေဟန်ထား ကြည့်ကောင်းအောင် နေပါ။
ကိုယ့်ခန္ဓာကိုယ်နဲ့ လိုက်ဖက်တဲ့ ကိုယ်နေဟန်ထားကို မှန်ကြည့်ရင်း မှတ်ထားပါ။ ဘယ်လိုနေရင် ပါးချိုင့်လေး ပေါ်လွင်နေမလဲ၊ ခန္ဓာကိုယ်ပေါ်လွင်နေမလဲ၊ အရပ်ရှည်ပုံပေါ်နေမလဲ... စသဖြင့် ကိုယ့်ဆွဲဆောင်မှုရှိတဲ့နေရာကို တစ်ဖက်သားသိအောင် နေပြတတ်ဖို့ လိုပါတယ်။ အရေးကြီးတာက လုံးဝ ပဲမများမိပါစေနဲ့။ သဘာဝကျကျလေး လှုပ်ရှားပါ။
၃။ အပြင်အဆင်နဲ့ ဆွဲဆောင်ပါ။
တစ်ကိုယ်ရေသန့်ရှင်းမှု ရှိတဲ့လူကို လူတိုင်း သဘောကျကြပါတယ်။ ဒါကြောင့် အကြည့်ချင်းခဏခဏ ဆုံံနေပြီဆိုရင် သူ့အနားက ဖြတ်လျှောက်ပြီး ကိုယ့်ရဲ့ ကိုယ်သင်းနံ့၊ ခြေချောင်းလက်ချောင်းလေးတွေ သန့်ရှင်းမှု၊ အဝတ်အစားရဲ့ သန့်ပြန့်မှု စတာလေးတွေကို သတိထားမိအောင် လုပ်ပါ။ လူတစ်ယောက်ဟာ အနံ့တစ်ခုကို မှတ်မိသွားရင် အဲဒီအနံ့ရစဉ်အချိန်မှာ ဖြစ်ခဲ့တဲ့ အမှတ်တရတွေကိုပါ ဘဝတစ်လျှောက်လုံးအထိ သယ်ဆောင်သွားတတ်ကြပါတယ်။
၄။ နှစ်လိုဖွယ် ပြုံးပါ။
အထက်မှာ ပြောခဲ့တဲ့အချက်တွေကို ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး လုပ်နေတဲ့ပုံစံမျိုး မဖြစ်စေအောင် ဂရုစိုက်ပါ။
နှစ်လိုဖွယ်ကောင်းတဲ့ အပြုံးလေးကို မကြာခဏ ပြုံးဖြစ်ပါစေ။ တစ်ယောက်တည်း ပြုံးရမှာ ကြောင်တောင်တောင်ကြီး ဖြစ်နေရင် ဖုန်းလေးဖြစ်ဖြစ် ကြည့်ပြီး ပြုံးကြည့်ပါ။ ပြုံးရင်းနဲ့ သူရှိတဲ့ဘက်ကို လှမ်းကြည့်ပါ။ မျက်လုံးချင်း ဆုံရင် သူ့ကိုပါ တစ်ခါတည်း သေသေချာချာ ပြုံးပြလိုက်ပါ။ ဒါပေမဲ့ ဟန်လုပ်ပြီး ပြုံးတာမျိုးတော့ လုံးဝ မဖြစ်ပါစေနဲ့။ အပြုံးစစ်လား၊ မစစ်လားဆိုတာ လူတိုင်း ခံစားနိုင်ပါတယ်။
ဒါတွေက Crush ကို အမြင်အာရုံနဲ့ ဆွဲဆောင်နိုင်တဲ့ နည်းလမ်းတွေပါ။ မရင်းနှီးသေးခင်အချိန်မှာ စိတ်သဘောထားနဲ့ အတွေးအမြင်တွေကို ဖော်ပြလို့မရသေးတဲ့အတွက် သူ့မျက်စိထဲ ကြည့်ကောင်းအောင် နေဖို့ အရေးကြီးမိတယ်။ ဒါ့အပြင် ပတ်ဝန်းကျင်က လူတွေကို ယဉ်ကျေးပျူငှာစွာ ဆက်ဆံပြီး ကြင်နာတတ်တဲ့ အပြုအမူလေးတွေကပါ အမှတ်တွေ ပိုတက်စေကြောင်း အကြံပြုပေးလိုက်ပါတယ်နော်။