
လူတွေဟာ စိတ်အလိုမကျတာမျိုး၊ ဖြစ်ချင်တာတွေ ဖြစ်မလာတာမျိုးတွေအပြင် ကိုယ့်ကို ထိခိုက်နစ်နာအောင် ပြောဆိုတာမျိုး ကြုံလာရင် စိတ်ဆိုးတတ်ကြတာ သဘာဝပါ။ ဒါပေမဲ့ စိတ်အလိုမကျတိုင်း၊ ကိုယ်ဖြစ်ချင်သလို မဖြစ်တိုင်း ဒေါသစိတ်တစ်ခုနဲ့ ပြောဆိုနေမယ်ဆိုရင် လူအများနဲ့ မေတ္တာပျက်ပြီး အပေါင်းအသင်းတွေ၊ မိသားစုဝင်တွေက ကိုယ်နဲ့ အနေဝေးသွားတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ဘက်က မှားမှား မှန်မှန် ဒေါသကို ရှေ့တန်းမတင်ဘဲ သည်းခံစိတ်လေး ထားပြီး မေတ္တာနဲ့ ဆက်ဆံဖို့ အကြံပြုချင်ပါတယ်။
မိဘတိုင်းက သားသမီးတွေကို လိမ္မာရေးခြားရှိစေချင်ကြတယ်။ သူများထက် ထူးချွန်စေချင်ကြတယ်။ ကိုယ့်သားသမီးက ကိုယ့်အကြံဉာဏ်ကို လေးစားဖို့၊ ကိုယ် ဆုံးမသွန်သင်တာကို နာခံဖို့ဆိုရင် ကိုယ်ကလည်း လေးစားယုံကြည်ထိုက်တဲ့ မိဘကောင်းတစ်ယောက် ဖြစ်နေဖို့ လိုပါတယ်။ သူတို့ အမှားတစ်ခုခု လုပ်မိတဲ့အခါ အပြစ်တင်မစောပါနဲ့။ ဘာကြောင့်လုပ်မိတယ်၊ ဒီလိုအမှားကို မကျူးလွန်ခင် ဘယ်လိုတွေးခေါ်ခဲ့တယ်ဆိုတာကို အရင်ဆုံး မေးပေးပါ။ သူတို့ရဲ့နှုတ်ကနေ သင့်ကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟလာအောင် ချိုသာတဲ့နည်းနဲ့ မေးဖို့တော့ လိုပါတယ်။ ပြီးရင် နောက်ထပ် မမှားအောင် သေချာ ရှင်းပြပေးပါ။ သူတို့အမှားကို သူတို့ပြန်မြင်လာအောင် အေးအေးဆေးဆေး ပြောပြပေးဖို့ လိုတာပါ။
လူကြားထဲမှာ အော်ဟစ်တာ၊ နစ်နစ်နာနာ ပြောဆိုဆုံးမတာမျိုး၊ လက်နဲ့ ရိုက်နှက်တာမျိုး လုံးဝမလုပ်မိပါစေနဲ့။ ရိုက်ပြီး ဆုံးမမယ်ဆိုရင်တောင် ကိုယ့်အိမ်မှာပဲ နှစ်ယောက်တည်း သီးသန့် ဆုံးမပေးပါ။ မိဘက သွန်သင်ဆုံးမရမယ့်တာဝန်ရှိပေမယ့်လို့ သူ့အပေါင်းအသင်းတွေရှေ့မှာ နစ်နစ်နာနာ အော်ဟစ်ပြောဆိုတာမျိုး၊ သူစိမ်းတွေရှေ့မှာ အပြစ်တင်ဝေဖန်တာမျိုး လုံးဝ မလုပ်ပါနဲ့။
ကိုယ့်ကလေး အရွယ်ရောက်သည်ဖြစ်စေ၊ မရောက်သေးသည်ဖြစ်စေ သူတို့ရဲ့အတွင်းစိတ်ထဲမှာ ရှက်တဲ့စိတ်ဝင်သွားတတ်ပါတယ်။ အရွယ်မရောက်သေးခင်အထိတော့ သင့်အပေါ် ကြောက်တဲ့စိတ်နဲ့ သင်ပြောသမျှကို နာခံကောင်း နာခံပါလိမ့်မယ်။ အရွယ်ရောက်လာရင်တော့ သင့်ကို ကလန်ကဆန် လုပ်ပြီး သင့်စကားကလွဲရင် ကျန်တဲ့သူပြောသမျှကို အလေးထားတတ်သွားမှာပါ။ သင့်ကို သူက ကြောက်နေတာတစ်ခုတည်းနဲ့ သင့်စိတ်ကို နားလည်တယ်လို့ ထင်နေရင်တော့ သင် မှားနေပါပြီ။ သူတို့ရဲ့စိတ်ထဲမှာ သင့်ကို နားလည်လို့ မဟုတ်သလို လက်ရှိအခြေအနေတစ်ခုမှာ သင့်ကို မလွန်ဆန်နိုင်သေးလို့ပဲ ဖြစ်ပါလိမ့်မယ်။
ဒါကြောင့် မိဘနဲ့ သားသမီးဖြစ်ပါလျက်၊ လောကကြီးထဲမှာ အချစ်ကြဆုံး လူသားတွေ ဖြစ်ပါလျက်နဲ့ ရင်ဘတ်မှာ ဒဏ်ရာကိုယ်စီနဲ့ မရှင်သန်ပါနဲ့။ တစ်ယောက်နဲ့တစ်ယောက် အယူအဆမတူတာတွေ မိဘအနေနဲ့လည်း ဆိုဆုံးမချင်တဲ့အချက်တွေ၊ သားသမီးတစ်ယောက်အနေနဲ့လည်း သဘောထားကွဲလွဲနေတာတွေကို ဒေါသရှေ့တန်းမတင်ဘဲ ဦးနှောက်ထဲ၊ နှလုံးသားထဲ ရောက်အောင် ညင်သာတဲ့နည်းနဲ့ ရင်ဖွင့်ပြောဆိုဆုံးမတတ်ဖို့ အကြုံပြုလိုက်ပါတယ်နော်။