
မိန်းကလေးအတော်များများဟာ ချစ်သူများနေ့အတွက် ကြိုတင်ရင်ခုန်နေကြပါပြီ။ ချစ်သူနဲ့ နှစ်ယောက်အတူ ပျော်ရွှင်ကြည်နူးစရာ အချိန်လေးတွေ ဖန်တီးချင်ပေမယ့် တချို့ယောက်ျားလေးတွေကတော့ အခုအချိန်အထိ ဘာလုပ်ရမှန်းကို မသိကြသေးပါဘူး။ တကယ်တော့ ဘာမှ ထွေထွေထူးထူး စဉ်းစားနေစရာမလိုပါဘူး။ ရိုးရိုးရှင်းရှင်းထက် အနည်းငယ်ပိုတဲ့ ကြိုတင်ပြင်ဆင်မှုလေးတွေနဲ့ ဂရုစိုက်မှုလေးတွေသာ လုပ်လိုက်မယ်ဆိုရင် ကိုယ့်မိန်းကလေးရဲ့ အပျော်ရွှင်ဆုံး မျက်နှာလေးကို မြင်ရမှာပါ။
၁။ ဘာလုပ်ကြမလဲ။
အရင်ဦးဆုံး ကြိုတင်ပြင်ဆင်ထားရမှာကတော့ ဘာလုပ်ကြမလဲဆိုတဲ့ ကိစ္စပါ။ ကိုယ့်မိန်းကလေးဟာ ပျော်ပွဲရွှင်ပွဲတွေနဲ့ လူစုလူဝေးကြား သွားရတာ နှစ်သက်သူလား၊ နှစ်ယောက်ထဲ ငြိမ်းငြိမ်းချမ်းချမ်း အချိန်ကုန်ချင်သူလား ဆိုတာ သိထားဖို့ လိုပါတယ်။ လူစုလူဝေးကြား သွားချင်သူဆိုရင်တော့ အဲဒီနေ့မှာ ရှိတဲ့ပွဲအခမ်းအနားတွေအကြောင်း သူ့ကို ပြကြည့်ထားပါ။ သူ စိတ်ဝင်စားတဲ့နေရာကို သွားဖို့ ဘာတွေလိုအပ်မလဲ (ဥပမာ - လက်မှတ် ကြိုတင်ဝယ်ထားဖို့) ရှာဖွေထားပါ။ နှစ်ယောက်ထဲ နေချင်သူလေးဆိုရင်တော့ အခုကတည်းက ရုပ်ရှင်လက်မှတ် ကြိုဖြတ်ထားလိုက်ပါတော့။
၂။ ဘာစားကြမလဲ။
ဒါလည်း ခုနက ပြောသလိုပါပဲ။ ကိုယ့်မိန်းကလေး Type ကို သိထားဖို့ လိုပါတယ်။ လူစုလူဝေးကြား သွားချင်ရင်တော့ ညဈေးလို ပွဲတော်တွေ သွားပါ။ လမ်းတစ်လျှောက် မြင်မြင်သမျှ လက်ညှိုးထိုးပြီး ဝယ်စားကြတာ ပျော်စရာကောင်းပါတယ်။ ငြိမ်သက်အေးဆေးမှုကို ကြိုက်ရင်တော့ အပြင်အဆင်လှလှနဲ့ ဆိုင်လေးတွေ ကြိုရှာထားပြီး Booking လုပ်ထားဖို့ လိုပါတယ်။ တလက်စတည်း အစားအသောက်ကိုပါ ရွေးမှာထားမယ်ဆိုရင်တော့ ဘယ်လောက်အလေးထားလဲဆိုတာ ပြသရာရောက်တဲ့အပြင် ချစ်သူမိန်းကလေးဆီက အထင်ကြီးတဲ့အကြည့်တွေနဲ့ပါ အကြည့်ခံရမှာပါ။
၃။ ဝတ်စားဆင်ယင်မှု။
တချို့မိန်းကလေးတွေက ဆင်တူဝတ်ချင်ကြတာ ရှိသလို တချို့ကတော့ ကိုယ့်စိတ်ကူးနဲ့ကိုယ်ပဲ ဝတ်ကြပါတယ်။ ဒီတော့ ဆင်တူမဟုတ်ဘူးဆိုရင်လည်း ကိုယ့်မိန်းကလေးနဲ့ သိပ်ပြီး ကွာခြားမနေအောင် အနက်ရောင်၊ မီးခိုးရောင်၊ အညိုရောင် စတဲ့ အရောင်မျိုးတွေပဲ ဝတ်ဆင်ပါ။ တကယ်လို့များ သူက ဆင်တူအင်္ကျီလေးဝတ်ချင်တယ်လို့ ပြောလာခဲ့ရင်လည်း မငြင်းပါနဲ့။ တစ်နှစ်မှ တစ်ခါ တောင်းဆိုတဲ့ကိစ္စမို့ လက်ခံပေးလိုက်ပါ။
၄။ လက်ဆောင်ရွေးချယ်မှု။
မိန်းကလေးတွေ ရင်အခုန်ဆုံးကိစ္စပါပဲ။ ကိုယ့်ချစ်သူက ဘာလက်ဆောင်များပေးမလဲဆိုတာ မျှော်လင့်နေကြပါပြီ။ ဒါကြောင့် သူ ဘာကြိုက်တတ်လဲ၊ ဘာလိုအပ်နေလဲ လိုက်ကြည့်ထားပါ။ မိန်းကလေးတော်တော်များများက သူတို့ကြိုက်တတ်တာလေးတွေကို သူတို့အကောင့်မှာ Share ထားတတ်ကြပါတယ်။ ဘာအရိပ်အယောင်မှ မမြင်ရရင် သူ့သူငယ်ချင်းတွေကို ညှိပြီး မေးထားပါ။ သတိထားရမှာကတော့ အဝတ်အစား ကြိုဝယ်ထားပြီး လက်ဆောင်ပေးမယ်ဆိုရင် ဆိုဒ်မှန်ဖို့ပါပဲ။ သူဝတ်နေကျနဲ့ ဆိုဒ်အတော်ကွာနေရင် ကျေးဇူးတင်မခံရတဲ့အပြင် ပြဿနာအကြီးကြီး တက်သွားနိုင်ပါတယ်။ အရုပ်ပေးမယ်ဆိုရင် မြင်နေကျအရုပ်တွေထက် သူကြိုက်တဲ့ ကာတွန်းဇာတ်ကောင်လေးတွေ၊ သူကြိုက်တဲ့အရောင်လေးတွေ ပေးပါ။ အစားအသောက်ကြိုက်တဲ့ မိန်းကလေးကို ပိုင်ဆိုင်ထားတယ်ဆိုရင် သူကြိုက်တဲ့မုန့်လေးတွေ စုပြီး လက်ဆောင်ပုံးလှလှလေးထဲ ထည်ပေးပါ။ ဒါပေမဲ့ စားလိုက်လို့ မကုန်သွားဘဲ သိမ်းထားနိုင်တဲ့ ပစ္စည်းလေးတစ်ခုခုတော့ ထည့်ပေးထားဖို့ လိုပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာကတော့ သူသဘောကျတဲ့ မင်းသားပုံပါတဲ့ အသုံးအဆောင်တွေပါပဲ။ သင့်ကောင်မလေးဟာ ဗိုလ်ကြီးဖန်လား၊ ရှောင်ကောကောဖန်လား လေ့လာထားပါဦး။
၅။ ချစ်မြတ်နိုးမှုကိုပြသမှု။
အထက်မှာ ပြောပြခဲ့တဲ့ အချက်တွေက ချစ်တာမဟုတ်သေးဘူးလားလို့ ထင်သွားနိုင်ပါတယ်။ မိန်းကလေးတွေထုံးစံကတော့ အရာအားလုံးကို တစ်ကန့်စီ ခွဲထားလေ့ရှိတာမို့ လက်ဆောင်လေးတွေ သေချာပြင်ဆင်ထားပေမယ့်လည်း ချစ်တယ်မပြောရင် စိတ်ကောက်သွားမှာပါ။ ဒါကြောင့် သူ့ကို ဘယ်လောက်ချစ်တဲ့အကြောင်း လေးလေးနက်နက် ပြောပြပါ။ စာရိုက်ပြတာထက် ကိုယ့်လက်ရေးလေးနဲ့ သေချာ ရေးပေးတာမျိုး၊ မျက်လုံးချင်းဆုံပြီး ပြောပြတာမျိုးဆို ပိုပြီးကြည်နူးသွားမှာ အသေအချာပါပဲ။