
မိသားစုဆိုတာ ဘဝမှာ ဘာနဲ့မှလဲလို့မရတဲ့ အသိုက်အမြုံလေးတစ်ခုပါ။ ကံ အကြောင်းတရားတွေကြောင့် ဘဝတစ်ခုမှာ လာဆုံတုန်း တစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားပြီး ချစ်ခင်ကြရမှာပါ။ မိသားစုရှိတဲ့သူတွေက မရှိတဲ့သူတွေထက်စာရင် ကိုယ့်ရဲ့ပြဿနာတွေကို တိုင်ပင်ဆွေးနွေးလို့ရသလို အခက်အခဲဖြစ်နေတဲ့အချိန် မိသားစုတွေက အမြဲ အနားရှိနေပေးတတ်တာပါ။ လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတဲ့အတိုင်း တစ်ခါတလေမှာတော့ စိတ်သဘောထားမတိုက်ဆိုင်တာမျိုးတွေ ရှိနိုင်ပါတယ်။ ဒီလိုကြုံရတဲ့အချိန်မျိုးမှာ စိတ်ထဲ ကြိတ်ခံစားတာမျိုးမလုပ်ဘဲ ပွင့်ပွင့်လင်းလင်း ဖြေရှင်းသင့်ပါတယ်။
သင့် မိသားစုမှာ သင်က အိမ်ထောင်ဦးစီးတစ်ဦးလည်း ဖြစ်နေနိုင်သလို သားသမီးလည်း ဖြစ်နေနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သင်က အပယ်ခံရတယ်ဆိုတဲ့ စိတ်မကောင်းစရာ ခံစားချက်ကို ခံစားနေရရင် အချိန်မီ ကုသသင့်ပါတယ်။ မေတ္တာ အပြည့်အဝ မရဘူးလို့ ခံစားရရင်ပဲဖြစ်ဖြစ်၊ သင့် ခံစားချက်တွေကို လျစ်လျူရှုခံရလို့ပဲဖြစ်ဖြစ် စိတ်အတွေးတွေနဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်မသတ်မိဖို့ အရေးကြီးပါတယ်။ အဆင်မပြေမှုတွေကို စိတ်ထဲမှာ အကြာကြီး သိမ်းထားမယ်ဆိုရင် ကိုယ့်အလုပ်နဲ့ ပေါင်းသင်းဆက်ဆံမှုတွေကို ထိခိုက်လာတတ်ပါတယ်။
ဒီဆောင်းပါးထဲမှာ မိသားစုအတွင်း အပယ်ခံနေရတယ်လို့ ခံစားရတဲ့သူတွေအတွက် ဘယ်လိုနည်းလမ်းမျိုးတွေက မိသားစုနဲ့ ပြန်ပြီးအဆင်ပြေစေနိုင်မလဲဆိုတာကို တတ်စွမ်းသလောက် မျှဝေပေးချင်တဲ့အပြင် လုံးဝ အဆင်မပြေတော့ဘူးဆိုရင်လည်း အချင်းချင်း မုန်းတီးတာမျိုး၊ စိတ်နာတာမျိုးမဖြစ်ရအောင် ရေးသားဖော်ပြလိုက်ပါတယ်။
အပယ်ခံရတယ်ဆိုပြီး ခံစားရစေနိုင်တဲ့ အကြောင်းရင်းတွေ အများကြီး ရှိနိုင်ပါတယ်။ ဒီအထဲမှာမှ အများစု တွေ့ရတဲ့ပြဿနာတွေက ငွေကြေးနဲ့သက်ဆိုင်တဲ့ ဖြည့်ဆည်းမှုတွေနဲ့ ခံစားချက်တွေကို လျစ်လျူရှုခံရတာပဲ ဖြစ်ပါတယ်။ ကိုယ့်မိသားစုရဲ့ ငွေကြေးလည်ပတ်မှု အခြေအနေကို သိထားသင့်ပါတယ်။ သူတို့ဘက်က မဖြည့်ဆည်းပေးချင်တာမျိုးမဟုတ်ဘဲ တခြားလိုအပ်တဲ့နေရာတွေကို ပေးဖို့ လိုအပ်နေလို့လည်း ဖြစ်နိုင်တယ်။ ကိုယ်လိုအပ်တာကို မပေးနိုင်ဘူးဆိုရင်တောင် စိတ်ထဲမှာ မကျေမနပ်ဖြစ်မယ့်အစား ဘာကြောင့်လိုအပ်နေတာလဲဆိုတာကို အလေးအနက်ထားပြီး သူတို့သိအောင် ပြောပြပါ။ ပြီးရင် သူတို့မပေးနိုင်တဲ့အကြောင်းပြချက်တွေကိုလည်း ဂရုတစိုက်နဲ့ နားထောင်ပေးပါ။
နောက်တစ်ချက်ကတော့ ခံစားချက်နဲ့ဆိုင်တာပါ။ ကိုယ် ခံစားနားလည်သလို တစ်ဖက်က ခံစား နားလည်နိုင်ဖို့ဆိုတာ တကယ်တော့ အရမ်းခက်ခဲတဲ့ကိစ္စတစ်ခုပါ။ ကိုယ့်ခံစားချက်ကို နားလည်မပေးတိုင်း အလေးမထားဘူး၊ လျစ်လျူရှုခံရတယ်လို့ မစဉ်းစားစေချင်ပါဘူး။ အချိန်ပေးပြီး သူတို့ နားလည်အောင် ရှင်းပြပါ။ မျက်နှာချင်းဆိုင်ပြီး ကိုယ့်ရဲ့ခံစားချက်ကို ဖွင့်ဟပါ။ ပြဿနာတွေကို ရင်ဖွင့်ပါ။ အကြံဉာဏ်တောင်းပါ။ ကိုယ့်အမြင်သဘောထားကို မေးတယ်ဆိုရင်လည်း အချိန်ပေးပြီး သေချာ ပြောပြပေးပါ၊ နားထောင်ပါ။
ကိုယ့်ကို လျစ်လျူရှုတယ်လို့ ခံစားရတဲ့အတွက် ကိုယ့်ကိစ္စတွေကို ပေးမသိတာမျိုး၊ သူတို့ မကြိုက်တာကို တမင်ရွဲ့ပြီး လုပ်ပြတာမျိုးတွေ မလုပ်မိဖို့တော့ လိုပါတယ်။ ဒီလိုမျိုးလုပ်မယ်ဆိုရင် အခြေအနေတွေ ပိုတင်းမာလာနိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် ပိုပြီးဝေးကွာသွားစေပါတယ်။
မိသားစုဝင်တွေနဲ့ တစ်ပတ်မှာ အနည်းဆုံး ထမင်းလက်ဆုံ နှစ်ကြိမ်လောက်တော့ စားစေချင်ပါတယ်။ ရေမြေခြားနေတဲ့သူတွေကိုတော့ မပြောလိုပေမယ့် အတူနေတဲ့သူတွေဆိုရင် နွေးနွေးထွေးထွေး နေဖို့လိုပါတယ်။ သူတို့ဘက်က အချိန်ပေးဖို့ မေ့နေရင်တောင် ကိုယ့်ဘက်ကစပြီး တောင်းဆိုကြည့်ပါ။
တကယ်လို့များ ကိုယ်ကမချစ်တတ်တဲ့မိသားစုထဲမှာ ကြီးပြင်းလာရရင်တောင် ကိုယ်ဘက်ကနေပဲ သူတို့အစား ပိုချစ်ပေးပါ၊ ပိုနားလည်ပေးပါ။ တစ်ယောက်တည်း စိတ်ထဲမှာ အပယ်ခံရတဲ့စိတ်နဲ့ မပိတ်လှောင်ဘဲ ချစ်တဲ့မိတ်ဆွေ၊ သူငယ်ချင်းတွေကို ရင်ဖွင့်ပါ။ ကိုယ့်လို မခံစားရစေဘဲ လူတိုင်းကို မေတ္တာ အပြည့်အဝ ပေးနိုင်အောင် ကြိုးစားကြည့်ပါနော်။