
အလုပ်တစ်ခုရဖို့ဆိုတာ မခက်ခဲတော့ပေမယ့် ကိုယ့်ရဲ့ဝါသနာ၊ ရည်မှန်းထားတဲ့လစာ၊ မျှော်လင့် ထားတဲ့လုပ်ငန်းခွင်ကောင်းတစ်ခုနဲ့ ကြုံဖို့ဆိုတာကတော့ မလွယ်ကူလှပါဘူး။ အလုပ်ရှင်တွေဘက်ကလည်း အင်တာဗျူးမှာ သူတို့လိုချင်တဲ့ ဝန်ထမ်းတစ်ယောက်ရဲ့စံနှုန်းတွေနဲ့ ကိုက်ညီမှု ရှိ မရှိ မေးမြန်းကြသလို အင်တာဗျူးဖြေတဲ့သူတွေကလည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိရှိနဲ့ ကိုယ့်မှာရှိတဲ့အရည်အချင်းတွေကို အကောင်းဆုံး ချပြတတ်ဖို့လိုပါတယ်။
ဒီလိုတွေ့ဆုံရတဲ့အခါ ဝတ်စားဆင်ယင်မှုကလည်း အရေးကြီးတဲ့ကဏ္ဍတစ်ခုထဲမှာ ပါဝင်ပါတယ်။ ကိုယ်က မော်ဒယ်လ်တစ်ယောက်လို လှပနေဖို့ မလိုပါဘူး။ ဒါပေမဲ့ ဝတ်စားဆင်ယင်တာ သပ်ရပ်ဖို့ လိုသလို မြင်လိုက်တာနဲ့ ကိုယ့်ကို အလုပ်မှာ ချက်ချင်း ခန့်ထားချင်သွားလောက်အောင် ပြင်ဆင်သွားဖို့ လိုပါလိမ့်မယ်။ ဒီဆောင်းပါးထဲမှာတော့ အင်တာဗျူးသွားမယ့်သူတွေ ဘယ်လို ပြင်ဆင်ရမလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။
၁။ အနောက်တိုင်းဝတ်စုံ သို့မဟုတ် မြန်မာဝတ်စုံ
ကိုယ်လျှောက်မယ့်လုပ်ငန်းအပေါ် မူတည်ပြီး ဝတ်စုံအမျိုးအစားကို သေချာ ရွေးပေးစေချင်ပါတယ်။ နိုင်ငံခြားသားကုမ္ပဏီမှာ လုပ်မယ်ဆိုရင်တော့ အနောက်တိုင်းဝတ်စုံကို ရွေးချယ်တာက ပိုပြီးကောင်းပါတယ်။
၂။ ရှပ်အင်္ကျီ
ရှပ်အင်္ကျီဟာ အင်တာဗျူးနဲ့ လိုက်ဖက်တဲ့အမျိုးအစားတစ်ခုပါ။ အမျိုးသားရော အမျိုးသမီးပါ ရှပ်အင်္ကျီရွေးမယ်ဆိုရင် သတိထားသင့်တာလေးတွေ ရှိပါတယ်။ အင်္ကျီအသစ်ဝတ်မယ်ဆိုရင်လည်း မဝတ်ခင် ရေ တစ်ခါတော့ လျှော်ပေးသင့်ပါတယ်။ ကော်လာ တွန့်ကြေ မကြေ သေချာစစ်ဖို့ လိုသလို ကြယ်သီးစုံ မစုံကိုလည်း မဝတ်ခင်ကတည်းက တစ်ခါတည်း စစ်ဆေးဖို့ လိုပါတယ်။ ရှပ်အင်္ကျီအရောင်ကို အရမ်းတောက်တဲ့အရောင် ရွေးတာမျိုး ရှောင်ပေးပါ။ အဖြူ၊ အပြာနဲ့ နေဗီအပြာအရောင်ဖျော့ဖျော့လေးတွေကို ဦးစားပေးပြီး ရွေးချယ်နိုင်ပါတယ်။
၃။ နက်ခ်တိုင်
ဒါကတော့ အမျိုးသားတွေအတွက် သီးသန့်ပါ။ နက်ခ်တိုင်ကို ရွေးချယ်တဲ့အခါ ကိုယ်ဝတ်ထားတဲ့ရှပ်ဒီဇိုင်းလေးနဲ့ ချိန်ဆပြီး ရွေးပါနော်။ ကိုယ်က ရှပ်အင်္ကျီကို အစင်းနဲ့ အကွက်စိပ်လေးတွေ ရွေးချယ်ထားတယ်ဆိုရင် နက်ခ်တိုင်ကို ရိုးရိုးရှင်းရှင်းလေး ရွေးလိုက်ပါ။
အင်္ကျီကို ပြောင်ရွေးချယ်ထားတယ်ဆိုရင် နက်ခ်တိုင်ကို ဒေါင်စင်း သို့မဟုတ် အကွက်လေးတွေ ပါတာကို ရွေးနိုင်ပါတယ်။
၄။ ရှူးဖိနပ်၊ ဒေါက်ဖိနပ်
အမျိုးသားတွေ ရှူးဖိနပ်ကို ရွေးချယ်တဲ့အခါ ရိုးရှင်းပြီး ကိုယ့်အတွက် သက်သောင့်သက်သာဖြစ်မှာမျိုးကိုပဲ ရွေးချယ်ပါ။ အရောင်ကိုတော့ အညိုနဲ့ အမည်းပဲ ရွေးချယ်ပါ။
အမျိုးသမီးတွေကတော့ ရှူးဒေါက်လေးတွေကို ရွေးချယ်နိုင်ပါတယ်။ ဒေါက်အမြင့်ကို နှစ်လက်မဝန်းကျင်လောက်ပဲ ရွေးစေချင်ပါတယ်။ ဖိနပ်အပါး (Slipper) ကတော့ အင်တာဗျူး သွားတဲ့အခါ ရွေးချယ်ဖို့ လုံးဝမသင့်တော်ပါဘူးရှင်။
၅။ ခြေအိတ်နဲ့ အသုံးအဆောင်ပစ္စည်းများ
ခြေအိတ်ကို ရွေးချယ်တဲ့အခါ အမည်းရောင်ပြောင်ကိုပဲ ရွေးစေချင်ပါတယ်။ အသုံးအဆောင် ပစ္စည်းတွေဖြစ်တဲ့ နာရီ၊ ခါးပတ်၊ ရင်ထိုး၊ ခေါင်းစည်းကွင်းနဲ့ လက်ဝတ်ရတနာတွေကိုလည်း တစ်ဖက်လူအမြင်မရှုပ်အောင် ဂရုစိုက်ပေးစေချင်ပါတယ်။ အတတ်နိုင်ဆုံး ရိုးရှင်းပြီး ထုထည်မကြီးမားတဲ့ အသုံးအဆောင်ပစ္စည်းလေး တွေကို ရွေးချယ်ကြပါနော်။