
ဒီကမ္ဘာပေါ်မှာ ပျော်ရွှင်တဲ့မိသားစုတစ်စုကို မလိုချင်တဲ့သူ ရှိလို့လား?? ။ တညီတညွတ်တည်းဖြေကြမှာပါ။ “မရှိပါဘူး” လို့။ လူသားအားလုံးက ပျော်ရွှင်တဲ့မိသားစု ကိုယ်စီနဲ့ ဘဝကို ဖြတ်သန်းချင်ကြသူတွေချည်းပါပဲ။အခက်အခဲတွေအများကြီးရင်ဆိုင်နေရရင်တောင် သူတို့ရဲ့မိသားစုလေးကိုတော့ ပျော်ရွှင်စေချင်သေးတာ။
ဒီတော့ မိသားစုတစ်စုအဖြစ် တည်ဆောက်တော့မယ်ဆိုရင် လိုက်နာသင့်တဲ့အချက်ကလေးတွေကတော့ ရှိနေပါသေးတယ်။အရေးကြီးတဲ့အချက်တွေပေါ့။ ဒီအချက်တွေကိုသာ လိုက်နာမယ်ဆိုရင် သင့်ရဲ့မိသားစုဘဝလေးဟာ ပျော်ရွှင်မှုတွေ ပြည့်နှက်နေဖို့ ရာနှုန်းပြည့်ဖြစ်နေပါလိမ့်မယ်လို့အာမခံလိုက်ပါရစေနော်…။
(၁)။ မိသားစုအတွက်အချိန်ပေးပါ
ဘယ်လောက်ပဲအလုပ်ရှုပ်နေပါစေ ကိုယ့်ရဲ့မိသားစုအတွက်သီးသန့်အချိန်လေးတွေဆိုတာ ရှိသင့်ပါတယ်နော်။ မိသားစုလိုက်အတူရှိနေတဲ့အချိန်တွေများမှသာအချင်းချင်းနားလည်မှု၊ နွေးထွေးမှုတွေ တည်ဆောက်နိုင်မှာဖြစ်ပြီး ပိုမိုပျော်ရွှင်ဖို့ကောင်းတဲ့ မိသားစုတစ်ခု တည်ဆောက်နိုင်မှာပါ။

lifehack
(၂)။ ဆုံးဖြတ်ချက်တွေအတွက် ဖိအားမပေးပါနဲ့
တစ်ခါတစ်လေကျရင် မိသားစုထဲမှာအမြင်မတူတာလေးတွေရှိလာတတ်ပါတယ်။ ဒီလိုသာဆိုရင် ကိုယ့်ရဲ့အမြင်ကမှ မှန်တယ်ဆိိုပြီး တခြားသူကိုပါအတင်းအကျပ်လုပ်ခိုင်းတာမျိုး၊ သဘောတူခိုင်းတာမျိုးတွေ မလုပ်မိပါစေနဲ့။ သူတို့စိတ်ကြိုက်ရွေးချယ်ပါစေ။ တကယ်လို့ သူတို့ရွေးချယ်တာ မှားနေတယ်လို့ ထင်တယ်ဆိုရင်တောင်မှ ဘေးကနေအများကြီးမမှားအောင် ထိန်းသိမ်းပေးပေါ့။ ဒီလိုနဲ့ပဲ သူတို့ကိုယ်တိုင်လည်း ဘာကိုမလုပ်ရဘူးဆိုတာ သိလာပါလိမ့်မယ်။
(၃)။ သူတို့ပြောချင်တဲ့စကားတွေကို သေချာအချိန်ပေးပြီးနားထောင်ပါ
မိသားစုဝင်တွေမှာလည်း မိသားစုနဲ့သက်ဆိုင်တဲ့ ကိစ္စတွေ၊ သူတို့ရဲ့ ပုဂ္ဂိုလ်ရေးကိစ္စတွေနဲ့ ပတ်သက်ပြီး သင့်ကို တိုင်ပင်ချင်တာတွေ၊ ပြောပြချင်တာတွေ ရှိနေမယ်ဆိုတာကို သိထားပါ။အဲဒီအတွက်လည်း သူတို့ပြောချင်တာလေးတွေကိုအချိန်ပေးနားထောင်ဖို့ လိုမှာဖြစ်သလို သူတို့နဲ့ စကားစမြည်ပြောဖို့အတွက်အချိန်ပေးဖို့လည်း လိုပါလိမ့်မယ်။အလားတူပဲ ကိုယ့်ရဲ့ပျော်ရွှင်မှုတွေ၊အဆင်မပြေမှုတွေ၊အောင်မြင်မှုတွေကို မိသားစုဝင်တွေကိုပြောပြဖို့နဲ့ သူတို့နဲ့ ထပ်တူခံစားဖို့ မမေ့ပါနဲ့။

lifehack
(၄)။မိဘနဲ့သားသမီးကြား၊ ဇနီးနဲ့ခင်ပွန်းကြားက မိသားစုပြဿနာတွေကိုအနည်းဆုံးဖြစ်အောင်လျော့ချပါ
ဒါကလည်း ပျော်ရွှင်တဲ့မိသားစုလေးတစ်ခုဖြစ်ဖို့အရေးပါတဲ့အချက်တစ်ချက်ပါ။ မိသားစုဝင်တွေကြားမှာ မကျေနပ်တဲ့အချက်တွေရှိနေမယ်ဆိုရင် ချက်ချင်းဖွင့်ပြောပြီး ဖြေရှင်းကြတာကအကောင်းဆုံးပါ။ စိတ်ထဲမှာ မြိုသိပ်ထားတာတွေများရင် တစ်ချိန်ချိန်ကျ ပိုမိုကြီးမားတဲ့ ပြဿနာမျိုးဖြစ်လာနိုင်တာကြောင့် သဘောမကျတဲ့ ကိစ္စတွေတိုင်းကို ပွင့်ပွင့်လင်းလင်းနဲ့ ပြောပြအဖြေရှာကြတာကအကောင်းဆုံးနည်းလမ်းပါ။ ဒီနည်းနဲ့ မိသားစု ပြဿနာတွေကိုအနည်းဆုံးဖြစ်အောင် လျော့ချနိုင်ပါလိမ့်မယ်နော်။
(၅)။အိမ်မှုကိစ္စတွေလုပ်စရာရှိလာရင် မခိုကပ်ပါနဲ့
အဝတ်လျော်တာက ဘယ်သူ့အလုပ်၊ ပန်းကန်ဆေးတာက ဘယ်သူ့အလုပ် ဆိုပြီး ခွဲခြားနေမယ့်အစား ဘယ်အလုပ်ကိုပဲဖြစ်ဖြစ်အတူတကွလုပ်ကြတာက မိသားစုထဲက ချစ်ခြင်းမေတ္တာကို ပိုလို့ မြင့်တက်လာစေပါလိမ့်မယ်။ ကိုယ်က မအားလို့ပဲဖြစ်ဖြစ်၊ ပျင်းနေလို့ပဲဖြစ်ဖြစ် မိသားစုဝင်တစ်ယောက်တည်းကအိမ်မှုကိစ္စတွေကို လုပ်နေရပြီဆိုရင် တစ်ချိန်ချိန်မှာ သူ့အတွက် စိတ်ပျက်စရာ ဖြစ်လာမှာဖြစ်ပြီး မိသားစုအတွင်းမှာအဖုအထစ်လေးတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။

lifehack
Linn
Source : lifehack