တစ်နာရီ (၂၂၄) မိုင်နှုန်းနဲ့ ပြေးဆွဲတော့မယ့် ဂျပန်က ကမ္ဘာ့အမြန်ဆုံးကျည်ဆံရထား 
shwemom.com
|
2019-05-15

ကမ္ဘာပေါ်မှာအမြန်ဆုံးလူတင်စီးပြီး ပြေးဆွဲမယ့် ရှင်ကန်းဆန်ရထားကို ဂျပန်က တီထွင်ပြီးဖြစ်ကြောင်း ကြေညာလိုက်ပါပြီ။ ကမ္ဘာ့အမြန်ဆုံး ကျည်ဆံရထား Alfa-X ဟာ (၂၀၃၀) ခုနှစ်မှာ ပြေးဆွဲနိုင်တော့မယ်လို့ သိရပါတယ်။ ရထားမှာ တွဲပေါင်း (၁၀) တွဲပါဝင်ပြီး တစ်နာရီကို (၂၄၉) မိုင်ထိ ရောက်နိုင်ကာ လူတင်ရင်တော့ တစ်နာရီ (၂၂၄) မိုင်နှုန်းထိပြေးဆွဲနိုင်မှာ ဖြစ်ပါတယ်။ ကျစ်လစ်သိပ်သည်းတဲ့ ငွေရောင်ရထားဒီဇိုင်းမှာ ထိပ်ချွန်နှုတ်သီးတစ်ခု ပါဝင်ပြီး ၎င်းနှုတ်သီးဟာအရှေ့ဘက်ဆီကို (၇၂) ပေအရှည်ရှိပါတယ်။


EPA

ယနေ့အထိ ရထားကို စစ်ဆေးမှုတွေ ပြုလုပ်လာရာမှာ (၃) နှစ်တာ ရှိနေပြီဖြစ်ပြီး ဂျပန်အနေနဲ့ သူ့ရဲ့ ကျည်ဆံရထား ကွန်ယက်ကို ချဲ့ထွင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ ရထားဟာ ဂျပန်နိုင်ငံရဲ့ မြောက်ပိုင်း ဟော့ကိုင်းဒိုးဒေသရဲ့အဓိကမြို့ကြီးဖြစ်တဲ့ ဆာပိုရိုမြို့နဲ့အခြားမြို့ကြီးတွေရဲ့ ရထားစနစ်ကို ဆက်သွယ်မှာဖြစ်ပါတယ်။ တကယ်လို့ ရထားသာ မျှော်မှန်းထားတဲ့အမြန်နှုန်းအတိုင်းအခက်အခဲမရှိ သွားနိုင်ပြီဆိုရင်တော့ ယခင် တိုကျိုနဲ့ ဆာပိုရိုသွားတဲ့ ခရီးကြာချိန် (၈) နာရီမှာအချိန်ထက်ဝက်လောက် လျော့ကျသွားပြီး ခန့်မှန်းခြေ (၄) နာရီခွဲခန့်သာ ကြာတော့မယ်လို့ သိရပါတယ်။


EPA

ရထားကိုအမြန်နှုန်းအပြင်အခြားနည်းပညာသစ်တွေနဲ့ ပူးပေါင်းပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ JR East လို့ လူသိများတဲ့ East Japan Railway ကတော့ လာမယ့်မျိုးဆက်သစ် ရှင်ကန်းဆန်ရထားတွေကို ပိုမိုစွမ်းဆောင်ရည်ပြည့်ဝတဲ့အပြင် ရထားစီးခရီးသည်တွေအတွက်လည်း ပိုမိုသက်တောင့်သက်သာဖြစ်အောင် တီထွင်ထားကြောင်း ဆိုပါတယ်။ လျင်မြန်တဲ့အဟုန်နဲ့ ခရီးဆန့်မယ့် ရှင်ကန်းဆန်အသစ်တွေဟာ ငလျင်ဒဏ်ကို ခံနိုင်ရည်ရှိအောင်လည်း ဖန်တီးထားတာ ဖြစ်ပါတယ်။


EPA

Alfa-X ရှင်ကန်းဆန်တွေရဲ့ နှုတ်သီးဒီဇိုင်းကတော့အလွန်လျင်မြန်တဲ့အရှိန်နဲ့ သွားတဲ့အခါ ဆူညံသံနဲ့ ဖိအားတွေကို လျော့ချနိုင်ဖို့နဲ့ လိုဏ်ခေါင်းတွေထဲ ဦးတည်သွားတဲ့အခါ ပိုပြီး လုံခြုံစွာသွားနိုင်ဖို့အတွက် ဒီဇိုင်းထွင်ထားတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကမ္ဘာ့အမြန်ဆုံးရထားတွေဟာ ဂျပန်နဲ့ ပြင်သစ်မှာ ရှိနေပါတယ်။ ဂျပန်မှာတော့ လက်ရှိအမြန်ဆုံးနှုန်းနဲ့ သွားနေတဲ့ ရထားတွေဟာ တစ်နာရီကို မိုင်(၂၀၀)နှုန်း ရောက်ရှိပြီး ပြင်သစ်မှာတော့ တစ်နာရီကို (၁၈၅) မိုင်နှုန်းနဲ့ မောင်းနှင်နေတဲ့အမြန်ရထားတွေရှိကြောင်း သိရပါတယ်။




လင်းလင်း (ShweMom)

Ref: dailymail


#ရထား
#ဂျပန်
#မိုင်
#အမြန်နှုန်း
#ဒီဇိုင်း

Some text some message..