KTV ကို ပုံမှန်သွားပေးခြင်းဖြင့် သင်ရရှိမယ့်အကျိုးကျေးဇူးများ
shwemom.com
|
2019-07-11

သင်ဟာ သီချင်းဆိုတာ ဝါသနာပါသူတစ်ယောက်လား။ ဒီလိုဆိုရင် KTV တွေမှာ သီချင်းဆိုရတာကို သဘောကျမှာပေါ့။ တချို့လူတွေကတော့ KTV သွားတယ်ဆိုရင်ပဲ မကောင်းတဲ့လူတစ်ယောက်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ KTV ဆိုတာအပန်းဖြေတဲ့နေရာတစ်ခုဖြစ်ပြီးအဲဒီကို ပုံမှန်သွားရင် ရနိုင်တဲ့အကျိုးကျေးဇူးတွေတောင် ရှိသေးတယ်။ ဘာတွေလဲဆိုတော့….

(၁)။ စိတ်ဖိစီးမှုတွေကို လျော့ကျစေနိုင်တယ်
သူငယ်ချင်းတွေနဲ့ KTV သွား၊ စားချင်တာတွေစား၊ သောက်ချင်တာတွေသောက်ပြီးအော်ဟစ်ပျော်ရွှင်နေမှတော့စိတ်ဖိစီးစရာတွေကို စဉ်းစားနိုင်ပါတော့မလား။ သင့်ရဲ့အလုပ်က ဖိအားများပြီး ပင်ပန်းတဲ့အလုပ်တစ်ခုဆိုရင် KTV ကို တစ်လ တစ်ခါလောက်တောာင် သွားပေးသင့်တယ်။ သီချင်းဆိုခြင်းက သင့်ရဲ့မပျော်ရွှင်မှုတွေကို ဖယ်ရှားပေးနိုင်ပြီးအရာရာကိုအကောင်းမြင်စိတ်ဖြစ်လာအောင် ကူညီပေးနိုင်ပါလိမ့်မယ်။


VGstockstudio/Shutterstock

(၂)။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု တိုးစေတယ်
ကိုယ်ကအသံလည်းကောင်းတယ်၊သီချင်းလည်း ကောင်းကောင်းဆိုတတ်တယ်ဆိုရင် KTV သွားပြီး သီချင်းဆိုတာက သင့်ကို ယုံကြည်မှု တိုးစေပါလိမ့်မယ်။ သီချင်းတစ်ပုဒ်ကို သင် ကောင်းကောင်းမွန်မွန်သီဆိုအဆုံးသတ်ပြီးတိုင်း “ငါတယ်ဟုတ်ပါလား” လို့တွေးမိမှာအမှန်ပါ။ ဘေးမှာ ပါလာတဲ့ သူငယ်ချင်းတွေက ဝိုင်းပြီး လက်ခုပ်တီးပေးမယ်ဆိုရင်တော့ သင့်ကိုယ်သင် ယုံကြည်မှုတွေအလျှင်အမြန်ပဲမြင့်တက်လာပါလိမ့်မယ်။


paultarasenko/Shutterstock

(၃)။ လူချစ်လူခင်များစေတယ်
KTV ကိုအတူသွားဖူးတဲ့ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေဟာ ပုံမှန်ထက်ပိုပြီး ရင်းနှီးလာကြတာအမှန်ပါပဲ။အလုံပိတ်ထားတဲ့ ဒီအခန်းလေးထဲကိုအတူရောက်သွားတာနဲ့တပြိုင်နက်တည်း ငါတို့ဟာ ဝါသနာတူတွေပါလားလို့ ခံစားမှုပြီးနောက် ပိုမိုရင်းနှီးမှုတွေ ရရှိလာကြမှာပါ။အဲဒီတော့ KTV ကို ပုံမှန်သွားပေးခြင်းဟာ လူချစ်လူခင်များစေတဲ့အကြောင်းတစ်ခုပဲပေါ့။

(၄)။ သီချင်းကို ဘယ်လိုဆိုရမလဲဆိုတာနားလည်လာစေတယ်
သင်က သီချင်းကို ဘယ်လိုဆိုရမှန်းလည်းမသိ၊ သီချင်းလည်းမရ၊ ကီးကလည်းမမှန် ဖြစ်နေရင်တောင် KTV ကို ပုံမှန်သွားခြင်းအားဖြင့်အဲဒါတွေအားလုံးကို ကျော်ဖြတ်ပြီးသား ဖြစ်သွားမှာပါ။ ပထမဆုံးအကြိမ်မှာ သီချင်းမရလို့ ဘာမှ မဆိုခဲ့ရဘူးဆိုရင်တောင် သင်က နောက်တစ်ကြိမ်အတွက်အားခဲပြီး သီချင်းရအောင် ကျက်မှာသေချာပါတယ်။အဲဒီနောက်တော့ သွားတဲ့အကြိမ်ပေါ်မူတည်ပြီး သီချင်းဘယ်လိုဆိုရမယ်၊ ကီးမှန်အောင် ဘယ်လိုအော်ရမယ်ဆိုတာကအစ နားလည်သွားပါလိမ့်မယ်။ ကံကောင်းရင် သင်ကအဆိုတော်တစ်ယောက်ပါ ဖြစ်လာနိုင်ပါသေးတယ်။


VGstockstudio/Shutterstock

Linn


#KTV
#သီချင်း
#သီချင်းဆို
#လူချစ်လူခင်
#ယုံကြည်မှု

Some text some message..