
ကိုယ့်ချစ်သူကို သတိရရင်ဘာလုပ်မလဲလို့မေးတဲ့သူတွေရှိကောင်းရှိနိုင်ပါတယ်။
သူ့ကိုသတိရရင် နှလုံးသားချင်း စိတ်ချင်းနီးစပ်အောင် မေတ္တာပို့ ပေးတယ်လု့ိပဲဖြေပါ့မယ်။
မေတ္တာပေးတယ်ဆိုတာ ကိုယ့်ချစ်သူကို စိတ်သောကမရောက်အောင်၊ ဘေးအန္တရာယ်တွေကင်းရှင်းအောင် ဆုတောင်းမေတ္တာပို့ပေးခြင်းပဲဖြစ်ပါတယ်။
တချို့ကတော့အဲဒီလိုမဟုတ်။ မနက်ရောက်တိုင်း သူ့ဆီကို ဖုန်းဆက်၊ စာပို့၊ ဂရုစိုက်၊ လာကြို၊ လက်ဆောင်ပို့၊ နေ့စွဲတွေကို သတိရ၊ ပြောတဲ့စကားကိုလည်း ဆုံးခန်းတိုင်အောင် နားထောင်ရမယ်၊အိပ်ပျော်တဲ့ချိန်အထိ ဖုန်းပြောရမယ်ဆိုမှ ကြိုက်တဲ့လူတွေရှိကြပါတယ်။
ထို့ကြောင့်အနာဂတ်ကိုအကောင်းဆုံး ဖန်တီးကြပေမယ့် ငါ့အတွက်ဆိုတဲ့အလိုလောဘတွေနဲ့ပဲ တည်ဆောက်မိတဲ့အခါ ပျော်ရွှင်ခြင်းထက် ပူလောင်ခြင်းကို ခံစားရပါတယ်။
မေတ္တာတရားဆိုတာအပြန်အလှန်အကျိုးပြုတာကြောင့် မေတ္တာပို့သူကိုယ်တိုင်အေးချမ်းခြင်းကို ခံစားရပြီး မေတ္တာရရှိသူလည်းအေးချမ်းမှုကို ပြန်ခံစားရပါတယ်။
ထို့ကြောင့် ချစ်ခြင်းမှာ မေတ္တာတရားကို ပေါင်းထည့်လိုက်တဲ့အခါ သတိရတိုင်း၊ လွမ်းတိုင်း၊ သူ့ကို မေတ္တာပို့ပေးလိုက်တာအကောင်းဆုံးဖြစ်ပါတယ်။
မေတ္တာတရားကို စိတ်ထဲအမြဲထားတဲ့သူတွေရဲ့အသားအရေဟာ ကြည်လင်နေမယ်။အသားအရေကြည်တော့အလှလည်း တိုးလာစေပါတယ်။
မေတ္တာတရားအချိန်ပြည့်ရှိနေသ၍ ဒေါသလည်း မထွက်ဘူး။ ဒေါသမရှိတော့ စိတ်ကြည်ပြီးအလုပ်အကိုင်တွေ ဆောင်ရွက်ရာမှာလည်းအမှားမရှိဘဲ ဆုံးဖြတ်လုပ်ကိုင်လာနိုင်မှာဖြစ်ပါတယ်။
၎င်းအပြင်အောင်မြင်မှုတွေလည်း ပိုရမှာဖြစ်ပါတယ်။အောင်မြင်တဲ့ မိန်းမတစ်ယောက်၊ ယောကျာ်းတစ်ယောက်ဖြစ်တဲ့သူတွေကို ဘယ်ချစ်သူကမှ စွန့်ခွာ သွားမှာ မဟုတ်တော့ပါဘူး။
ဒါ့ကြောင့် ပျော်ရွှင်မှုတွေအများကြီး ပိုင်ဆိုင်ကြသူများဖြစ်ပါလိမ့်မယ် လို့ ယုံကြည်မိပါတယ်။
Myanmar Wedding Guide