ကလေးငယ်တွေ ထမင်းကျွေးခက်တဲ့အခါ
ondoctor.com.mm
|
2019-08-10



ကလေးငယ်တွေ ထမင်းကျွေးခက်တဲ့အခါ

ကလေးငယ်လေးတွေကို ဖြည့်စွက်စာစတင်ကျွေးချိန်မှာ လူတိုင်းမဖြစ်မနေ ကြုံလာရမယ့်အခက်အခဲကတော့ ထမင်းကျွေးရခက်တဲ့အခိုက်အတန့်ပါပဲ။အစာအသစ်တစ်ခုကို စပြောင်းတဲ့အချိန်မှာ ကလေးတွေ ပုံမှန်စားဖို့ဆိုတာ တော်တော် ခက်ခဲတဲ့ကိစ္စပါ။

မွေးစအရွယ်မှာတော့ မွေးပြီးတာနဲ့အမေနို့တိုက်တယ်။ ဘာမှမသိသေးခင်တော့အမေနို့ပဲအားရပါးရစို့ကြတယ်။ တစ်ချို့ကလေးလေးတွေမှာတော့အမေနို့မဟုတ်ဘဲ နို့ဗူးလည်း သောက်ရတတ်တယ်။ ဘာပဲပြောပြောတော့ ကလေးငယ်လေးတွေက နို့တော့ ကောင်းကောင်းစို့တတ်ကြတယ်။

ကလေးလေးတွေအသက် ၆ လလည်းပြည့်ရော ဖြည့်စွက်စာစပြီး ကျွေးရတော့မယ်လည်းဆိုရော မိဘတွေကတော့ ကလေးအသက်အလိုက် ဘာလေးတွေ ကျွေးရမယ်ဆိုပြီး တစ်မျိုးပြီးတစ်မျိုး ပြင်ဆင်ကျွေးမွေးတတ်ကြတယ်။ ကလေးလေးတွေကအရသာသစ်တစ်ခု စပြီးကျွေးရင်တော့ ခဏတစ်ဖြုတ်မှာ တော်တော်လေးစားတတ်ကြပါတယ်။ ဒါပေမယ့် ကြာလာတဲ့အခါတော့အစားကျွေးရခက်လာပြန်ရော ဖြစ်တတ်ပါတယ်။ ဒါကလေးတိုင်းနီးပါးပါပဲ။

ကလေးလေးတွေမှာအစာကျွေးရခက်တဲ့အခါ ဘယ်အားဆေးလိုလို့ပါလဲ ဆိုပြီးမေးတတ်ကြတာလည်းရှိပါတယ်။ တကယ်တမ်းပြောရင် ထမင်း မနည်းကျွေးရတဲ့ ကလေးတွေအားဆေးတိုက်ရလည်း ခက်တတ်ပါတယ်။

ကလေးလေးတွေအသက် ၆ လပြည့်တဲ့အခါ ဆန်ကိုအသားဖြစ်ဖြစ် ငါးအသားကြီးပဲဖြစ်ဖြစ် နဲ့ နူးနေအောင်ပြုတ်ပေးပါ။အစမှာတော့အရမ်းမပျစ်စေပါနဲ့။ တစ်နေ့ နှစ်ကြိမ် ကျွေးပေးပါ။ တစ်ခါတစ်လေမှာ ပဲအာလူး မုန်လာဥ စသဖြင့်လည်း သေချာထည့်ပြုတ်ပေးလို့ရပါတယ်။အသီးတွေလည်း ပြုတ်ပြီး ကျွေးလို့ရပါတယ်။ တစ်ချို့တွေကတော့ ဇကာနဲ့ စစ်ပြီး ချေကြတယ်။ ဇကာတွေက သေချာမဆေးနိုင်ရင် မသုံးစေချင်ပါဘူး။ ဇကာနဲ့ ချေမယ့်အစား ဇွန်းနဲ့ပဲ ဖိချေတာက ပိုသင့်တော်ပါတယ်။

တစ်ဖြည်းဖြည်းနဲ့ ခပ်ပျစ်ပျစ်လေးပြုတ်ကျွေးတာအသီးပျော့ပျော့လေးတွေ သေးသေးလေးတွေ လှီးပြီးဖဲ့ပြီးကျွေးတာ ကြက်ဥကြော် ကြက်ဥပြုတ်တို့ ထည့်ကျွေးတာ ငှက်ပျောသီးကျွေးတာ စသဖြင့် ကလေးအသက်ကြီးလာတာနဲ့အမျှ တစ်ခုခုလုပ်ပြီးကျွေးလို့ရပါတယ်။

ဘာပဲကျွေးကျွေးအရသာတစ်ခုကိုအချိန်ခဏပဲစားတတ်ကြတယ်။ ကြိုက်နေတုန်းတော့ ကျွေးရတာကောင်းပါတယ်။ လွယ်လွယ်။ စားတော့ ထမင်းကျွေးရတာလည်းအဆင်ပြေပါတယ်။အရသာရိုးသွားတဲ့အခါ မကြိုက်တော့တဲ့အခါဆိုရင်တော့ တစ်ခါပြန်ပြီးကျွေးရခက်ပါတယ်။

ကလေးလေးတွေအစားကျွေးတဲ့အခါ ပုံသေတွက်လို့မရပါဘူး။ ကျွေးလည်းအချိန်အကြာကြီးကျွေးရတတ်တယ်။အာရုံပြောင်းပေးရတာရော ဘေးကနေ ကျီစယ်တာရယ်မောပျော်ရွှင်အောင်လုပ်နေတာရော လိုတတ်ပါတယ်။ တစ်ချို့ကလေးလေးတွေ ငယ်ငည်တည်းကအကျင့်ကောင်းပါတယ်။ ကလေးတွေ ထမင်းစားထိုင်ခုံမှာပဲ ထိုင်ပေးနေတတ်တယ်။ လျှောက်ဆော့နေတဲ့ ကလေးငယ်တွေအစား တစ်နေရာထဲထိုင်ပြီး နေတဲ့ ကလေးတွေက ပိုကျွေးရလွယ်ပါတယ်။

ကလေးလေးတွေအစားစားချင်စိတ်ဖြစ်အောင်အားဆေးတိုက်တာလည်းရပါတယ်။အားဆေးက မြန်မြန်ပိုဆာတတ်တွေ ရှိတာကြောင့် ဒါကြောင့် တစ်ချို့လည်း ကျွေးရလွယ်တတ်ပါတယ်။ တစ်ခုရှိတာက ကလေးကို ထမင်းကျွေးမယ်လို့ လုပ်နေတဲ့အချိန်မှာတော့ နို့ မတိုက်ပါနဲ့။ ခဏစောင့်ပါ။ နို့တိုက်လို့ရှိရင် ဗိုက်ဆာနေတော့ နို့တော့ကုန်မယ်။ ထမင်းကောင်းကောင်း မစားတော့ပါဘူး။

ကလေးဆရာဝန်ကြီးတစ်ယောက်ပြောတာ ကြုံဖူးလိုက်တာလေးတစ်ခုလည်းရှိပါတယ်။ ဘယ်လိုမှ ကျွေးလို့အဆင်မပြေတာမျိုးဆိုရင်တော့ ကလေးစားတာတွေသာ ကျွေးပေးပါတဲ့။အာဟာရဖြစ်ဖို့တော့လိုပါတယ်။ နို့ ကြက်ဥ ပေါင်မုန့်အသား ငါး စသဖြင့်ပါ။ ထမင်းကျွေးတဲ့အချိန်လည်းအတိအကျသတ်မှတ်မထားပါနဲ့တဲ့။အဓိကကတော့ ကလေးငယ်တွေအစားများများစားဖို့ပဲ ရည်ရွယ်ပါတယ်ဆိုပြီး ပြောထားပါတယ်။

Author : Dr. CST





တစ်ခါတစ်လေအပြင်သွားတဲ့အခါမှာ တချို့သောလူကြီးမိဘတွေ ကလေးငယ်လေးတွေကို ဆူပူကြိမ်းမောင်းနေတတ်တာတွေ တွေ့ရတတ်ပါတယ်။ ကလေးငယ်လေးတွေကလည်း မခေဘူး လိုချင်တာမရတာဆို ပေကပ်ပြီး ဆူပူဆောင့်အောင့်နေတတ်ကြတယ်။ ဒီလိုအခါတွေဆို မိဘတွေက ပိုဆူတတ်ကြတယ်။

ကလေးတွေကို ဆူမှာလား လို့ ပြောထားတော့ မဆူရဘူးလားဆိုပြီး ပြန်ပြောကြပါလိမ့်မယ်။ မဆူရင် ပိုဆိုးသွားမှာပေါ့ ဆိုပြီး ပြန်ပြောကြပါလိမ့်မယ်။ ကလေးဆိုတာ ငယ်ရွယ်စဉ်တည်းက သတိနဲ့ ထိန်းပေးရပါတယ်။ ငယ်တုန်းတော့ငြိမ်ရင် ပြီးရောဆိုပြီး လုပ်ချင်တာပေးလုပ်ခဲ့တယ်ဆိုရင် ဒီကလေးလေးတွေ ကြီးလာတဲ့အခါ လိုချင်တာမရရင် ဆူပူဆောင့်အောင့်ကြမှာပဲ ဂျီတိုက်ကြမှာပါပဲ။

ငယ်ရွယ်စဉ်မှာတည်းက လိုချင်တာဆို ဒီလိုအော်ပြလိုက်ရင် ရတယ်ဆိုတဲ့အသိလေးက ကလေးတွေ ခေါင်းထဲ ရိုက်သွင်းလိုက်သလိုပါပဲ။ ဒီအကျင့်ကို ကြီးတဲ့အထိမှတ်သွားတတ်ကြတယ်။အပြင်သွားတဲ့အခါ ကစားစရာပစ္စည်း တစ်ခုခုလိုချင်တာ တစ်နေရာရာ သွားချင်တာတွေဆို လူကြီးမိဘတွေကို ပြောကြည့်တယ်။

သူတို့လေးတွေ ပြောတာကိုအရေးမထားတဲ့အခါ မလုပ်ပေးနိုင်တဲ့အခါ ကလေးငယ်လေးတွေက စတင်ပြီး စိတ်ပြတတ်လာကြတယ်။ ငိုသလိုလိုအော်နေတတ်ကြတယ်။ ဒါကတဆင့် ပိုဆိုးလာတယ်ဆိုအဲ့နေရာမှာပဲ ဖင်ထိုင်ချတာ လှဲအိပ်တာလုပ်တတ်တယ်။ ငိုတယ်အော်တယ် စသဖြင့်အမျိုးမျိုးပါ။ ဒီလိုအခါ လူကြီးတွေက လူကြားသူကြားထဲ လုပ်ရမလားဆိုပြီး တစ်ခါတစ်လေမှာ ဆူတာတွေ ရိုက်တာတွေ ပါလာတတ်ကြတယ်။ လူကြီးတွေ စိတ်ညစ်တဲ့အခါအဆင်မပြေတာတွေ ရှိတဲ့အခါဆို ပိုဆိုးပါတယ်။

ဘယ်လူကြီးမိဘကမှတော့ ကိုယ်သားသမီးကို မရိုက်ချင်ပါဘူး။ မဆူချင်ပါဘူး။ ဒါပေမယ့် တစ်ခါတစ်လေမှာတော့ လုပ်မိသွားတတ်ကြတယ်။ လုပ်မိပြီးတဲ့အခါမှ စိတ်မကောင်းတွေ ဖြစ်နေတတ်ကြတယ်။ ကလေးငယ်လေးတွေ ကြီးပြင်းလာတဲ့ တောက်လျှောက်မှာအမြဲအလိုလိုက်ထားခဲ့မယ်ဆိုရင် တစ်နေ့နေ့တစ်ချိန်ချိန်မှာ ဒါမျိုးအခြေအနေတွေ ကြုံလာနိုင်ပါတယ်။ ဒါဆိုအလိုမလိုက်ရဘူးလားအမြဲဆူပူကြိမ်းမောင်းနေရမလားဆိုတော့လည်း မဟုတ်ပါဘူး။ နည်းစနစ်မှန်မှန်နဲ့ ထိန်းကျောင်းပေးဖို့ လိုပါတယ်။

ကလေးငယ်လေးတွေကို မလုပ်သင့်တာတွေကို နားလည်လွယ်တဲ့ စကားနဲ့အေးအေးဆေးဆေး ပြောဆိုပါ။ တစ်ခါမက ခဏခဏ ပြောဖန်များလာတာနဲ့အမျှ သူတို့လေးတွေစိတ်မှာ ဒါကမလုပ်သင့်ဘူး ဆိုတာ တစ်ဖြေးဖြေးသိနားလည်လာပါလိမ့်မယ်။ တစ်ခုခုကို မရမက ယူတော့မယ် ဆိုလည်း ကလေးငြိမ်အောင်ဆိုပြီး ချက်ချင်း မလုပ်ပေးပါနဲ့။ ကလေးစိတ်ထဲမှာ ဒီလိုလုပ်ရင် ငါလိုချင်တာ ရမှာပဲ ထင်သွားတတ်ကြတယ်။

ကလေးလေးတွေကို တစ်ခုခုပေးချင်လို့ ပေးတယ်ဆိုရင်တောင် တန်းမပေးပါနဲ့။ ကလေးကိုလည်း ကြိုးစားအားထုတ်မှု တစ်ခုခုရှိပါစေ။ ဒါမှ ကလေးက ပေးတဲ့ ပစ္စည်းလည်းတန်ဖိုးထားမှာပါ။ ကလေးကို ငယ်ငယ်တည်းကအာရုံလွှဲနိုင်တဲ့အလေ့အကျင့်ကို ပျိုးထောင်ပေးပါ။

ဒါမှဒါပဲ လိုချင်တဲ့ကလေးတွေကို လူကြားသူကြားထဲမှလည်း ဆူပူကြိမ်းမောင်းတာ ရိုက်နှိုက်တာမလုပ်စေချင်ဘူး။ ဖြေးဖြေးပြောပြပါ။ ဘယ်လိုပြောပြော ငိုနေမယ်အော်နေဦးမယ်ဆိုရင်လည်း တတ်နိုင်သလောက်မရိုက်ပါနဲ့။ ကလေးတွေ မောလာတဲ့အခါ ရပ်သွားပါလိမ့်မယ်။ ကြားထဲတော့ ကလေးနားမှာပဲ စိတ်ရှည်ရှည် စောင့်ပေးနေဖို့ လိုပါတယ်။

ကလေးဆိုတာအရာရာကို သင်ယူနေတတ်ကြပါတယ်။အရှေ့ကလုပ်ပြသမျှကို မှတ်ထားတတ်ကြတယ်။ ဒါကြောင့် ကလေးရှေ့မှာ ရင့်သီးတဲ့ စကားလုံးတွေ ဆူပူကြိမ်းမောင်းတာတွေ ရိုက်နှိုက်တာတွေ ကို ရှောင်ကြဉ်နိုင်ကြဖို့ လိုပါတယ်။ ငယ်ငယ်တည်းက သင်ပေးနေလို့ရပါတယ်။ ဖြေးဖြေးပြောသမျှ နားဝင်ပါတယ်။ တစ်ခါမရ နောက်တစ်ခါပါ။ လူကြီးတွေကတော့ စိတ်ရှည်ရပါလိမ့်မယ်။

ကလေးနဲ့ တစ်အိမ်တည်းတူတူနေတဲ့ မိဘတွေ လူကြီးတွေ ညီအစ်ကိုမောင်နှမတွေအားလုံးက ကလေးရဲ့ ပထမဆုံးသော မြင်ဆရာ ကြားဆရာပါပဲ။ လူကြီးတွေ လုပ်သမျှ ပြောသမျှ ကလေးငယ်တွေ လိုက်လုပ်မှာပါပဲ။

ကလေး ထိန်းတယ်ဆိုတဲ့အရာက ပညာအရမ်းပါပါတယ်။ ကလေးကိုအမြဲ ဟိုဟာမလုပ်ရဘူး ဒါမလုပ်ရဘူး မလွှတ်ပေးရဲဘူး ဆိုပြီး လည်းလုပ်လို့မရဘူး။ လုပ်ချင်တာလုပ်ဆိုပြီးလည်း ထားထားလို့မရပါဘူး။ တချို့အရာလေးတွေမှာ လွှတ်ပေးထားရမယ်။ တချို့ မလုပ်သင့်တာလေးတွေကိုတော့ နားလည်အောင်ပြောပြီး ထိန်းပေးရပါတယ်။

နောက်ဆုံးအနေနဲ့ကတော့ ကလေးဆိုတာ စိတ်ထားနုနယ်ပါတယ်။ လူကြီးမိဘတွေက ဆူပူကြိမ်းမောင်းတဲ့အခါ ရိုက်ပြီးဆုံမတဲ့အခါမှာ ကလေးစိတ်ထဲ ဝမ်းနည်းတာတွေအထင်အမြင် မှားတာတွေ ဖြစ်တတ်ပါတယ်။ လူကြီးတွေ ပြောစကားလည်း နားမထောင်ချင်တတ်တော့ဘူး။ ကလေးတွေကို ပိုပြီးဆိုးလာစေတတ်ပါတယ်။

ဒါကြောင့် ကလေးတွေကို ဆူစရာကိစ္စပေါ်လာခဲ့ရင် မဆူဘဲနဲ့ စိတ်ရှည်ရှည်ထားပြီး ကလေးနားလည်လာအောင် ပြောဆိုပေးမယ်။အိမ်မှာ ထိန်းကျောင်းတည်းက စနစ်တကျလေးထိန်းပေးမယ်ဆိုရင် ကလေးကို ဆူဖို့အကြောင်း မရှိတော့ပါဘူး။

Author : Dr. CST


#ကလေး
#ကလေးငယ်
#လူကြီးမိဘ
#နို့
#ထမင်း

Some text some message..