ခင်ပွန်းဖြစ်သူအပေါ် သစ္စာမဖောက်ခဲ့ဘူးလို့အဆိုတော် မိုင်လေ ဆိုင်းရပ်စ်ဆို
ခင်ပွန်းဖြစ်သူ သရုပ်ဆောင် လီယံ ဟမ်းစ်ဝါ့သ်အပေါ် လူမှုရေးအရ ဖောက်ပြန်တာမရှိခဲ့ဘူးလို့အဆိုတော် မိုင်လေ ဆိုင်းရပ်စ်က သြဂုတ် ၂၂ ရက်မှ ထုတ်ပြန်လိုက်ပါတယ်။ သူဟာ ဆိုးသူမိုက်သူ၊ ပါးစပ်ကြမ်းသူဖြစ်ပေမယ့် လူလိမ်တစ်ဦးတော့မဟုတ်ဘူးလို့အဆိုတော်က ပြောဆိုခဲ့ပါတယ်။
အသက် ၂၉ နှစ်အရွယ် ဟမ်းစ်ဝါ့သ်နဲ့အသက် ၂၆ နှစ်အရွယ် ဆိုင်းရပ်စ်တို့ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ပြန်တွဲလိုက်၊ ခွာပြဲလိုက်ဖြစ်နေခဲ့ရာကနေ လွန်ခဲ့တဲ့ ခုနစ်လမှာတော့ လက်ထပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဟမ်းစ်ဝါ့သ်ကတော့ သဘောထား မတိုက်ဆိုင်တာကြောင့် ကွာရှင်းပြတ်စဲလိုတယ်လို့ သြဂုတ် ၂၁ ရက်မှာ ရုံးတော်ကို လျှောက်ထားခဲ့ပါတယ်။
ဆိုင်းရပ်စ်နဲ့ ဘလော်ဂါ ကိုင်တလင်းကာတာတို့အကြင်နာပေးနေတဲ့ ဓာတ်ပုံတွေအခုလအစောပိုင်းမှာ ထွက်ပေါ်ခဲ့ပြီးဖြစ်ပါတယ်။ ငယ်ရွယ်စဉ်က ဆက်ဆံရေးတွေမှာ လိမ်လည်လှည့်စားတာတွေရှိခဲ့ဖူးတယ်လို့ ဆိုင်းရပ်စ်က တွစ်တာမှာ ဝန်ခံခဲ့ဖူးပါတယ်။
ဖော်ထုတ်စရာလျှို့ဝှက်ချက်တွေမရှိပါဘူး၊ ဘဝအတွေ့အကြုံတွေက သင်ခန်းစာယူခဲ့ပြီးပါပြီ၊ ကျွန်မက ပြီးပြည့်စုံတဲ့လူလည်းမဟုတ်ပါဘူး၊အဲ့လိုလည်းမဖြစ်ချင်ပါဘူး၊ ပျင်းစရာကြီးရှင့်၊ ရှင်တို့ရှေ့မှာပဲ ကျွန်မကြီးပြင်းလာခဲ့တာပါ၊ ပြောရရင်တော့ ကျွန်မအရွယ်ရောက်နေပြီဆိုတာပဲ လို့ ဆိုင်းရပ်စ်က တွစ်တာမှာရေးသားခဲ့ပါတယ်။
ကျွန်မရဲ့အိမ်ထောင်ရေးဟာ ကျွန်မဖောက်ပြန်လို့အဆုံးသတ်ခဲ့တာဆိုတဲ့ စကားကိုလက်မခံပါဘူး၊ ကျွန်မဟာ လီယံအပေါ်အရင်ကလည်း သစ္စာရှိတယ်၊အခုလည်းရှိနေတယ်၊ နောက်လည်းရှိနေဦးမှာပဲ လို့ သူကပြောခဲ့ပါတယ်။
ရီလွင်
ဘာသာပြန်သည်။