မင်္ဂလာဆောင်မှာ ဧည့်သည်လုပ်မယ်ဆိုရင် လုံး၀အဖြူရောင် ဝတ်မသွားသင့်တဲ့အကြောင်း
shwemom.com
|
2019-08-27

ခေတ်မှီလာတာနဲ့အမျှ မင်္ဂလာဆောင်ပွဲတက်ဝတ်စုံတွေကို ကာယကံရှင်တွေရော၊ မင်္ဂလာပွဲလာရောက်မယ့် ဧည့်သည်တွေပါအမျိုးမျိုး ဆင်ယင်ဝတ်စားလာကြပါတယ်။ မင်္ဂလာပွဲအများစုကိုကြည့်ရင်တော့ မင်္ဂလာမောင်နှံတွေဟာအဖြူရောင်ပဲအဝတ်များပါတယ်။အဖြူရောင်ရဲ့ ဝိသေသဖြစ်တဲ့ သန့်ရှင်းခြင်း၊ ဖြူစင်ခြင်း၊ ရိုးသားတည်ကြည်ခြင်းစတဲ့ ဂုဏ်တွေကို မင်္ဂလာပွဲမှာ ထင်ဟပ်စေလိုတာကြောင့် မင်္ဂလာမောင်နှံတွေဟာအဖြူရောင်ကိုပဲ ရွေးချယ်ကြတယ် ထင်ပါတယ်။

ဒီလို တစ်သီးတစ်သန့်နဲ့ တန်ဖိုးရှိလှတဲ့အရောင်ကို ကိုယ်က သူများမင်္ဂလာဆောင်မှာ ဧည့်သည်သွားလုပ်မယ်ဆိုရင်တော့ လုံး၀ မဝတ်ဆင်သင့်ပါဘူး။ တကယ်လို့ မင်္ဂလာပွဲသွားတဲ့အခါ သတို့သမီးကလည်းအဖြူရောင်၊ ကိုယ်ကလည်း တစ်ကိုယ်လုံးအဖြူရောင်ဝတ်ထားမယ်ဆိုရင် ဘယ်နည်းနဲ့မှ ကြည့်လို့အဆင်ပြေမှာ မဟုတ်ပါဘူး။ ဧည့်ခံပွဲလာတဲ့သူတွေအနေနဲ့ ဘယ်သူက သတို့သမီးလဲဆိုတာ ဒွိဟဖြစ်ရလောက်တဲ့အထိ မင်္ဂလာမောင်နှံကိုအနှောင့်အယှက်မဖြစ်စေသင့်ပါဘူး။


Pexels/Pixabay

အထူးသဖြင့် သတို့သမီးကို သူမရဲ့ နေ့မှာအလှပဆုံးနဲ့အထင်ရှားဆုံးဖြစ်စေဖို့အတွက် သူမတစ်ဦးတည်းကိုသာအဖြူရောင် ဝတ်ဆင်ခွင့် ပေးသင့်ပါတယ်။ ဧည့်သည်တစ်ယောက်အနေနဲ့အဖြူရောင်မဟုတ်တဲ့ တခြားဘယ်အရောင်မဆို ဝတ်ဆင်ခြင်းဖြင့်သာ မင်္ဂလာမောင်နှံကို ကူညီပေးသင့်ပါတယ်။ ဒီအချက်ကတော့ တရားဝင်သတ်မှတ်ထားတာမျိုး မရှိပေမယ့်လည်း လူတိုင်းလိုက်နာသင့်တဲ့ ယဉ်ကျေးမှုတစ်ခုပဲ ဖြစ်ပါတယ်။


Pexels/Pixabay

နောက်ထပ်မှတ်သားသင့်တာ တစ်ခုကတော့ သူများမင်္ဂလာဆောင်မှာ ကိုယ့်ချစ်သူကို လက်ထပ်ခွင့်တောင်းခံတာမျိုးပါ။ ဘယ်သူမဆို ကိုယ့်မင်္ဂလာဆောင်မှာ ကြွရောက်လာမယ့် မိတ်သင်္ဂဟတွေထဲ ကိုယ်နဲ့ ကိုယ့်ရဲ့အိမ်ထောင်ဖက်သာအထင်ပေါ်ဆုံးနဲ့ လူအများအားအကျရဆုံး သူတွေ ဖြစ်ချင်ကြတာပါ။ ဒါကြောင့် သူများတကာက ငွေကုန်ကြေးကျခံပြီး တခမ်းတနားကျင်းပတဲ့ ပွဲထဲ ကိုယ်က ဝင်ပြီးအခွင့်ကောင်းယူသင့်သလားဆိုတာ စဉ်းစားရပါတယ်။ ဒါပေမယ့်လည်း မင်္ဂလာမောင်နှံက ကိုယ်နဲ့အရမ်းရင်းနှီးလွန်းလို့ ခွင့်ပြုတယ်ဆိုရင်လည်း ရပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုအစီအစဉ်ရှိခဲ့ရင်တောင် မင်္ဂလာမောင်နှံရဲ့ သဘောဆန္ဒကိုအရင်မေးမြန်းပြီးမှသာ ပြုလုပ်သင့်တယ်ဆိုတဲ့အကြောင်း insider သတင်းကနေ တဆင့် ကိုးကားဖော်ပြပေးလိုက်ရပါတော့တယ်။

လင်းလင်း (ShweMom)


#မောင်နှံ
#မင်္ဂလာ
#မင်္ဂလာဆောင်
#သတို့သမီး
#ဧည့်သည်

Some text some message..