
ပုံမှန်အားဖြင့် ခွေးနဲ့ကြောင်လေးတွေဟာအတော်အသင့်တော့ သင့်မြတ်ပါတယ်။ တစ်မိုးအောက်မှာခွေးနဲ့ကြောင်အတူတကွ ငြိမ်းချမ်းစွာ နေထိုင်နေကြတာမျိုးတွေ့နိုင်ပါတယ်။အမြဲတမ်းတည့်နေမယ်လို့အာမခံလို့တော့ မရဘူးပေါ့။ခွေးနဲ့ကြောင်လေးတွေ သင့်မြတ်ကြစေဖို့ သူတို့ကိုအချိန်ပေးမယ်၊ သူတို့အချင်းချင်းမိတ်ဆက်ပေးမယ်၊ ပိုင်ရှင်ကလည်းအညီအမျှချစ်ခင်ပေးမယ်ဆိုရင်ဖြစ်နိုင်ပါလိမ့်မယ်။
တိရစ္ဆာန်ပိုင်ရှင်တွေဟာအိမ်မှာနောက်ထပ်အကောင်လေးတွေမမွေးခင် ကိုယ်မွေးထားတာခွေးလား၊ ကြောင်လားဆိုတာဦးဆုံးစဉ်းစားသင့်ပါတယ်။တကယ်လို့ကိုယ်ကခွေးလေးသခင်ဖြစ်ချင်တာလား၊ ကြောင်းလေးသခင်ဖြစ်ချင်တာလားဆိုတာမဆုံးဖြတ်နိုင်တော့ဘူးဆိုရင်တော့ နှစ်ကောင်လုံးကိုအတူတူမွေးဖို့ပဲရှိတော့တာပေါ့။
ဒါပေမယ့်လည်းခွေး/ကြောင်မွေးပြီးသားပိုင်ရှင်တွေအနေနဲ့အကောင်းဆုံးအခြေအနေကိုမျှော်လင့်ပြီးအကောင်သစ်လေးတွေထပ်ခေါ်လာတာလွယ်တော့မလွယ်ပါဘူး။အိမ်မှာရှိပြီးသားအကောင်လေးကဘယ်လိုဖြစ်မလဲ၊အိမ်မှာရောဘယ်လိုဗြောင်းဆန်ကုန်မလဲစဉ်းစားစရာအများကြီးပါပဲ။ဒါကြောင့် တိရစ္ဆာန်ချစ်သူတွေ ခေါင်းမစားရအောင် ခွေးနဲ့ကြောင်ကိုတပြိုင်တည်းမွေးချင်သူတွေအနေနဲ့ လုပ်ဆောင်သင့်တဲ့အချက်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။
ကြောင်လေးတွေနဲ့ ယှဉ်တွဲနေထိုင်ဖို့အသင့်တော်ဆုံးခွေးမျိုးမရှိသလိုခွေးတွေအတွက်အတူယှဉ်တွဲနေဖို့အကောင်းဆုံးကြောင်မျိုးဆိုတာလည်းမရှိပါဘူး
အိမ်မွေးအကောင်လေးတွေထပ်မမွေးခင်မှာအရေးကြီးဆုံးကကိုယ်မွေးထားတဲ့ခွေး/ကြောင်လေးတွေရဲ့ ပင်ကိုယ်အကျင့်တွေပါပဲ။ “တိရစ္ဆာန်တွေအားလုံး၊ မျိုးတူတဲ့အကောင်လေးတွေမှာတောင်မှ ကိုယ်ပိုင်အမူအကျင့်တွေရှိပါတယ်။ သူတို့ဟာမရင်းနှီးသေးတဲ့အကောင်သစ်ကိုတွေ့ရင် ကိုယ်ပိုင်မတူညီတဲ့ပုံစံတွေနဲ့ တုန့်ပြန်ကြပါတယ်။ ဥပမာ-အိမ်ကကြောင်ကအရမ်းကြောက်နေတာဒါမှမဟုတ်အလွယ်တကူစိတ်ဆင်းရဲသောကရောက်နေတဲ့ပုံမျိုးဖြစ်နေတာမျိုးတွေပါ။ ဒါကြောင့် ကြောင်ပိုင်ရှင်မှာခွေးထပ်မွေးတာကလည်းအကောင်းဆုံးဆုံးဖြတ်ချက်မဖြစ်နိုင်ပါဘူး”လို့တိရစ္ဆာန်မွေးစားခြင်းဆိုင်ရာစင်တာASPCA က မန်နေဂျာကယ်လီဒီစီကိုကပြောပါတယ်။ သူမကပဲ“အကြံပေးချင်တာကကြောင်ရှိပြီးသားဆိုကိုယ့်ကြောင်ကဘယ်လိုအကျင့်မျိုးလဲ၊ ဘယ်လိုကစားဖော်မျိုးကို နှစ်သက်လဲအရင်စဉ်းစားကြည့်ပေါ့။ ကိုယ့်သူငယ်ချင်း၊ မိသားစုဝင်တွေမှာ ခွေးဒါမှမဟုတ် ကိုယ့်ကြောင်ခင်တဲ့အိမ်မွေးတိရစ္ဆာန်တွေရှိရင်သူတို့ကိုအတူထားကြည့်ပြီးတုန့်ပြန်မှုကိုစမ်းသပ်ကြည့်တာမျိုးလုပ်သင့်ပါတယ်။ ကိုယ့်ကြောင်ကအဲ့ဒီအကောင်လေးတွေနဲ့ ခင်မင်ရင်းနှီးနေပြီ၊ သူတို့ကစားနေတာလည်းအဆင်ပြေတာတွေ့ရတယ်ဆိုနောက်ထပ် ကိုယ်ဘယ်လိုတိရစ္ဆာန်လေးတွေမွေးသင့်လဲစဉ်းစားလို့လွယ်သွားတာပေါ့” လို့ ထပ်ပြောပါတယ်။

Marcus/Pexels
ခွေးနဲ့ကြောင်ကသူတို့ကိုနှစ်သက်တဲ့အကောင်လေးတွေကို ပြန်ပြီးချစ်ခင်လေ့ရှိပါတယ်
လူတွေလိုပါပဲ၊ တချို့အိမ်မွေးတိရစ္ဆာန်လေးတွေကသူ့တို့အနီးအနားမှာရှိတဲ့အကောင်လေးတွေကို နှစ်သက်လေ့ရှိပါတယ်။ ကိုယ်ကတိရစ္ဆာန်လေးထပ်မွေးမယ်ဆိုတခြားအိမ်မွေးလေးတွေနဲ့ တည့်အောင်နေတတ်တဲ့အကောင်မျိုးရှာတာလည်းကောင်းပါတယ်။ နောက်ပြီးကိုယ်ထပ်မွေးချင်တဲ့အကောင်လေးတွေရဲ့အမူအကျင့်ကိုလေ့လာတာလည်းအရေးကြီးပါတယ်။ သူတို့ရဲ့အကျင့်လေးတွေ ဘယ်လိုရှိလဲ၊အိမ်မှာမွေးထားတဲ့ ကြောင်၊ ခွေးလေးတွေနဲ့ တည့်နိုင်မလား ကြိုတင်လေ့လာထားသင့်ပါတယ်။
ကုန်ကျလာမယ့်စရိတ်တွေအတွက် ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်
ဒါကိုလည်းမေ့ထားလို့မရပါဘူး။အကောင်လေးတွေထပ်မွေးရင် လစဉ်ကုန်ကျမယ့်စရိတ်ကဘယ်လောက်ရှိလာမလဲ ကြိုတွက်ထားသင့်ပါတယ်။အစားအစာ ထပ်ဝယ်ရမယ်၊ လည်ပတ်၊အရုပ်၊အင်္ကျီလိုမျိုးတခြားလိုအပ်တာတွေ ဝယ်ရပါတော့မယ်။ ဒါတွေအပြင် သူ့တို့ကိုဆေးခန်းပြရမယ့် စရိတ်တွေလိုမျိုးကိုယ်မျှော်လင့်ထားတာထပ် ပိုတာမျိုးတွေ ရှိလာနိုင်ပါသေးတယ်။ ကောင်းတာကတော့ စရိတ်ကိုသပ်သပ်စီခွဲထားတာမျိုးပေါ့။ ကြောင်လေးအတွက် ဘယ်လောက်အကုန်အကျခံမယ်၊ ခွေးလေးအတွက်ကတော့ ဘယ်လောက်သတ်မှတ်မယ်။အဲ့ထဲကနေပဲလိုအပ်တာလေးတွေ ဝယ်ယူသုံးစွဲပေးမယ်ကန့် သတ်ထားတာမျိုးပါ။ ဒါမှလည်းခွေးလေး၊ ကြောင်လေးတွေကိုရေရှည်အတူတူဂရုစိုက်သွားနိုင်မှာပေါ့။

Rexfed/Pixabay
ခွေးနဲ့ကြောင်ကိုမိတ်ဆက်ပေးတဲ့အခါ စိတ်ရှည်ရှည်နဲ့ ကြိုးစားပေးဖို့လိုပါတယ်
ခွေးနဲ့ကြောင်ကိုပထမဆုံးအကြိမ်တွေ့ဆုံပေးတဲ့အခါ ဖြေးဖြေးနဲ့ စိတ်ရှည်ရပါမယ်။မိတ်မဆက်ပေးခင်၊ သူတို့တွေအနံ့ခံတာစောင့်ပေးဖို့လိုပါတယ်။ တိရစ္ဆာန်လေးတွေအချင်းချင်းတွေ့ကြတဲ့အခါမှာမျက်နှာချင်းမဆိုင်ခင်အနံ့တွေဖလှယ်လေ့ရှိကြပါတယ်။ ဒီအနံ့တွေဟာအကောင်လေးတွေ တစ်မိုးအောက်အတူတူနေထိုင်ကြတဲ့အခါအပြန်အလှန် နှစ်သက်စေဖို့အများကြီးအထောက်အကူပြုပေးပါတယ်။
ကဲနောက်ဆုံးတော့ မိတ်ဆက်ကြပါပြီ။ ဒီအခါမှာ သဘာဝကျကျနဲ့ ဖြေးဖြေးချင်းတွေ့ဆုံပေးဖို့အရေးကြီးပါတယ်။ ကိုယ်ကအတင်းအကျပ် ဘာမှမလုပ်ပါနဲ့။ သူတို့လေးတွေအချင်းချင်းသက်တောင့်သက်သာနဲ့အပြန်အလှန်တုံ့ပြန်တာကိုပဲစောင့်ကြည့်ပေးပါ။ပထဆုံးတွေ့ဆုံမှုမှာပိုင်ရှင်တွေလုပ်နိုင်တဲ့အရေးကြီးတဲ့တစ်ချက်ကတော့ သူတို့လည်ပတ်ကိုကိုင်ပြီးထိန်းထားတာမျိုး၊ ဒါမှမဟုတ်အကောင်လေးတွေကြားတခြားစိတ်ချရတဲ့အခုအခံအတားအဆီးထားပေးတာမျိုးပါ။ နောက်တစ်ချက်ကတော့အကောင်သစ်လေးတွေအချင်းချင်းရန်လိုနေတာမျိုး၊ ကြောက်ရွံ့နေတဲ့အခြေအနေမျိုးဖြစ်နေတယ်ဆိုသူတို့ပဲထားပြီးကိုယ်ကရှောင်ထွက်မသွားဖို့ပါပဲ။ ဒီလိုမှမဟုတ်ရင်တော့အခြေအနေတွေကဆိုးသွားနိုင်ပါတယ်။

Sstock/Pexels
အခန်းဖော်သစ်ကြောင်/ခွေးလေးတွေအတွက်အခန်းပြင်ဆင်မွမ်းမံဖို့ လိုအပ်ကောင်းလိုအပ်ပါလိမ့်မယ်
“အကောင်သစ်လေးအတွက် နေရာထိုင်ခင်းကိုလည်းမမေ့သင့်ပါဘူး။အစာစားဖို့နေရာ၊ ကစားဖို့ box လေးတွေ၊ နောက်ပြီးသူတို့ပြေးပုန်းဖို့နေရာတွေ ဒါတွေကိုလည်း ကြိုတင်စဉ်းစားဖိုု့လိုအပ်ပါတယ်။ ကြောင်လေးတွေကလှည့်ပတ်ကစားရတာကြိုက်တယ်။ ခွေးလေးတွေကတော့ သူတို့အစာနဲ့ပတ်သက်ရင် နဲနဲရန်လိုတယ်။ တခြားအကောင်တွေလာထိတာမကြိုက်ကြဘူး။ ဒါကြောင့်အစာစားချိန်မှာ ပြဿနာမဖြစ်အောင် ကိုယ့်ခွေး၊ ကြောင်လေးတွေရဲ့အစာခွက်တွေကိုနီးနီးကပ်ကပ်မထားပဲ ခပ်ဝေးဝေးမှာ ထားသင့်တယ်”လို့ ASPCA က မန်နေဂျာကယ်လီဒီစီကိုကအကြံပေးထားပါတယ်။
နောက်ပြီးကြောင်လေးတွေအတွက်အညစ်ကြေးစွန့်တဲ့နေရာကိုလည်း လူအဝင်အထွက်နည်းပြီး တိတ်ဆိတ်တဲ့နေရာမှာထားသင့်ပါတယ်။ သူတို့ကစားတဲ့နေရာနဲ့လည်း ဝေးဖို့လိုပါလိမ့်မယ်။ ဒီလိုမှမဟုတ်ရင် ခွေးလေးကလာပြီးဖွသွားတာ၊ ကစားတာတွေလုပ်နိုင်ပါတယ်။
ကိုယ့်အိမ်မွေးတိရစ္ဆာန်လေးတွေကိုသီးခြားစီအချိန်လေးတွေပေးဖို့လိုမယ်
ခွေးလေးတွေရော၊ ကြောင်လေးတွေရောအိမ်ကိုရောက်လာတဲ့အခါမှာသခင်ရဲ့အချစ်တွေ၊ နွေးထွေးမှုတွေလိုအပ်ပါတယ်။ ကိုယ်က နှစ်ကောင်လုံးမွေးထားပြီဆိုရင်တော့ နှစ်ဆပိုပြီးဂရုစိုက်ရတော့မှာပေါ့။ ဆိုလိုတာကခွေးရောကြောင်ရောကသူ့ထက်ငါ သခင်နားကပ်နေဖို့ ကြိုးစားကြတော့မှာပါ။ ဒါကြောင့်အကောင်သစ်လေးခေါ်လာပြီဆိုရင် သူတို့လေးတွေကိုသီးခြားကစားပေးတာ၊ ချစ်ခင်ပေးတာတွေလုပ်ဖို့ မမေ့သင့်ပါဘူး။
KYM