
အသည်းကွဲတာပဲ ကွဲချင်တဲ့အချိန် ကွဲလို့ရပါတယ် လို့ ပြောချင်ပြောကြပါလိမ့်မယ်။ ဒါပေမယ့်အသည်းကွဲတယ်ဆိုတာကလည်းအခြေအနေနဲ့အချိန်အခါလေးကောင်းမှ ပိုပြီး ခံစားလို့ကောင်းတာ၊ ဒဏ်ရာတွေအကျက်မြန်တာပါ။ ဒီလိုမှမဟုတ်ပဲ ကိုယ်အဆင်မပြေတဲ့အချိန်အသည်းကလာကွဲတယ်ဆိုရင် ဘဝကြီးက ဘာမှပျော်စရာမရှိတော့သလိုမျိုး ခံစားရမှာအသေအချာပဲလေ။အထူးသဖြင့် ပိုက်ဆံမရှိတဲ့အချိန်တွေဆိုရင်အသည်းမကွဲသင့်ဘူးလို့တောင် ပြောရမှာဖြစ်ပြီး ဘာကြောင့်များအသည်းမကွဲသင့်တာလဲလို့မေးရင်တော့……
(၁)။ ပိုပြီးဝမ်းနည်းရတယ်
ပိုက်ဆံမရှိလို့အဆင်မပြေပါဘူးဆိုမှအသည်းက လာ ထပ်ကွဲနေတော့ ဆိုးပြီလေ။ စိတ်ညစ်နေတဲ့အဆင့်ကနေ စိတ်ပျက်ပြီး ဝမ်းနည်းတဲ့အဆင့်အထိ ရောက်သွားမှာပါ။အဲဒီနောက် ဝမ်းနည်းလို့ ဆုံးမှာမဟုတ်တော့ဘူး။ တကယ်လို့ မျက်ရည်ကျတတ်တဲ့သူဆိုရင်အသည်းကွဲတာရော၊ ပိုက်ဆံမရှိတာကြောင့်ရော ရောပြီး ငိုလို့ပြီးတော့မှာတောင်မဟုတ်ဘူး။ ကိုယ့်မှာ ပိုက်ဆံပေါတဲ့အချိန်အသည်းကွဲရင် စိတ်ပြေလက်ပျောက်တစ်ခုခု ထလုပ်လို့ရသေးပေမယ့် ပိုက်ဆံမရှိတဲ့နောက်တော့ ထိုင်ပြီး ဝမ်းနည်းနေဖို့ပါပဲ။

WAYHOME studio/Shutterstock
(၂)။အသည်းကွဲတာကို တခြားနည်းလမ်းတွေနဲ့ မဖျောက်နိုင်ဘူး
ကိုယ်ကအသည်းကွဲလို့ သူများတွေလို မူးအောင်သောက်မလားမှတ်တယ်။ မူးအောင်သောက်ဖို့ ပိုက်ဆံမရှိ။ စိတ်ပြေလက်ပျောက်လေး ခရီးထွက်ချင်ပေမယ့်လည်း ခရီးထွက်စရာ ပိုက်ဆံမရှိ။အလုပ်ကိုခွင့်ယူပြီးအိမ်မှာ စိတ်ညစ်ညစ်နဲ့အိပ်နေချင်တာတောင် ပိုက်ဆံအဖြတ်ခံရမှာစိုးလို့ ခွင့်မယူရဲ။ ဒီလိုနဲ့အသည်းကွဲခြင်းရဲ့ ဒဏ်ရာတွေကို ဘာနဲ့မှမကာကွယ်နိုင်ပဲ လှိမ့်ခံနေရမှာပါ။အရမ်းကိုနာကျင်ဖို့ကောင်းတဲ့အချိန်တွေပေါ့။

fongbeerredhot/Shutterstock
(၃)။ ပြန်ပြီးပြေလည်ဖို့အခွင့်အရေးနည်းတယ်
“နင်နဲ့ငါနဲ့ ပြတ်ပြီ” လို့ ပြောလိုက်တဲ့အချိန်မှာ သူကြိုက်တာလေးတွေ၊ ရိုမန်းတစ်ဖြစ်တာလေးတွေနဲ့ စိတ်ရှည်ရှည်ချော့နိုင်ရင် ပြန်ပြီးပြေလည်ဖို့အခွင့်အရေးရှိသေးပေမယ့် ပိုက်ဆံမရှိတဲ့နောက်တော့အဲဒါတွေလည်းမလုပ်နိုင်၊ ပြေလည်ဖို့လည်းအခွင့်အရေးမရှိတွေ ဖြစ်ကုန်တော့တာပါပဲ။ ကိုယ့်မှာ ပန်းစည်းဝယ်ပေးပြီး ချော့ရအောင်လည်း ပိုက်ဆံမရှိ။ သူကြိုက်တဲ့အရုပ်အကြီးကြီးတွေဆို ဝေလာဝေး။ ပိုက်ဆံမရှိတဲ့အချိန်မှာအသည်းကွဲတယ်ဆိုတာ ကျည်ဆံကုန်နေတုန်း ရန်သူလာပစ်သွားသလိုပါပဲ။ ဘာမှ ပြန်မလုပ်နိုင်တော့ပဲအရှုံးပေးလိုက်ရတာမျိုး။

fongbeerredhot/Shutterstock
(၄)။ မဆိုင်တဲ့အတွေးတွေ ဝင်လာတတ်တယ်
ကိုယ်အသည်းကွဲရတာက နှစ်ယောက်သား ဆက်ပြီးတွဲရတာအဆင်မပြေလို့ လမ်းခွဲလိုက်ကြတာမျိုး၊ တစ်ယောက်နဲ့တစ်ယောက် ကတောက်ကဆဖြစ်ပြီး ဇာတ်လမ်းပြီးသွားတာမျိုးကြောင့် ဖြစ်ပေမယ့် ပိုက်ဆံမရှိတဲ့အချိန်ဆိုရင် “ငါ့မှာပိုက်ဆံမရှိလို့များ ဒီလိုပြတ်သွားတာလား” ဆိုတဲ့အူကြောင်ကြောင်အတွေးကြီး ဝင်လာမှာပါ။အဲဒီလိုနဲ့ “ငါသာ ပိုက်ဆံတွေရှိနေရင် ဒီလိုအသည်းကွဲရမှာမဟုတ်ဘူး” “ပိုက်ဆံများရှိခဲ့ရင် ဘယ်လိုလုပ်လိုက်မယ်၊ ညာလိုလုပ်လိုက်မယ်” နဲ့ မဆိုင်တဲ့အတွေးတွေကိုပါ တွေးမိစေမှာဖြစ်ပြီး ချက်ချင်းပဲ သူဌေးဖြစ်အောင် လုပ်မိတော့မလိုလို၊ ထီပေါက်ချင်လာသလိုလိုနဲ့ ကယောင်ခြောက်ခြားတွေ ဖြစ်လာစေမှာပါ။
Linn