မကြာခဏအိမ်မက်မက်တတ်တဲ့သူတွေနဲ့အိမ်မက်ဆိုးမက်လေ့ရှိတဲ့သူတွေကအိမ်မက်တွေနဲ့ ပတ်သက်ရင်သူများထက်ပိုပြီး သတိရှိတာ သူတို့ရဲ့ဦးနှောက်ကအသေးစိတ်မှတ်မိနေတာမျိုးအိမ်မက်နဲ့စိတ်ခံစားမှုက ဆက်သွယ်နေတာမျိုးတွေကြုံရတတ်ပါတယ်။အိမ်မက်တွေနဲ့ ပတ်သက်ပြီး ဒီလိုကောင်းကျိုးတွေခံစားရတာကပြဿနာမရှိပေမယ့်အိမ်မက်ဆိုးတွေမက်ပြီးအဲဒီအိမ်မက် ဆိုးကြောင့်ကိုယ့်ရဲ့လက်တွေ့ဘဝကိုထိခိုက်စေမယ်ဆိုရင်တော့အဆင်မပြေနိုင်ပါဘူး။ တစ်ခါတလေအိမ်မက်တွေက စိတ်ထဲမှာရှိနေတဲ့အရာတွေ မသိစိတ်မှာဖြစ်ပေါ်နေတဲ့ ကြောက်ရွံ့မှု၊ ပျော်ရွှင်မှု၊ နာကျည်းမှုစတဲ့စိတ်ခံစားမှုတွေကနေမက်လေ့ရှိပါတယ်။အခုအမေရိကန် The Lucidity Institute က Dr Stephen LaBerge ကအိမ်မက်တွေကိုထိန်းချုပ်နိုင်မယ့် The MILD Technique ကိုလေ့လာဖော်ထုတ်ခဲ့ပါတယ်။ ဒါကြောင့် Dr Stephen LaBerge ရဲ့ The MILD Techniqueအရအိမ်မက်နဲ့အိမ်မက်ဆိုးတွေကိုထိန်းချုပ်နိုင်မယ့်နည်းလမ်းတွေကိုဖော်ပြပေးလိုက်ပါတယ်။
(၁)အိပ်ရာဝင်တဲ့အခါ သင်ဆန္ဒရှိတဲ့အကြောင်းအရာကိုသာတွေးပါ
လူအများစုကညအိပ်တဲ့အခါ ခေါင်းအုံးပေါ် ခေါင်းချလိုက်တာနဲ့ချက်ချင်းအိပ်ပျော်သွားတာမဟုတ်ဘဲ ဟိုတွေးဒီတွေး တွေးတတ်ကြပါတယ်။ ဒါကြောင့်အိပ်မက်ဆိုးတွေမမက်ဖို့ဆိုရင်အိပ်ခါနီးအတွေးတွေကိုဂရုစိုက်ဖို့လိုပါတယ်။ သင့်အိမ်မက်ထဲမှာမက်ချင်တဲ့အကြောင်းအရာကိုတွေးနိုင်ပါတယ်။ သင့်စိတ်ကူးဉာဏ်ကွန့်မြူးနိုင်ရင်ကွန့်မြူးနိုင်သလောက် သင့်အတွက်ခွန်အားဖြစ်စေမယ့်အကြောင်းအရာတွေ၊ စိတ်ချမ်းသာစေမယ့်အကြောင်းအရာတွေတွေးဖို့လိုပါတယ်။ ဒါပေမဲ့ သင်ကအဲဒီလိုထွေထွေထူးထူးစိတ်ကူးမယဉ်တတ်တဲ့သူဆိုရင်တော့ သင့်ဘဝမှာအဖြစ်ချင်ဆုံးဆန္ဒတစ်ခု ဒါမှမဟုတ် သင်ရောက်ဖူးချင်တဲ့ခရီးစဉ်အကြောင်းစသဖြင့် သေချာတဲ့ဆန္ဒတစ်ခုကို တွေးဖို့လိုပါတယ်။ ဒါဆိုရင် သင့်ရဲ့အိမ်မက်တွေကိုထိန်းချုပ်သွားနိုင်မှာပါ။
(၂)အရင်ကမက်ဖူးတဲ့ ကောင်းတဲ့အိမ်မက်တွေအကြောင်းအာရုံစိုက်စဉ်းစားပါ
တစ်ခါတလေမှာ တူညီတဲ့အိမ်မက်တွေ ထပ်ခါထပ်ခါမက်တာမျိုးဖြစ်ဖူးကြလားမသိဘူး။အဲဒီလိုကျွန်မတို့ထပ်ခါထပ်ခါမက်တဲ့အိမ်မက်က စိတ်ချမ်းသာစရာကောင်းတဲ့အိမ်မက်ဖြစ်နေရင် ဒီအိမ်မက်ကနေ နိုးသွားမှာတောင်ကြောက်ရပါတယ်။ ပြီးတော့ဒီအိမ်မက်မျိုးကိုပဲ ပြန်မက်ချင်နေမိပါတယ်။ ဒါကြောင့်အိမ်မက်ဆိုးမက်တာကိုကာကွယ်ဖို့ဆိုရင်အရင်ကမက်ဖူးတဲ့ ကောင်းတဲ့အိမ်မက်တွေကို focus ထားပြီးစဉ်းစားနိုင်ပါတယ်။အိမ်မက်ထဲမှာဖြစ်ပျက်ခဲ့တဲ့ပုံစံတွေ ခံစားခဲ့ရတဲ့ခံစားမှုတွေကိုပြန်ပြီးစိတ်ကူးကြည့်ပါ။ ဒီလိုစဉ်းစားတာကလည်းအိမ်မက်တွေကိုထိန်းချုပ်နိုင်ဖို့အတော်လေးအထောက်အကူဖြစ်စေတယ်လို့သိရပါတယ်။
(၃)သင်ဖြစ်ချင်တဲ့ဆန္ဒတွေကိုချရေးပြီး သင့်ကိုယ်သင်အမြဲသတိပေးပါ
သင်ဖြစ်ချင်တဲ့ဆန္ဒတွေကို စာရွက်ပေါ်မှာချရေးပြီး “ငါ နောက်တစ်ခါအိမ်မက်မက်ရင် ဒီအကြောင်းအရာတွေပဲမက်မယ်၊ ငါ့အိမ်မက်ထဲကို ဒါတွေထည့်မက်မယ်”ဆိုပြီးသင့်ကိုယ်သင်သတိပေးဖို့လိုပါတယ်။ ဒီလိုလုပ်လို့ ဖြစ်နိုင်ပါ့မလားလို့သင်ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီနည်းလမ်းကလည်းအိမ်မက်ဆိုးတွေကိုတားဆီးဖို့ သင့်အိမ်မက်တွေကိုထိန်းချုပ်ဖို့အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ နောက်တစ်ခုက သင်ဖြစ်ချင်တဲ့ဆန္ဒတွေကို ကိုယ့်ကိုယ်ကိုယ်အမြဲသတိပေးနေတဲ့အတွက်အိမ်မက်ထဲမှာသတိရရုံသာမက လက်တွေ့အကောင်အထည်ဖော်တဲ့နေရာမှာလည်းသင့်ကိုပိုပြီးလွယ်ကူစေမှာဖြစ်ပါတယ်။
(၄)တစ်ခါမှမမက်ဖူးတဲ့ ထူးဆန်းတဲ့အကြောင်းအရာတွေကိုတွေးကြည့်ပါ
တစ်ခါတလေမှာ သင်တစ်ခါမှမမက်ဖူးတဲ့အကြောင်းအရာတွေ၊ သင့်ဘဝမှာလက်တွေ့ဖြစ်ဖို့ မလွယ်ကူတဲ့အကြောင်းအရာတွေကိုအိပ်ခါနီးစိတ်ကူးယဉ်ကြည့်တာကလည်းသင့်ကိုအိမ်မက်ဆိုးမက်တာကနေကာကွယ်ပေးနိုင်ပါတယ်။ (ဥပမာ သင်အကြိုက်ဆုံး ရုပ်ရှင်မင်းသားနဲ့လက်ထပ်ပွဲကျင်းပချင်တာမျိုးပေါ့ - :P )၊ နောက်တစ်ခုကသင့်ကိုကောင်းကောင်းအိပ်ပျော်စေမယ့်အရာတွေကိုလေးလေးနက်နက်အာရုံစိုက်ထားရင်လည်း သင့်ကိုအိမ်မက်တွေကနေကျော်လွန်ပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားစေလို့ ဒီနည်းကလည်းအသုံးဝင်ပါလိမ့်မယ်။ ဥပမာ စကားလုံးတွေရွတ်တာ၊ နာရီလက်တံလည်တာကိုအာရုံစိုက်ထားတာအသံတစ်သံတည်းကိုအာရုံစိုက်နားထောင်တာမျိုးတွေကသင့်ကိုအိမ်မက်ဆိုးမမက်အောင်ကူညီပေးနိုင်ပါတယ်။