ဖုန်းစကရင်ပေါ်မှ ကစားပွဲများ
ထီပေါက်မှ ပိုက်ဆံရတာမဟုတ်ဘူး၊ ဂိမ်းကစားပြီး ပိုက်ဆံရနိုင်ပါပြီ။အွန်လိုင်းပေါ်က ဂိမ်းကြော်ငြာတစ်ခုကိုယင်းသို့လျှင် ကျွန်တော်တွေ့လိုက်ရသည်။ ကျွန်တော်ထိုင်နေကျ လက်ဖက်ရည်ဆိုင်တွင် ကျွန်တော်နှင့်အမြဲလိုလို တစ်စားပွဲတည်းထိုင်ထိုင်ဖြစ်နေသည့် ဂိမ်းကစားသည့် လူငယ်သုံးယောက်ရှိသည်။
သူတို့သုံးယောက်ဆုံလျှင် စားပွဲဝိုင်းတွင် သူတို့သုံးယောက်၏ မချိတင်ကဲအသံများဖြင့် ဝေစည်နေတော့သည်။ တစ်ခါတစ်ရံမှာတော့နှစ်ယောက်တည်းသာ ရှိနေတတ်သည်။အခုတလောမှာတော့ တစ်ယောက်တည်းသာ ဆိုင်မြဲနေသည်ကို တွေ့ရသည်။ ထိုလက်ဖက်ရည်ဆိုင်ထဲတွင် မြန်မာနက်ကစက်သေးလေးတစ်လုံးလာတပ်ထားသည်။ သူတို့က ထိုစက်ကလေးနှင့်အနီးကပ်သုံးကြရသဖြင့် တစ်နေ့နှစ်ရာကြိုက်သလောက်သုံးနှင့်အတော့်ကိုအဆင်ပြေနေကြသည်။
တကယ်တော့ ထိုစားပွဲတွင် သူတို့ကအမြဲဦးထားပြီး ကျွန်တော်ကအမြဲနောက်ကျပါသည်။ ကျွန်တော်ဘယ်လောက်ပဲစောစော သူတို့လောက်မစောပေ။ တစ်ယောက်တည်းကျန်သောအချိန်တွင် ထိုတစ်ယောက်တည်းက ငြိမ်နေတော့သည်။ သူတို့ကလည်း ကျွန်တော့်ကိုအနှောင့်အယှက်မပေးသလို ကျွန်တော့်ကြောင့်လည်း သူတို့မှာအနှောင့်အယှက်မဖြစ်ပါ။ ကျွန်တော်က ဂိမ်းကစားတာ ဝါသနာမပါသဖြင့် ကျွန်တော့်လက်ကိုင်ဖုန်းထဲတွင်အပြင်းပြေကစားစရာ ဂိမ်းကလေးတစ်ခုတလေပင်မရှိပါ။
တစ်ခါတစ်ရံ ကျွန်တော်ကလည်း တစ်ယောက်တည်း၊ဂိမ်းကစားသည့် လူငယ်ကလည်း တစ်ယောက်တည်း ရှိနေတတ်သည်။ ထိုအချိန်မျိုးတွင် ကျွန်တော်က သူကစားနေသော ဂိမ်းကိုအပြင်းပြေငေးကြည့်တတ်ပါသည်။ထိုလူငယ်မှာ ဂိမ်းကစားသည့်အတွေ့အကြုံအတော်ကလေးရှိသည်ဟု ဆိုရမည်။ သူကစားနေပုံမှာအခြားသော ဂိမ်းကစားနေကြသူတွေလို ပျာယာခတ်နေတာကို မတွေ့ရပေ။အတွေ့အကြုံရှိသူ၊ ကျွမ်းကျင်သူဖြစ်သော်လည်း သူလည်း ရှုံးပါသည်။ ရှုံးသွားသောအခါ ဂိမ်းကိုပြန်စပါသည်။ဆက်ကစားသည်။ ရှုံးသွားလျှင် နောက်ထပ်ပြန်စသည်။ နိုင်သွားတော့လည်း နောက်တစ်ဆင့်ကိုတက်သွားပါသည်။သူတို့ဂိမ်းက ရှုံးသွားလျှင် ပြန်ပြန်စ၍ရသည်။ထိုသို့အချိန်မရွေးပြန်ပြန် စ၍ရသောကြောင့်လားမသိ၊ သူတို့မှာရှုံးလျှင်ပြန်စ၊ လဲလျှင်ပြန်ထအလေ့အကျင့်ရနေသည်ဟုဘေးကကြည့်ပြီး ကျွန်တော်တွေးနေသည်။ ရှုံးလျှင်ပြန်စ၍ ရခြင်းသည်အရှုံးကြောင့်တစ်စုံတစ်ရာခံစားနေစရာမလိုဟု ထင်နေလေမလားဟုကျွန်တော်တွေးသည်။သူတို့သည်ဂိမ်းကစား၍ရှုံးလျှင် ချက်ချင်းပြန်စ၊လဲကျလျှင်ချက်ချင်းပြန်ထခြင်းအပေါ်ကြေကွဲဝမ်းနည်း ခံစားနေခြင်းမရှိကြပေ။
ထိုအလေ့အကျင့်ကို ကျွန်တော်သဘောကျနေတတ်ပါသည်။အရှုံးမပေးစတမ်း ရင်ဆိုင်သည်ဟုဆိုနိုင်သည်ဟူသောအလေ့အကျင့်မဟုတ်ပါလား။ သူတို့ရှုံးသွားသဖြင့် စိတ်ဓာတ်ကျမသွားကြပါ။ ချက်ချင်းပြန်စခြင်းဖြင့်အေးအေးဆေးဆေးရှိကြသည်။ ဘဝ၏စိန်ခေါ်မှုတွေကိုသာ ထိုစိတ်ဓာတ်ဖြင့် ကျော်လွှားဖြတ်သန်းနိုင်မည်ဆိုလျှင်စိန်ခေါ်မှုတွေကို ကြောက်နေစရာမလိုတော့ဟု ထပ်ဆင့်တွေးကာ ကျွန်တော်က ဘဝင်ကျသွားသည်။ သို့သော်လည်း သူတို့သည် ထိုဂိမ်းကပေးသောအလေ့အကျင့်ကိုဘဝ၏ စိန်ခေါ်မှုတွင်အသုံးမချနိုင်ကြတာကို တွေ့လာရသည်။
ကျွန်တော်နှင့်အတူ ထိုင်တတ်သော ဂိမ်းကစားသည့်လူငယ်များရှိသလို ကုမ္ပဏီကားဖြင့်ကုန်ပစ္စည်းလှည့်ပို့သောကားတွေလည်း ထိုလက်ဖက်ရည်ဆိုင်တွင် လာထိုင်ကြရင်း ဂိမ်းကစားနေကြတာကိုလည်း တွေ့ရပါသည်။သူတို့ကို ကြည့်ရသည်မှာ ဂိမ်းကစားခြင်းကိုအချိန်ရှိခိုက်လုံ့လစိုက်နေကြသည့်သဘောတွေ့ရသည်။ ဆိုင်ထဲရောက်သည်နှင့် လက်ကိုင်ဖုန်းဖွင့်ကာ ဂိမ်းဆော့ကြတော့သည်။သူတို့သည်လည်း ကျွန်တော့်စားပွဲကလူငယ်တွေလိုရှုံးသွားလျှင် ချက်ချင်းပြန်စကြသည်ပင်ဖြစ်သည်။
ထိုကုမ္ပဏီဝန်ထမ်းလူငယ်များသည် တစ်ခါတစ်ရံတွင်သူတို့အလုပ်နှင့်ပတ်သက်၍ မကျေလည်တာတွေကိုပြောဆိုနေကြတာ ကျွန်တော်ကြားရသည်။ သူတို့အလုပ်တွင်အဆင်မချောတာတွေကို ညည်းတွားရင်း စိတ်ဓာတ်တွေ ကျနေတတ်သည်။ထိုအဆင်မချောတာတွေအတွက်အခုအဆင်မပြေလျှင် နောက်တစ်ကြိမ်ပြန်ကြိုးစားမည်ဟူသော ဂိမ်းသဘောအတိုင်းမဟုတ်ဘဲ လက်လျှော့လိုက်တော့မည်ဟူသော သဘောကို ပြောဆိုနေကြသည်ကိုကြားရသည်။ သူတို့ပြောနေသည့်အဆင်မပြေမှုဆိုတာကလည်း သူတို့အတွက်အခက်အခဲကြီးမဟုတ်ကြောင်း နားထောင်ရသည်။ ထိုသို့အခက်အခဲကြီးမဟုတ်ဘဲအလွယ်တကူပင် လက်လျှော့လိုက်သည့်သဘောဖြစ်နေကြသည်မှာအားမရစရာပင်ဖြစ်ပါသည်။
ကစားပွဲများ၏အလေ့အကျင့်နှင့်ပတ်သက်၍ ကျွန်တော်တွေးထင်တာနှင့် လွဲသွားသည်ကို တွေ့ရတော့ လူသည်အလေ့အကျင့်များရာကနေ ကျွမ်းကျင်လာကာ ထိုအလေ့အကျင့်သည်လည်း သူ့ကိုယ်ပိုင်အလေ့အကျင့်ဖြစ်သွားတတ်သည်ဟု ထင်မှတ်ထားတာနှင့်ကိုက်ညီမှုမရှိတာကိုတွေ့လာရသည်။ ကျွန်တော်၏အတွေးသည် ထိုနေရာထိုအနေအထားတွင် လွဲချော်သွားပါသည်။
တစ်ခါကတော့ ကျွန်တော်လက်ဖက်ရည်ဆိုင်ကိုရောက်သွားချိန်တွင် ဂိမ်းကစားနေကျလူငယ်သည် သူ့လက်ကိုင်ဖုန်းကိုချထားကာ နာရီတကြည့်ကြည့်လုပ်နေတာကိုတွေ့ရသည်။ ကျွန်တော်က စိတ်ဝင်စားသွားသဖြင့်ဘယ်သွားစရာရှိလို့လဲဟု မေးလိုက်သည်။ လူငယ်ကပြုံးလိုက်ပြီး ဂိမ်းကစားမည့်အချိန်ကို စောင့်နေသည်ဟုဆိုသည်။ ကျွန်တော်နှင့် ဂိမ်းအလေ့စိမ်းတော့သူပြောတာကို ကျွန်တော်ကနားမလည်နိုင်ဖြစ်သွားသည်။
ထိုလူငယ်က ရှင်းပြသည်။ သူကစားနေသည့်ဂိမ်းကအချိန်ကာလအချိန်းအချက် တိုင်မင်ရှိသည်ဟုဆိုသည်။တိုင်မင်အတိုင်းအချိန်မီကစားနိုင်ရန်အတွက် နာရီကိုတစ်ချိန်လုံးကြည့်နေရတာဟုဆိုသည်။အချိန်းအချက်ကတိကျသဖြင့် သတိထားစောင့်ကြည့်ကာ ပါဝင်ကစားရသည်ဟုဆိုပါသည်။ ကျွန်တော်အထင်ကြီးသွားရပြန်ပြီဖြစ်သည်။ ဂိမ်းကစားခြင်းက လူတွေကိုအချိန်နှင့်တစ်ပြေးညီအလုပ်လုပ်ဖို့ရာအတွက် လေ့ကျင့်ပေးနေတာပဲဟု တွေးမိလိုက်သောကြောင့်ဖြစ်ပါသည်။ ဂိမ်းကစားသော ထိုလူငယ်တွေအချိန်ကိုတန်ဖိုးထားတတ်၊ လေးစားတတ်၊အလေးဂရုပြုတတ်သည့်အလေ့အကျင့်ကောင်း ရသွားမည်ဟု ဘဝင်ကျသွားရပြန်သည်။
ကျွန်တော်ထပ်မံ၍လွဲသွားရပြန်ပါသည်။ တစ်ရက်က ထိုလူငယ်သုံးယောက်သည် လက်ဖက်ရည်ဆိုင်ကနေ တစ်ယောက်ချင်းစီခွဲထွက်သွားကြသည်။ သူတို့အလုပ် သွားကြခြင်းဖြစ်ပြီးအလုပ်ကလည်း တစ်ယောက် တစ်နေရာစီဖြစ်နေသည်ကို တွေ့ရသည်။ မနက် ၉ နာရီတွင်အလုပ်ရောက်ရမည့်သူက ၉ နာရီခွဲကျော်မှ ဆိုင်ကနေအလုပ်ကိုသွားသည်။ ၁၁ နာရီမှာ ဂျူတီဝင်ရမည့်သူက ၁၁ နာရီကျော်မှ ဆိုင်ကထွက်သွားသည်။ နောက်ကျတော့လည်းအဆူခံလိုက်ရုံပေါ့ကွာဟူ၍လည်း ရယ်ကာမောကာပြောနေကြသေးသည်ကို တွေ့ရသည်။
ကိုယ်စိတ်ဝင်စားသည့်အလုပ်ဆိုလျှင်အလုပ်ထဲ စိတ်ပျော်သည်ဟု ဆိုကြပါသည်။ ဂိမ်းကစားကြသည့် ထိုလူငယ်များမှာ သူတို့စိတ်ဝင်စားသည့်ဂိမ်းကစားသည့်ကိစ္စတွင်အချိန်တိကျကြသော်လည်း သူတို့အလုပ်ကျတော့ ဂိမ်းလိုစိတ်မဝင်စားကြဟုသာဆိုရန်ရှိလေသည်။စိတ်မဝင်စားသော်လည်း ထိုအလုပ်သည် ကိုယ်လုပ်ရမည့်အလုပ်ဖြစ်သဖြင့် စိတ်ဝင်စားအောင် ကြိုးစားမည်ဟူသောစိတ်မျိုးသူတို့တွင် ရှိမနေကြောင်း ကျွန်တော်သတိထားလိုက်မိသည်။
တစ်ခါကတော့ ထိုသုံးယောက်ထဲမှအမြဲတမ်းရှိနေတတ်သော လူငယ်ကို ကျွန်တော်က နည်းနည်းစပ်စုကြည့်သည်။ ထိုလူငယ်က သူ့ကိုယ်ပိုင်လုပ်ငန်းဟုပြောရမည့်အလုပ်ကို လုပ်နေသူဖြစ်ကြောင်း သိလိုက်ရသည်။ သူကဈေးချိုတော်တွင် ဆိုင်ဖွင့်ထားသည်။ ဆိုင်ဖွင့်နောက်ကျလေ့ရှိသူဖြစ်ကြောင်းလည်း ကျွန်တော်သတိထားမိသည်။ ဆိုင်ဖွင့်နောက်ကျလည်း သူကတော့အေးအေးဆေးဆေးဖြစ်သည်။ ဈေးဝယ်တွေက ရောက်ချင်သည့်အချိန်မှ ရောက်လာကြတာဆိုတော့ နောက်ကျဖွင့်လည်း ကိစ္စမရှိဘူးဟုဆိုသည်။ သူ့ဆိုင်မဖွင့်သေးလျှင်လည်း ဖွင့်ထားသည့်ဆိုင်တွေကနေ ဝယ်သွား၍ ရသည်ဟုဆိုကာ ရယ်နေသည်။ ဆိုင်ဖွင့်ပြီး ဆိုင်ထိုင်ရင်း ဂိမ်းဆော့လို့ရတာပဲဟု ကျွန်တော်က သူ့ကိုအကြံပြုကြည့်သည်။ ဆိုင်ဖွင့်ထားလျှင် ဆိုင်ကိုအာရုံရောက်နေသဖြင့် ဂိမ်းဆော့ရတာအနှောင့်အယှက်ဖြစ်စေသည်ဟု ဆိုလာသည်။ကျွန်တော်တွေးသည့်အချိန်ကိုအတိအကျအလေးထားသည့်အလေ့အကျင့်ဟူသည်မှာအတွေးထဲမှာပင် ပျက်သွားရပြန်လေသည်။
နောက်လူငယ်တစ်ယောက်ကတော့ သူလက်ရှိလုပ်နေသည့်အလုပ်ကိုအလုပ်မရှိ၍ ဝင်လုပ်နေတာသာဖြစ်ပြီး သူလုပ်ချင်သည့်အလုပ်မဟုတ်ကြောင်း၊ သူလုပ်ချင်သည့်အလုပ်မလုပ်ရခင်စပ်ကြားခဏ ဝင်ခိုတာဟု ဆိုပါသည်။ ကျွန်တော်က သူ့ကိုအကြံနည်းနည်းပေးကြည့်လို့ရမလားဆိုတော့ သူက ပြောပါဆရာဟုဆိုသည်။ စားပွဲထိုးကလေးတွေပြောပြထား၍ ကျွန်တော့်ကို စာရေးသူမှန်းသိထားပုံရသည်။
လူ့ဘဝဆိုတာ ကိုယ်ဖြစ်ချင်တာတွေကိုဖြစ်ခွင့်ပေးထားသည့် ဖြစ်တည်မှုမဟုတ်ကြောင်း၊ ကိုယ်ဖြစ်ချင်တာကိုဖြစ်ခွင့်ရအောင်ကြိုးစားရသည့် ဖြစ်တည်မှုဖြစ်ကြောင်း၊ခဏတာဝင်ခိုစဉ်အခိုက်မှာလည်း ထိုခဏခိုသည့်အလုပ်ကိုကြိုးစားလုပ်သင့်ကြောင်း၊ ကြိုးစားလုပ်ကိုင်ခြင်းအတွေ့အကြုံကို ရယူထားသင့်ကြောင်း၊ ကိုယ်ဖြစ်ချင်တာကိုလုပ်ခွင့်ရလာချိန်တွင် ကြိုးစားခြင်းအတွေ့အကြုံက ကိုယ့်အလုပ်ကို လွယ်ကူစေမည်ဖြစ်ကြောင်း၊ တစ်ခါတစ်ရံကိုယ်ဖြစ်ချင်တာဖြစ်မလာဘဲ ကိုယ်ကြိုးစားလုပ်ကိုင်၍အောင်မြင်မှုရလာသည့်အခါ ထိုခဏတာခိုသည့်အလုပ်သည်ပင်လျှင် ကိုယ့်အတွက် တည့်မတ်ပေးလိုက်သည့်အခွင့်အလမ်းဖြစ်သွားတတ်ကြောင်း၊ ကိုယ်ဘယ်နေရာကိုပဲရောက်ရောက် ဘယ်အလုပ်ကိုပဲလုပ်လုပ်၊ ကိုယ်ရောက်သည့်နေရာတွင် ကိုယ့်အစွမ်းအစကိုအကောင်းဆုံးအသုံးချသင့်ကြောင်းအကြံပေးကြည့်သည်။
ထိုလူငယ်က တလေးတစားနားထောင်ပါသည်။ကျေးဇူးတင်ပါသည်ဟုလည်း ပြောသည်။ ထိုစကားတွေမှာ ကျွန်တော့်ကိုအားနာ၍ပြောသောစကားတွေလည်းဖြစ်ချင်ဖြစ်နိုင်ပါသည်။ သူ့ထံကနေ သူ့အလုပ်ကို သူစိတ်မဝင်စားကြောင်းပြောတာတွေကို ရံဖန်ရံခါကျွန်တော်အမှတ်မထင်ကြားကြားနေရဆဲဖြစ်ပါသည်။ဂိမ်းကစားရာတွင်သူတို့သည်အာရုံထားသလောက်သူတို့အလုပ်များအပေါ်တွင်ကျတော့အာရုံထားမှုအားနည်းသည်ဟု ကျွန်တော်မြင်မိသည်။
ကျွန်တော်တို့မြန်မာစကားတွင် နွားထီးလည်းငါးကျပ်၊နွားမလည်းငါးကျပ်ဟူသော စကားရှိပါသည်။ ကိုယ်လုပ်သလောက်အကျိုးခံစားခွင့်ရှိချင်သည်မှာ သဘာဝကျပါသည်။ ကိုယ်က ကုန်းရုန်းလုပ်နေရပြီး ရေသာခိုနေသူနှင့်အတူတူအကျိုးခံစားရသည်ဆိုသည်မှာ မှန်ကန်သောအနေအထားမဟုတ်ပေ။ သို့သော်လည်းတစ်ဖက်က တွေးကြည့်မည်ဆိုလျှင် ကိုယ့်ကြိုးစားအားထုတ်မှုသည် ကိုယ့်အတွေ့အကြုံအတွက်ကတော့အလဟဿဖြစ် မသွားဘဲ ကျွမ်းကျင်မှု ပိုရသည်ဟု တွေးကြည့်နိုင်ပါသည်။ ကျွမ်းကျင်မှုဟူသည်ဝယ်ယူ၍မရ၊ ကိုယ်တိုင် လေ့ကျင့်ရသည်ဖြစ်ရာ ထိုအတွေ့ကြုံနှင့်ကျွမ်းကျင်မှုက တစ်ချိန်ချိန်တွင် ကိုယ့်ကိုနေရာမှန်သို့ရောက်ရန် ပို့ဆောင်ပေးသွားနိုင်ပါသည်။
ကျွန်တော်တို့သည်အတွေ့အကြုံနှင့်အကျိုးရလာဘ်ကို ရွေးချယ်ခိုင်းလျှင်အကျိုးရလာဘ်ကိုသာ ရွေးချယ်တတ်ကြပါသည်။အတွေ့အကြုံကအကျိုးရလာဘ် ပိုမိုကြီးမားစွာရလာစေသည့်အခွင့်အရေးဖြစ်သည်ကိုအမှတ်တမဲ့ဖြစ်နေတတ်ကြပါသည်။အတွေ့အကြုံကြီးသူ၊ ကျွမ်းကျင်မှုကြီးသူတွင် ရွေးချယ်ခွင့်တွေပိုကြီးမားသည်ကိုသတိချပ်သင့်သည်။ ကျွန်တော်တို့ကကြိုးစားသူနှင့်ရေသာခိုသူအတူတူအခွင့်အရေးပေးသည့်နေရာမှာပဲ ထာဝရနေမည်ဆိုလျှင်တော့အတွေ့အကြုံများများရပြီး ကျွမ်းကျင်အောင် ကြိုးစားနေစရာမလိုပေ။ ကြိုးစားသလောက်အခွင့်အရေးရှိသည့်နေရာသို့ ခြေလှမ်းမည့် ရည်ရွယ်ချက်ကြီးသူဆိုလျှင်တော့ ရသည့်အခိုက်မှာ ကျွမ်းကျင်မှုနှင့်အလေ့အကျင့်ကိုအားဖြည့်ထားရပေလိမ့်မည်။
ကျွန်တော်စက်လှေလောကတွင် ကြုံခဲ့ရသောအတွေ့အကြုံတစ်ခုကိုမျှဝေလိုပါသည်။ ကျွန်တော်တို့ စက်လှေလောကတွင် လှေလုပ်သားတွေ ပြောလေ့ရှိသည့် စကားတစ်ခွန်း ရှိပါသည်။ လှေလုပ်သားတွေပြောသည့်စကားဟု ဆိုသည်ထက် တချို့သော လှေလုပ်သားတွေပြောလေ့ရှိသည့်စကားဟုဆိုကပိုသဘာဝကျပါမည်။ ရွက်တိုင်တွေ့ရင် ငါတို့လှေပဲပေါ့ကွာဟူသော စကားဖြစ်ပါသည်။
ရွက်တိုင်တွေ့လျှင် ငါတို့လှေဟုဆိုခြင်းမှာ လှေတိုင်းတွင် ရွက်တိုင်ရှိသဖြင့် လှေတိုင်းသည်သူတို့လှေ၊ သူတို့အလုပ်လုပ်၍ရသလှေဟု ဆိုလိုရင်း ဖြစ်ပါသည်။ ထိုသို့ သဘောထားသဖြင့် ထိုလှေလုပ်သားတွေသည် လှေတစ်စင်းစင်းတွင်အလုပ်မြဲအောင် လုပ်မည်ဟူသော သဘောမရှိ
ကြောင်း သိသာပါသည်။
သည်လှေကအလုပ်ထွက်လိုက်လျှင် နောက်လှေတစ်စင်းပေါ် တက်လုပ်လိုက်ရုံပဲဟု သဘောထားနေခြင်းဖြစ်သည်။ ထိုအခါ ထိုလှေလုပ်သားသည် လက်ရှိလုပ်နေသည့် လှေအလုပ်အပေါ် စိတ်ဝင်စားမှု လျှော့ကျသွားသည်။ ကြိုးစားချင်စိတ်လျှော့ပါးသွားသည်။ တာဝန်ကျေဟူသော စကားကို ကျွန်တော်တို့က ပေါ့လျှော့သည့်နေရာကနေ ပြောနေကြပါသည်။ တာဝန်ကျေခြင်းသည် လေးနက်သော သဘောဖြစ်ပါသည်။
ရွက်တိုင်တွေ့ရင် ငါတို့လှေဟု သဘောထားသော လှေလုပ်သားသည် လှေတစ်စင်းကနေ နောက်တစ်စင်းကိုရောက်သွားသည်။ နောက်တစ်စင်းကနေ နောက်ထပ်နောက်ထပ်တစ်စင်းပြီးတစ်စင်းရောက်သွားသည်။ ထိုသို့လှေတစ်စင်းပြီးတစ်စင်း ရွက်တိုင်တွေ့သမျှ လုပ်နေသော လှေလုပ်သားကို လှေလောကကလည်း လိုသုံးသဘောသာ ထားလိုက်ကြတော့သည်။ လိုသုံးသည်ရွေးချယ်ခွင့်မရှိသောသူဖြစ်ပါသည်။ လှေလုပ်မည်ဟု ပိုင်းဖြတ်ထားလျှင် လှေတစ်စင်းတည်းတွင် လုပ်နိုင်အောင် ကြိုးစားရပါလိမ့်မည်။ ထိုလှေကကိုယ့်ကြိုးစားမှုကိုအသိအမှတ်မပြုလျှင်တော့အသိအမှတ်ပြုသော လှေကိုပြောင်းလုပ်ရပေမည်။
လှေတစ်စင်းတည်းတွင်အလုပ်လုပ်ခြင်းကနေ ရလာသောအကျိုးကတော့ ကိုယ့်ကြိုးစားမှုနှင့် ကျွမ်းကျင်မှုဖြင့် လှေသားကနေ လှေသားကြီး၊ လှေသားကြီးကနေ လက်ထောက်ပဲ့နင်း၊ လက်ထောက်စက်ဆရာ စသည်ဖြင့်ကိုယ်စိတ်ဝင်စားတာကို လေ့လာပြီး ရာထူးတက်သွားနိုင်သည့်အခွင့်အရေးရှိသည်။ လှေလောကထဲအတူတူလာခဲ့ကြပြီး လှေသားကနေ မတက်သောသူနှင့် လှေသားကနေ တက်သွားသော သူကွာခြားသွားတာကို တွေ့ကြရသည်။ ကြိုးစားသူ၊ ကျွမ်းကျင်သူတွေကိုအလိုရှိသူတွေများလှပါသည်။
ကျွန်တော်က ဂိမ်းကစားနေကြသူတွေ၏ ဂိမ်းကစားခြင်းအတွေ့အကြုံကို ဘဝထဲသို့သွင်းကြည့်နေမိသည်။ ဂိမ်းထဲမှာပဲ လမ်းဆုံးနေကြသည်ကို တွေ့ရသောအခါ ကျွန်တော်အတွေးချော်နေမိတာကို သတိထားမိသွားသည်။အတွေ့အကြုံနှင့်အလေ့အကျင့်ကို တန်ဖိုးထားသောသူသည် ထိုတန်ဖိုးကြောင့်ပင်အောင်မြင်မှုဆီသို့ ရောက်ရှိသွားတတ်ပါသည်။ လူသည် မွေးလာကတည်းကအောင်မြင်မှုအမြုတေဖြင့် မွေးဖွားလာခြင်းဖြစ်ပါသည်။ထိုအမြုတေကို လက်တွေ့အသုံးချသူတွေကအောင်မြင်သွားကြပြီး လက်တွေ့အသုံးမချသူတွေက ရှုံးနိမ့်မှုတွေ ရရှိတတ်ပါသည်။
ဖုန်းစကရင်ပေါ်က ကစားပွဲများကို စိတ်ဝင်စားသူတွေအတော်များသည့်အထဲတွင် လူငယ်တွေကအများစုဖြစ်ပါသည်။ သူတို့သည် ဖုန်းထဲက ကစားပွဲအတွက်ကိုသာ လေ့ကျင့်နေကြပြီး ဘဝအတွက်အရေးပါသော ကစားပွဲအလေ့အကျင့်ကို ရယူသိမ်းပိုက်နိုင်ခြင်းမရှိသည်ကို တွေ့ရသည်။
တကယ်တော့အတွေ့အကြုံနှင့်အလေ့အကျင့်ဟူသည် နေရာတကာမှာ ပြန်လည်အသုံးချနိုင်သောစွမ်းရည်များဖြစ်ကြောင်း ကျွန်တော်တို့ သဘောပေါက်ထားလျှင်အောင်မြင်မှုဟူသည်မွေးရာပါဖြစ်ပြီးအတွေ့အကြုံနှင့်အလေ့အကျင့်ဖြင့် ထိုမွေးရာပါအောင် မြင်မှုကို ဖော်ထုတ်ရယူနိုင်ကြောင်း သတိပြုအသုံးချလာနိုင်ကြ
မည်ဖြစ်လေသည်။