
ချစ်သူတွေဘဝမှာ ဘယ်လိုပဲ ပေါ့ပေါ့ပါးပါး တွဲနေကြတယ်လို့ဆိုဆို လက်ထပ်ဖို့အထိ ရည်ရွယ်လာကြပြီဆိုရင်တော့ ပြောင်းလဲကြရမှာတွေအများကြီးရှိပါတယ်။ လက်ထပ်တယ်ဆိုတာ ဘဝနှစ်ခုကို ပေါင်းစည်းလိုက်တာဖြစ်လို့ ကြိုတင်ပြင်ဆင်မှုတွေ မလုပ်ထားနိုင်လေလေအခက်အခဲတွေနဲ့ တွေ့ရလေလေ ဆိုတာမျိုး ဖြစ်လာမှာပါ။ ဒီတော့ လက်ထပ်ဖို့အထိ ရည်ရွယ်ထားတဲ့ စုံတွဲတွေအနေနဲ့ ပြင်ဆင်ထားသင့်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်…။
(၁)။အချိန်တစ်ခု တိတိကျကျသတ်မှတ်မယ်
လက်ထပ်ဖို့ရည်ရွယ်ထားတယ်ဆိုကတည်းကအချိန်တစ်ခုကို တိတိကျကျသတ်မှတ်ထားဖို့တော့ လိုပါပြီ။ လက်ထပ်ဖို့ရည်ရွယ်ထားတဲ့ စုံတွဲတွေအတွက် ဘယ်အချိန်မှာ လက်ထပ်ကြမယ်ဆိုတဲ့အချိန်သတ်မှတ်ချက်ကအရေးအကြီးဆုံးဖြစ်ပြီးအဲဒီလို သတ်မှတ်ပြီးတဲ့နောက်မှာမှ တခြားအရာတွေကို ဆက်လုပ်နိုင်မှာမို့ပါ။

Counselling/Pixabay
(၂)။ ပိုက်ဆံစုမယ်
အချိန်တစ်ခု သတ်မှတ်ပြီးပြီဆိုတာနဲ့ ပိုက်ဆံစုပါ။ မင်္ဂလာပွဲအတွက်၊ ခန်းဝင်ပစ္စည်းတွေအတွက်၊ ဟန်းနီးမွန်းခရီးအတွက် စသဖြင့် ကုန်မယ့်ငွေတွေကို တွက်ချက်ပြီးအဲဒီအတွက် ကာမိအောင် ပိုက်ဆံစုဖို့လိုပါတယ်။ တစ်လအတွက် ကိုယ်စုနိုင်မယ့် ပမာဏတစ်ခု သတ်မှတ်ပါ။ ပြီးရင် မဖြစ်မနေစုပါ။ ကိုယ်စုထားတဲ့ပိုက်ဆံက မင်္ဂလာပွဲလုပ်ဖို့ မလုံလောက်ဘူးဆိုရင်တောင် ပိုက်ဆံစုနေမိတဲ့အတွက် ချစ်သူနှစ်ယောက်ကြား ကြည်နူးမှုတွေ၊ ရင်းနှီးမှုတွေ ပိုတိုးလာမှာတော့သေချာပါတယ်။

luxstorm /Pixabay
(၃)။ နေစရာအတွက် စဉ်းစားမယ်
အိမ်ထောင်ပြုပြီးတဲ့အခါအရေးအကြီးဆုံးအချက်က နေစရာပါ။ ကိုယ့်မိဘအိမ်မှာနေမလား၊ ယောက္ခမအိမ်မှာနေမလား၊ ဒါမှမဟုတ် ကိုယ့်ဘာသာကိုယ် သီးသန့်နေမလား စသဖြင့် ရွေးရပါတော့မယ်။ ကိုယ်နေမယ့်နေရာပေါ်မူတည်ပြီး ကုန်ကျစရိတ်တွေရှိလာဦးမှာမို့ ကိုယ်နေဖို့နေရာ ကြိုတင်ဆုံးဖြတ်ပြီးပြီ ဆိုရင်အဲဒီအတွက် ပိုက်ဆံရှာထားဖို့လိုပြီပေါ့။

jarmoluk/Pixabay
(၄)။ နှစ်ဖက်မိဘတွေကိုအသိပေးထားဖို့လိုမယ်
ကိုယ်ရော သူပါ မကြာခင် လက်ထပ်ကြတော့မယ်၊အနာဂတ်အတွက် ပြင်ဆင်နေပြီဆိုရင်အဲဒီအကြောင်းကို နှစ်ဖက်မိဘတွေဆီအသိပေးထားဖို့လိုပါတယ်။ သဘောမတူဘူးဆိုရင်တောင် စောစောစီးစီး သိထားရတော့ သူတို့သဘောတူလာတဲ့အထိ ကြိုးစားကြည့်လို့ရသေးတယ်လေ။ ဒီလိုမှမဟုတ်ပဲအနားကပ်လို့ ဖွင့်ပြောကာမှ သဘောမတူဘူးဆိုရင် ဘာလုပ်ရမှှန်းမသိတွေ ဖြစ်ကုန်ကြတော့မှာ။ ဒီတော့ နှစ်ဖက်မိဘတွေကိုအရင်ဆုံးအသိပေးထားပါ။ မကြာခင် လက်ထပ်ကြဖို့အစီအစဉ်တွေ ဆွဲနေပြီဆိုတာကိုပေါ့။
Linn