(၁)အသက် ၄ဝ နားနီးကနေ ၆ဝ နှစ်ကြားထဲက လူတိုင်း ဖြစ်နိုင်သလိုအဲဒီအသက် မရောက်သေးသူ လူငယ်များလည်း မဖြစ်မနေ သိရှိမှတ်သားထားသင့်တဲ့ ရောဂါတစ်ခုအကြောင်း ကျွန်တော် ရေးသားဖော်ပြပေးလိုက်ပါတယ်။ (၂) ငါ့ရဲ့အသက်ရှင် ဖြစ်တည်နေမှုရဲ့အနှစ်သာရက ဘာလဲ။ ဘဝရဲ့အနှစ်သာရဆိုတာ ဘာများလဲကွယ်။ မှန်ကြည့်တိုင်း ငါ့ကို ပြန်ငေးစိုက်ကြည့်နေတဲ့ သူဟာ ဘယ်သူလဲ။ ဟူး… တစ်ခါတစ်လေ ကိုယ့်ကိုယ်ကိုတောင် မမှတ်မိချင်တော့ဘူး။ ငါရူးများ ရူးသွားပြီလား။ လောကကြီးကိုက နားလည်မှု၊ စောင့်စည်းမှုတွေ မရှိတော့တာအရမ်းစိတ်ပျက်စရာ ကောင်းတယ်။ ငါ့ဟာငါ ဘာလိုချင် ဘာဆက်ဖြစ်ချင်မှန်းတော့ မသိတော့ဘူး။အရာအားလုံးဟာ စိတ်ကုန်စရာလို့ပဲ ခံစားနေရတယ်။ ပြန်တွေးကြည့်ရင် ငါ့ဘဝကအကုန်လုံးအလိုမကျစရာ၊ နောင်တရစရာတွေချည်းပဲ။ တစ်ချိန်ကအရူးအမူး ငါကြိုးစားခဲ့တာတွေအခုတော့လည်း ဘာမှ မဟုတ်သလိုပဲ။ ငါ့မိသားစုအတွက် ငါ့အသိုင်းအဝိုင်းအတွက် ငါအနစ်နာခံ ပေးဆပ်ခဲ့ရတာတွေ တကယ်တမ်းကျ မတန်ဘူး။အခုကျတော့အရာအားလုံး ပြောင်းလဲသွားခဲ့ပြီ။ ငါ့ဘဝရဲ့ကောင်းတဲ့အချိန်တွေ၊ ထက်မြက်နုပျိုတဲ့အချိန်တွေ ကျန်ခဲ့ပြီ။ ပြန်မရနိုင်တော့တာအသေအချာပဲ။ ရှေ့လျှောက်ကောင်းဖို့လည်း မမြင်တော့ဘူး။ ငါအသက်ကြီးလာပြီလေ။အိုလာပြီ။ ရုပ်ကျသွားတာအရမ်းသိသာတာပဲ။ သက်လတ်ပိုင်းဆိုတာ လူငယ်ဘဝရဲ့ရင်ခုန် စွဲမက်စရာ ပိုင်ဆိုင်မှုအတော်များများကို မြေမြှုပ်သဂြိုင်္လ်လိုက်ရတဲ့အချိန်ထင်တယ်။ နောက်ထပ် ကြုံတွေ့ရမယ့် ဘဝရဲ့စာမျက်နှာသစ်တွေ ဘယ်လောက်မှ ကျန်တော့မယ်မထင်ဘူး။ ရှေ့ကို မျှော်ကြည့်တော့လည်းအို… ဘဝဆိုတာ တကယ်တမ်းတော့ ထွေထွေထူးထူး နှစ်သက်စရာ မကောင်းလှပါဘူး။အကုန်လုံးက မသေချာ မရေရာတာနဲ့ စမ်းတဝါးဝါးနိုင်လိုက်တာ။ ပြောလိုက်ကြတာများ ဘာတဲ့။ ဘဝဆိုတာ တိုက်ပွဲဆိုလားပဲ။ တကယ်တမ်းသာအဲလိုဆိုရင် ငါဟာနှစ်ရှည်လများ တိုက်ခဲ့တဲ့ တိုက်ပွဲပြီးသွားလို့ ဗုံးဆံတွေ ယမ်းငွေ့တွေကြားအားပြတ်လဲကျနေလို့အိမ်မပြန်ရသေးတဲ့ စစ်သားအိုကြီး တစ်ယောက်ပဲ ဖြစ်မှာပဲ။ ငါ့မှာအဖော်ကောင်းရယ်လို့မှ မရှိတော့တာ။ ငါလိုလားတောင့်တခဲ့တဲ့အရာတွေကရော…ရောက်ချင်ခဲ့တဲ့ ပန်းတိုင်တွေကရော…အကုန်လေးလံ နှေးကွေးနေတာပဲ။ ဘဝဆိုတာ ဘယ်လိုဖြစ်သင့်သလဲဆိုတဲ့ မေးခွန်းရဲ့ထောင်ချောက်ထဲမှာ ငါပိတ်မိနေပြီ။အရင်တုန်းက ဒီအနေအထားတွေနဲ့ ငါတင်းတိမ်ရောင့်ရဲခဲ့တာတော့ မှန်တယ်။ ဒါပေမဲ့အခုတော့ ငါမပျော်တော့ဘူး။ မတင်းတိမ်မရောင့်ရဲ နိုင်တော့ဘူး။ လက်ရှိရှိနေတဲ့ မိသားစုဟာလည်း မွန်းကြပ်စရာပဲ။ ငါအကုန်လုံးကို မကျေနပ်တော့ဘူး။အပြောင်းအလဲ ပျော်စရာတွေ ငါလုပ်နိုင်ပါဦးမလား။ ငါ့အသက်က ကြီးနေပြီလေ။ သေခြင်းတရားနဲ့ တွေ့ရဖို့ သိပ်အများကြီးမလိုတော့တဲ့ လူတစ်ယောက်က ဘာတွေများ ပျော်စရာတွေ ဖန်တီးနိုင်ဦးမှာလဲကွယ်။ ငါနေ့တိုင်း လုပ်နေရတဲ့အလုပ်တွေဟာ သိပ်ပျင်းစရာကောင်းတာပဲ။ ဆက်မလုပ်ချင်တော့ဘူး။ ထွက်ပြီးအလုပ်အသစ်ပြောင်းရင် ကောင်းမလား။ ဟုတ်တယ်။ ငါ့ဘဝရဲ့ပျော်ရွှင်မှုအသစ်အဆန်းတွေ၊ ရင်ခုန်ကြည်နူးရမှုတွေကို ငါ့ဟာငါ ဖန်တီးရှာဖွေမယ်။ ငွေနဲ့ ဝယ်လို့ရသမျှ ဝယ်မယ်။ ငါမအိုသေးဘူး ဆိုတာမျိုး ရအောင်နေပြမယ်။ ဟူ.... ဒါပေမဲ့လည်း ဘယ်က စပြောင်းလဲရမှန်း မသိပါလားနော်။ (၃) စာပိုဒ်အမှတ် (၂) မှာ ဖော်ပြခဲ့တဲ့ စိတ္တဇဆန်ဆန်အတွေးတွေဟာ ဝတ္ထုဆန်အောင်၊ ရသမြောက်အဖွဲ့ဆန်အောင်အနုပညာဈာန်နဲ့ ဖန်တီးရေးသားထားတာ မဟုတ်ပါဘူး။ ဒါတွေဟာ သက်လတ်ပိုင်း စိတ်ဂယက် (Midlife Crisis) ရဲ့ထင်ရှားပေါ်လွင်တဲ့ လက္ခဏာများပဲ ဖြစ်ပါတယ်။ သင်ဟာအသက် ၄ဝ ပြည့်ပြီးသူ တစ်ဦးဖြစ်ပြီးအထက်ပါအတွေးတွေအတိုင်း နေ့စဉ်ရက်ဆက် တွေးမိနေပါက သက်လတ်ပိုင်းစိတ်ဂယက် ဝေဒနာခံစားနေရပြီလို့ ဆိုနိုင်ပါတယ်။ (၄) Mid-life Crisis ဆိုတဲ့ ဝေါဟာရကိုအနောက်တိုင်း လူ့အဖွဲ့အစည်းမှာ ၁၉၆၅ ခုနှစ်ကအီးလီးယက် ဂျက်ခ် ဆိုသူက စတင်သုံးစွဲခဲ့ပြီးအဆိုပါ စကားလုံးဟာ သက်လတ်ပိုင်း ရောက်နေတဲ့ လူအချို့ ငယ်ရွယ်နုမျစ်မှုရဲ့ စွမ်းရည်တွေ ကျဆင်းလာကာအိုမင်းလာမှုကို သတိထားမိစပြုလာတဲ့အချိန်မှာအလိုမကျခြင်း ပြင်းစွာဖြစ်ရတဲ့ ကာလတစ်ခုကို ကိုယ်စားပြုခဲ့ပါတယ်။ ဒါပေမဲ့အဲဒီစကားလုံးဟာ တဖြည်ဖြည်း ကျယ်ပြန့်တဲ့ သဘောမျိုး ဆောင်လာပါတယ်။ သက်လတ်ပိုင်း စိတ်ဂယက်ကို ခံစားသက်ရောက်စေတဲ့အချက်တွေထဲမှာ ကိုယ့်ရဲ့အိမ်ထောင်ဖက်က ဖောက်ပြန်ခြင်း၊ ကိုယ်တိုင်ဖောက်ပြန်မိ၍ ပတ်ဝန်းကျင်၏ ကဲ့ရဲ့မှုကို ခံရခြင်း၊အမျိုးသားသဘာဝ စွမ်းဆောင်နိုင်မှု ကျဆင်းခြင်း၊အမျိုးသမီးများ သွေးဆုံးခြင်း၊ ဘဝလက်တွဲဖော် (သို့) ချစ်ခင်ရသူအရင်းအချာ တစ်ဦးဦး ကွယ်လွန်သွားခြင်း၊အလုပ်လက်မဲ့ ဖြစ်သွားခြင်း၊ ရာထူးကျခြင်း၊ လက်ရှိအလုပ်သည် မုန်းစရာကောင်းသည်ဟု ခံစားနေရသော်လည်း တူမျှသော ဝင်ငွေ ဆက်ရနေအောင်အလုပ်မပြောင်းနိုင်သေးသဖြင့် လက်ရှိအလုပ်ကိုပဲ ဇွတ်ပေလုပ်နေရခြင်း၊ သားသမီးများအရွယ်ရောက်ကာအကြောင်းအမျိုးမျိုးကြောင့် ခွဲခွာသွားခြင်း စသည့် ဘဝနှင့်ချီ စိတ်ထိခိုက်ရသော ထိုးနှက်ချက်များ ပါဝင်ကြောင်း တွေ့ရပါတယ်။ ဒီတော့ စောစောက ဖော်ပြခဲ့တဲ့ ဂယောက်ဂယက်အတွေးပေါင်းစုံ ဝင်လာပြီး ကိုယ့်ရဲ့ပိုင်ဆိုင်မှု၊ ရုပ်ရည်၊ ကိုယ်ရည်ကိုယ်သွေး စတဲ့အချက်တွေအပေါ်အားမလိုအားမရ ခံစားလာရခြင်းကို သက်လတ်ပိုင်းစိတ်ဂယက်လို့ ခေါ်တာပါ။အသက် ၄ဝ နဲ့ ၆ဝ ကြားမှာပဲ ဖြစ်တတ်တယ်လို့ တွေ့ရှိထားပေမယ့် ရုပ်ဝတ္ထုပစ္စည်း ကိုးကွယ်မှုအားကောင်းလာတဲ့ ယနေ့ခေတ်မှာဆိုရင် ၃၅ နှစ်အထက် လူတွေလည်း ထည့်သွင်းစဉ်းစားဖို့ သင့်ပြီလို့ ကျွန်တော့်ရဲ့အတွေ့အကြုံအရ ဆိုချင်ပါတယ်။အဲဒီလို မကျေနပ်မှုတွေဟာအရင်နဲ့ လုံးဝမတူတဲ့အမူအကျင့် နေပုံထိုင်ပုံတွေကို ပြောင်းလဲကျင့်သုံးမိခြင်းဖြင့် ပွင့်ကန်ထွက်ကုန်ပါတယ်။အိမ်ထောင်မရှိသေးသူများအဆင်ပြေသလို ပြုပစ်လိုက်ခြင်း၊အိမ်ထောင်ရှိသူများအချစ်သစ် ရှာချင်လာခြင်း၊ ပြည့်စုံသူများက တကယ့်ဈေးကြီးပါပေ့ ဆိုသော လူတိုင်းငေးလောက်သည့်အသုံးအဆောင်များ (ဥပမာ ယာဉ်၊အီလက်ထရောနစ်ပစ္စည်း) ဝယ်ယူသုံးစွဲပစ်ခြင်း၊ ခန္ဓာကိုယ်ကို လှပအောင်အသစ်တစ်ဖန်အလှဆင် မွမ်းမံခြင်း (အလှပြင်ဆိုင် မှန်မှန် သွားခြင်း၊ မူးယစ်သေစာ သောက်စားဖြစ်လာခြင်း စတာတွေအရင်က မလုပ်ဖူးရင်တောင် လုပ်ဖြစ်လာကြပါတယ်။ ကလေးယူတာ နောက်ကျလို့အဲဒီအချိန်မှာ ငယ်ရွယ်သေးတဲ့ သားသမီးတွေ ရှိနေသေးရင်အဲဒီ ကလေးတွေကို ကျောင်းစာ၊အားကစား၊ ဘာသာစကား စတဲ့ ဘက်စုံမှာအလွန်အမင်း တော်စေလွန်းလို့အတင်းအကြပ်ဖိအားပေးရင်း မိဘနဲ့ သားသမီးကြား ပဋိပက္ခ ပိုဆိုးလာတာ တွေ့ရလေ့ ရှိပါတယ်။ မိဘတွေ ဖက်ကတော့ စေတနာနဲ့ပါ ဆိုပေမယ့် သူ့ဟာသူ Mid-life Crisis ခံစားနေရတဲ့ ရောင်ပြန်ကို သားသမီးတွေအပေါ် လာဟပ်တာတော့အသိနဲ့ ထိန်းရမယ့် ကိစ္စပါပဲ။ လေ့လာမှု တစ်ရပ်အရ ဖွံ့ဖြိုးပြီးအနောက်နိုင်ငံတွေမှာ သက်လတ်ပိုင်း စိတ်ဂယက် ဆိုတာ လူ ၁ဝ ယောက်မှာ တစ်ယောက် ဘဝမှာ မလွဲမသွေ ကြုံတွေ့ရလေ့ ရှိပြီးအဲဒါကြောင့် နိုင်ငံအတွင်းမှာ ရှိတဲ့ ကားအကောင်းစားတွေ (အထူးသဖြင့် လူငယ်တွေ စီးတဲ့ ပြိုင်ကားတွေ) ၊ ပင်လယ်စီး စပိဘုတ်တွေ၊ တစ်ကိုယ်ရည်သုံး ဇိမ်ခံအီလက်ထရောနစ် ပစ္စည်းတွေဟာအရမ်းရောင်းရပါသတဲ့။ တစ်ဦးတစ်ယောက်ခြင်း ပစ္စည်းဝယ်နိုင်စွမ်း (Purchasing Power) မြင့်တဲ့ ဖွံ့ဖြိုးပြီးနိုင်ငံ တစ်ခုရဲ့တစ်နိုင်ငံလုံး လူဦးရေ ၁ဝ% က ဝိုင်းဝယ်တာ ဆိုတော့ စဉ်းစားသာကြည့်ပေတော့။ ဘာလို့အဲဒီလို လုပ်ကြသလဲ ဆိုတော့ မသိစိတ်ထဲက ဘာမှန်းမသိတဲ့ စိတ်ကူးပန်းတိုင်အိပ်မက်ကို ဖွေရှာဖြည့်ဆည်းချင်ကြလို့ပါ။ ခက်တာက ပန်းတိုင်က ဘာမှန်းမသိလို့ စိတ်ရူးပေါက်ရာ လျှောက်လုပ်ကြတာပေါ့။ ဒါ့အပြင် မပြီးပြတ်သေးတဲ့ (သို့) မလုပ်နိုင်လောက်တော့တဲ့ စိတ်ကူးတွေအတွက်လည်း ကိုယ့်ကိုယ်ကိုအပြစ်တင်မိနေတာကိုး။ ရွယ်တူတန်းတူတွေ ကိုယ့်ထက်အောင်မြင်တာ တွေ့တိုင်းလည်း ရှက်ရွံ့အားငယ်စိတ်ကို ရင်ထဲကြိတ်ခံစားထားရတာလည်း ပါပါတယ်။ ဒီတော့ နုပျိုခြင်းကို ရရှိနိုင်တယ်လို့ ထင်တဲ့အသုံးအဆောင်တွေ သုံးတယ်။ တချို့ဆို လူငယ်တွေ၊အသိုင်းအဝိုင်းသစ်တွေနဲ့ ပြောင်းပြီး သွားပေါင်းတာ တွေ့ရပါတယ်။အသက်ကြီးမှ သင်းကွဲတယ်ဆိုတာအဲဒါပေါ့။ (၅) ဒီနေရာမှာ mmDailyNews ရဲ့စာဖတ်ပရိသတ်များရဲ့ရင်ထဲမှာ မတင်မကျ ဖြစ်နေတာ တစ်ခု ရှိနေမယ်လို့ ကျွန်တော်သိနေပါတယ်။ ဟုတ်တယ်လေ။အထက်မှာ ဖော်ပြခဲ့တဲ့အတွေးတွေ၊ လုပ်ရပ်တွေ ဆိုတာ နေ့စဉ်ဘဝ လူအတော်များများ စိတ်ထဲ ပေါ်နေကျအရာတွေ ဖြစ်ပြီး ဒါတွေက ဘယ်လိုကျန်းမာရေးကို ထိခိုက်စေလို့လဲ / ကျန်းမာရေးဆောင်းပါးရှင် တစ်ယောက်ဖြစ်တဲ့ ကျွန်တော်က ဘာတွေ လာပြောနေသလဲ ဆိုတာမျိုးပေါ့။ Mid-Life Crisis ဟာအမျိုးသားတွေကောအမျိုးသမီးတွေရဲ့ကျန်းမာရေးတွေကို မတူညီတဲ့ နည်းလမ်းတွေနဲ့ ထိုးနှက်ဖျက်ဆီးပါတယ်။ သက်လတ်ပိုင်း စိတ်ဂယက် ခံစားရသူအမျိုးသား ၅ ယောက်မှာ ၄ ယောက်ဟာအရက်ရဲ့ကျေးကျွန် ဖြစ်သွားတာ တွေ့ရပါတယ်။အသက်ကြီးမှအရက်ပြင်းပြင်းထန်ထန် သောက်ဖြစ်သွားတဲ့ ၎င်းတို့ဟာအသည်းအဆီဖုံး/ခြောက်၊အသည်းကင်ဆာ စတဲ့ ရောဂါဆိုးတွေနဲ့ ဆေးရုံကုတင်ပေါ် ၅ နှစ်ကနေ ၇ နှစ်အတွင်း သေချာပေါက် ရောက်လာကြပါတယ်။ တခြားမူးယစ်ဆေးဝါး ဆိုရင်တော့ သေနိုင်စွမ်းကအရက်ထက် စောမှာ သေချာပါတယ်။ ဒါက ပထမအချက်ပါ။အဲလိုအသက်အရွယ်အမျိုးသားတွေမှာ မူးယစ်သေစာကြောင့် ယာဉ်တိုက်မှု ဖြစ်တဲ့ နှုန်းတွေ၊ မတော်တဆ ထိခိုက်မှု ဖြစ်တဲ့ နှုန်းတွေ မြင့်မားနေတဲ့အချက်ကအတော်လေး သိသာပါတယ်။ ဒါက ဒုတိယအချက်ပေါ့။ တတိယအချက် ပြောရမယ် ဆိုရင် လိင်မှု ဆိုင်ရာ ကိစ္စတွေမှာအဆင်အခြင်မဲ့ ကျင့်သုံးမယ်ဆိုရင် HIVအပါအဝင် လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါပေါင်းစုံ ကူးဖို့အခွင့်အလမ်း မြင့်ပါတယ်။ ကွန်ဒုံးသုံးတယ်ဆိုပေမယ့် မူးယစ်ရီဝေနေချိန်မှာ၊ စိတ်လေနေချိန်မှာ သုံးပုံစနစ်မကျတာလေး တစ်ခါတည်းနဲ့ HIV POSITIVE ဖြစ်သွားသူတွေ ခဏခဏ တွေ့နေရပါတယ်။ ဒီသုံးချက်ဟာအမျိုးသားတွေအတွက် Mid-life Crisis ရဲ့အထူးအန္တရာယ် များတဲ့ နောက်ဆက်တွဲ သုံးခုပါ။အမျိုးသမီးတွေကျတော့ သွေးဆုံးခါနီးလာလို့ မ ဟော်မုန်းအားနည်းလာကာ တရှောင်ရှောင်တပိန်ပိန်နဲ့ ဝေဒနာလေးများ ပေါ်လာတတ်ပါတယ်။ စားမဝင်၊အိပ်မပျော်တာ၊အရိုးပါးစ ပြုလာလို့ တစ်ခုခုဆို ဟိုနေရာ ဒီနေရာက ကိုက်တာ၊ သွေးဆုံးခါနီး ရာသီလာရင် ပိုဝေဒနာ ဆိုးလာတာ၊ သွေးတိုးနဲ့ နှလုံးသွေးကြောကျဉ်း ပိုဆိုးလာတာ၊ ရုပ်ကျနှုန်း သိသာလာလို့ စိတ်ပါ လိုက်ကျတာ စသဖြင့်အီစထရိုဂျင်ခေါ် မဟော်မုန်းအားနည်းမှုနဲ့ ဆက်စပ်တဲ့ ရောဂါတွေ တန်းစီပြီး ခံစားရတတ်ပါတယ်။ နောက်ပြီး သားသမီးတွေအတောင်အလက် စုံလို့ မိဘရင်ခွင်ကနေ ထွက်သွားတဲ့ ဒဏ်ကိုအမျိုးသားတွေထက်အမျိုးသမီးတွေက ပိုခံစားရလေ့ရှိပါတယ်။အထီးကျန်သိုက်မြုံ ရောဂါစု (Empty Nest Syndrome) လို့ ခေါ်ပါတယ်။ သားသမီးတွေကအဆက်အသွယ်မလုပ်၊ ဂရုစိုက်မှုအားနည်းရင်အမျိုးသမီးအများစုက သွေးတိုးရောဂါနဲ့ နှလုံးရောဂါတွေ ပိုဆိုးလာတတ်ကြကြောင်း သုတေသနတွေအခိုင်အမာ ရှိပါတယ်။ နောက်တစ်ချက် ပြောရရင်အမျိုးသမီးတိုင်းတော့ မဆိုလိုပေမယ့်အချို့က လိင်မှုကိစ္စ ရှုပ်ထွေးမှုနဲ့ ထွက်ပေါက်ရှာကြပါတယ်။ ဒီအခါမှာ ရောဂါတွေ ကူးနိုင်တဲ့အန္တရာယ်ကအမျိုးသမီးကအမျိုးသားထက် နည်းနည်း ပိုများတာတွေ့ရသလို ပတ်ဝန်းကျင်ရဲ့အထင်သေးရှုံ့ချမှုမှာလည်းအမျိုးသမီးတွေက ပိုခံရ ပိုအရှက်ရလေ့ ရှိပါတယ်။ ဒီတော့ လွတ်မလား လုပ်ကြည့်ပေမယ့် Mid-life Crisis ကနေ ရုန်းမထွက် နိုင်တော့ ပြန်ဘူးပေါ့။ သွေးဆုံးစောလို့ လိင်မှုကိစ္စကို မဖြစ်နိုင်တော့ဘူး ထင်ကာ လက်လျော့လိုက်သူအမျိုးသမီးအများစုဟာအိမ်ထောင်ဖက်ကအချစ်သစ်ရှာသွားတာကြောင့်ရယ်၊ ကိုယ်ပိုင် ပျော်ရွှင်မှုတစ်ရပ် ဆုံးရှုံးလိုက်ရတာရယ် ပေါင်းပြီးအခြေအနေ ပိုဆိုးသွားကြပါတယ်။ (တကယ်တမ်းကတော့ သွေးဆုံးသွားပေမယ့် ချောမွေ့စေတဲ့အဆီတစ်မျိုးမျိုးကို သုံးကာအိမ်ထောင်ဖက်နဲ့ နေနိုင်ပါသေးတယ်။ ဒါဟာအမျိုးသမီးအင်္ဂါ သေးသိမ်သွားခြင်းကို တားဆီးနိုင်သလို စိတ်ရောကိုယ်ပါ ကျန်းမာရေးအပေါ်အတိုင်းအတာတစ်ခုအထိအကျိုးပြုကြောင်း သုတေသနများအရ သိရပါတယ်) သက်လတ်ပိုင်းစိတ်ဂယက်ကို ဖြစ်စေတဲ့အချက်တွေဟာ တစ်ဦးနဲ့ တစ်ဦး မတူကြသလို လူနေမှုအဆင့်အတန်းအရလည်း မတူကြပါဘူး။အနီးကပ်ဆုံးသူ သေသွားလို့ ကိုယ့်လည်း သေမျိုးပါလားဆိုပြီး ကြောက်လန့်သွားတဲ့အချိန် (သက်ဆိုင်ရာ ဘာသာရဲ့တရားဓမ္မကို လိုက်စားသူတွေကတော့ ငြိမ်းချမ်းသွားကြပါတယ်) မျိုးမှာ၊ သက်တမ်း တစ်ဝက်ကျော်ကာအိုလာပြီလို့ ခံစားရချိန်မှာ၊ လိင်မှုစွမ်းရည်တွေ ကျဆင်း ပျောက်ဆုံးသွားတဲ့အချိန်မှာ၊ ကြိုးစားရုန်းကန် ပေးဆပ်ခဲ့ရသော်လည်းအရာမရောက်ပါလားဟုအတွေးဝင်လာချိန်မှာ စသဖြင့်အကြောင်းတရားအမျိုးမျိုး ရှိကြပြီး တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။အမျိုးသားနဲ့အမျိုးသမီး နှစ်ယောက်စလုံးမှာ တူညီစွာ ခံရတဲ့အချက်ကတော့ သက်လတ်ပိုင်းစိတ်ဂယက်ကြောင့် ခံစားရမှုဟာ စိတ်ကျရောဂါ (Depression) ဆီကို ဦးတည်သွားတဲ့အချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် လူမှုရေးမှာ ပြုမူနေထိုင်ပြောဆိုပုံတွေ (အထူးသဖြင့် စကားလုံးတွေ) ကို ဂရုမစိုက်ဘဲ လုပ်မိလို့ ပတ်ဝန်းကျင်နဲ့ သဟဇာတ မရှိတော့ဘဲအထီးကျန်ကာ စိတ်ကျရောဂါ ပိုဆိုးလာတာတွေ၊အိမ်အပြင်တောင် မထွက်ချင်တော့တာတွေ ဖြစ်လာတတ်ပါတယ်။အပေါင်းအဖော် သူငယ်ချင်းတွေနဲ့အပျော်အချိန်ဖြုန်းခြင်း၊ ပရဟိတအလုပ်တွေ တတ်စွမ်းသ၍ လုပ်ခြင်း၊အနုပညာအတတ်ပညာ ဘာသာရေး စသဖြင့် သန်ရာတစ်ခုခု လေ့လာခြင်းစတဲ့ မှန်ကန်တဲ့ ပျော်စရာတွေ ဖန်တီးနိုင်ရင်တော့ ခံသာပါသေးတယ်။ နို့မို့ စိတ်ကျရောဂါဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေစိတ်ကို ဖြစ်စေတာ ကြောက်စရာပါပဲ။ ဒါကြောင့်အကြံပြုလိုတာက စိတ်ထွက်ပေါက်အဖြစ်အသုံးချတဲ့အရာများကြောင့် မိမိရဲ့ကျန်းမာရေး မထိခိုက်ရအောင်အသိဉာဏ်ရှိရှိ ကာကွယ်ပါ၊ ဖြစ်လာရင်လည်း ကုသမှုအမြန်ဆုံး ရယူဖို့အရေးကြီးတယ် ဆိုတာပါပဲ။ (၆) သက်လတ်ပိုင်း စိတ်ဂယက်ကို ဘယ်လို ကာကွယ်ကြမလဲ။ ကမ္ဘာကျော် စိတ်ပညာရှင် ဆစ်ဂမန်ဖရွိုက်ကတော့ ပြောခဲ့ပါတယ်။ Mid-life Crisis ဆိုတာ သေဖို့နီးလာတာ ခံစားမိလို့ ကြောက်တဲ့ စိတ်က မောင်းနှင်တွန်းအားပေးလိုက်တဲ့အတွေးစုတွေ ဖြစ်ပါတယ်တဲ့။ ဒီအတွေးစုတွေရဲ့ကန်ထွက်မှုဟာ ယဉ်ကျေးမှုအမျိုးမျိုး၊ လူပုံစံအမျိုးမျိုးကို လိုက်ပြီးအပျော်ရှာခြင်းအဖြစ်လည်းကောင်း၊အပျော်ရှောင်ခြင်းအဖြစ်လည်းကောင်း စိတ်ရူးပေါက်စွာ ကွဲပြားကုန်ကြတာ ဖြစ်ပါတယ်။ ၂၁ ရာစုရဲ့အပေါ်ယံ ရွှေမှုန်ကြဲ ပကာသနအခြေခံ လူနေမှုစနစ်မှာ သက်လတ်ပိုင်း စိတ်ဂယက်ကို လူတွေဟာ ပိုပြီး သိချင်စိတ် များလာကြပါတယ်။ လေ့လာလာကြပါတယ်။ ဒီအခါမှာ စိတ်ပညာရှင်တွေ ကျန်းမာရေး ပညာရှင်တွေဟာ သက်လတ်ပိုင်း စိတ်ဂယက် မကြုံရနိုင်တဲ့ နည်းလမ်းများကို ရှာတွေ့လာကြပါတယ်။ -အိမ်ထောင်ရေးကို နွေးထွေးပျော်စရာကောင်းအောင် ထိန်းသိမ်းပါ။အိမ်ထောင်သက်အတော်လေးရလာတဲ့ သက်လတ်ပိုင်းအချိန်မှာ တစ်ဦးအပေါ် တစ်ဦး ချစ်ခင် စိတ်ပါမှုအရင်လောက် မများကြတော့ပါဘူး။အိမ်တွင်းရေး ပျော်ရွှင်မှုဟာအရောင်မှိန်လာပြီး လျစ်လျူရှုထားခံရတဲ့အဆင့်ရောက်သွားတတ်ရင် သက်လတ်ပိုင်း စိတ်ဂယက် ပိုမို ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့်အိမ်ထောင်ရေး သာယာချမ်းမြေ့မှုအမြဲရနေအောင် ကြံဆောင်ဖန်တီးပြီး သက်လတ်ပိုင်း စိတ်ဂယက်ကို ကာကွယ်ပါ။ - သူငယ်ချင်းမိတ်ဆွေကောင်းများ ရှိပါစေ တကယ်စစ်မှန်တဲ့ သူငယ်ချင်းတွေ မရှိသူဟာ သက်လတ်ပိုင်း စိတ်ဂယက် ခံစားရဖို့ သေချာသလောက်ပါပဲ။ ဒါကြောင့် ဒီအချက်ကိုအခုကတည်းက ပြုပြင်ဖာထေးထားပါ။အကယ်၍ သင့်မှာအဲလို နှလုံးသားချင်းနီးပြီး ဂရုတစိုက် ရှိတဲ့၊အရေးကြုံရင်အားကိုးရတဲ့ မိတ်ဆွေ မရှိဘူး ဆိုရင် လူတွေက စိတ်ထားမကောင်းလို့ ဆိုပြီးအကြောင်းပြချက် မပေးပါနဲ့။ မိတ်ဆွေကောင်းတွေ ရဖို့ဆိုရင် သင်ကိုယ်တိုင်က မိတ်ဆွေကောင်းအရင် ဖြစ်နေဖို့ လိုပါတယ်။ - သင့်အလုပ်အကိုင်ရဲ့အရေးပါမှုနဲ့အနာဂတ်မျှော်လင့်ချက်ကို ပုံဖော်တွေးပါ သင့်ရဲ့အလုပ်အကိုင်ဟာ လူတွေကို ဘယ်နည်းဘယ်ပုံအကျိုးပြုနေသလဲအကောင်းဖက်က တွေးပါ။ သင်ဟာ ကုမ္ပဏီပိုင်ရှင် တစ်ယောက် ဖြစ်ရင် သင့်ရဲ့ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေကြောင့် လူတွေ ဘယ်လိုအကျိုးရှိ ပျော်ရွှင်သွားစေသလဲ ဆိုတာမျိုး၊ သာမန် ဝန်ထမ်းတစ်ယောက် ဖြစ်နေရင်လည်း ငါဟာကုမ္ပဏီမှာ ဘယ်နေရာတွေမှာတော့အရေးပါတယ် ဆိုတာမျိုး၊အောက်ခြေအလုပ်တစ်ခု လုပ်နေရရင်လည်း ဖြေသိမ့်စရာ ကြံဖန်တွေးပါ။ ဒီနေရာနဲ့ မကျေနပ်နိုင်ရင် ရှေ့ကို လှမ်းဖို့အားတွေ ထုတ်ပါ။ မျှော်လင့်ချက်တွေ ရှင်သန်နေသ၍ သင်ဟာ Mid-life Crisis ဖြစ်ဖို့ ဝေးနေသေးတယ် ဆိုတာ သေချာပါတယ်။ နောက်ပြီးအသက် ၄ဝ-၅ဝအထိ နိမ့်ကျတဲ့ ဘဝမျိုးမှာ နေလာပြီး တစ်ကျော့ပြန်အားမာန်တွေနဲ့ ထိပ်ဆုံးတစ်နေရာ ရသွားတဲ့ သူဌေးတွေ၊အနုပညာသမားတွေ၊ တီထွင်ဖန်တီးသူတွေ စသဖြင့် ဒီကမ္ဘာကြီးပေါ်မှာ မရေမတွက်နိုင်လောက်အောင် ရှိနေတယ်ဆိုတာ သင့်အတွက်အားတက်စရာ တစ်ခုပါပဲ။ - ပုံမှန်အားကစားလိုက်စားပါ ကိုယ်လက်လှုပ်ရှားမှုတစ်ခုကို စနစ်တကျ လုပ်ပေးခြင်းဟာ ဘဝကို စိတ်ပျက်ငြီးငွေ့ခြင်း၊ ဘဝကို တရားလွန် တပ်မက်စွဲလန်းခြင်း ဆိုတဲ့အစွန်းတရားတွေကို ထိုက်သင့်သလောက် တားဆီးနိုင်တဲ့ စိတ်အခြေအနေများကို ပေါ်စေတဲ့အာနိသင် ရှိကြောင်း သိပ္ပံနည်းကျ စမ်းသပ်တွေ့ရှိထားပါတယ်။ ဒါဟာအိုမင်း လေးလံအားယုတ်မှုကိုပါ ကာကွယ်နိုင်တဲ့ နည်းလမ်းတစ်ခုမို့ သက်လတ်ပိုင်း စိတ်ဂယက်ကို ကာကွယ်ဖို့အသင့်တော်ဆုံး နည်းလမ်း တစ်ခုပါပဲ။ - ဘာသာရေး လိုက်စားပါ ဘာသာရေး လိုက်စားသူတွေဟာ ဘဝအပေါ် မျှတတဲ့အမြင်နဲ့ ကြည့်တတ်ကြလို့ သာမန်လူတွေထက် စိတ်နှလုံး ပိုအေးချမ်းကြတာ တွေ့ရပါတယ်။ တရားဘာဝနာ ပွားများခြင်း (Meditation) ဆိုတာ ဘဝရဲ့အလိုမကျမှုတွေကို ကုစားဖို့အကောင်းဆုံး နည်းလမ်းတစ်ရပ် ဖြစ်သလို Mid-life Crisis ကြောင့် ဖြစ်လာမယ့် သွေးတိုး၊ နှလုံး၊ သတိမေ့ ရောဂါများကို ကာကွယ်နိုင်တဲ့အကောင်းဆုံး ဆေးတစ်လက်ပါပဲ။ -အရမ်းရှုပ်ထွေးပြည့်စုံတဲ့ ဘဝပုံစံထက်အေးချမ်းတဲ့ ဘဝကို ရွေးချယ်ပါအရမ်းလန်းတဲ့ကား၊အိမ်ကြီးအိမ်ကောင်း၊ ဝတ်ကောင်းစားလှတွေ၊ ပိုက်ဆံဖြုန်းတဲ့အားလပ်ရက် ခရီးစဉ်တွေဟာ ပျော်ရွှင်ကျေနပ်မှုကို ပေးတယ်လို့ ထင်ရပေမယ့် ဆန့်ကျင်ဖက်နဲ့အဆုံးသတ်တတ်ပါတယ်။ ဒါတွေထဲကအချို့တစ်ဝက် ရှိရင်အတော်လေးကောင်းတဲ့ ဘဝ ဖြစ်ပေမယ့်အကုန်လုံး ရှိဖို့အရေး ကျားကုတ်ကျားခဲ ကြိုးပမ်းနေခြင်းဟာ တစ်ချိန်မှာ သက်လတ်ပိုင်း စိတ်ဂယက် ကြုံကိုကြုံရမယ့်အနေအထားလို့ လူမှုစိတ္တဗေဒ ပညာရှင်များက ဆိုပါတယ်။ သာမန်ပြည့်စုံတဲ့ မိသားစုတွေကတော့ ဘဝရဲ့ပျော်ရွှင်မှုအဓိပ္ပာယ်ရှိမှုကိုအစစအရာရာ ပြည့်စုံသူတွေထက် ၁.၅ ဆ ပိုခံစားရလေ့ ရှိပါသတဲ့။အစွန်းရောက်လွန်းစွာ ဆင်းရဲခြင်း၊ ချမ်းသာခြင်းတွေကို ရှောင်နိုင်ရင် သက်လတ်ပိုင်း စိတ်ဂယက်ကိုလည်း ရှောင်ပြီးသား ဖြစ်သွားပါတယ်လို့ ပညာရှင်များက ဆိုပါတယ်။ - ကျန်းမာရေးလိုက်စားပြီး ခန္ဓာကိုယ် ပုံမပျက်အောင် ထိန်းသိမ်းပါ ငယ်စဉ်ကတည်းက ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအသောက်အမူအကျင့်တွေကို လေ့လာဆည်းပူး လိုက်နာထားပါ။ ဒါဆိုရင် သက်လတ်ပိုင်း စိတ်ဂယက် မကြုံဖို့အားပေးပါတယ်။ ဘဝမှာ စိတ်မကျဉ်းကြပ်ဖို့ စားချင်တာ စားမယ်၊ နေချင်သလို နေမယ်ဆိုတဲ့ သူတွေဟာ သက်လတ်ပိုင်းစိတ်ဂယက်ကို ခံစားရဖို့ ရာနှုန်းပြည့်နီးပါး နီးစပ်ပါတယ်။ နောက်ထပ် ပြုံးစရာအချက်တစ်ချက်က ခါးအဆမတန် တုတ်လာသူတွေဟာ သက်လတ်ပိုင်း စိတ်ဂယက်ရဲ့သားကောင်တွေ ဖြစ်တတ်ပါသတဲ့။ ဒါကြောင့် Mid-life Crisis ကို ကာကွယ်ဖို့အလှူတွေချည်းပဲ လိုက်စားမနေပါနဲ့၊ ကျန်းမာရေးနဲ့ ဘာသာရေးလဲ လိုက်စားပါဦးလို့ တိုက်တွန်းပါတယ်။ -အလွန်အမင်း နှလုံးသွင်း ခံစားတတ်သောအကျင့်ကို ပြင်ပါ ချစ်ခင်ရသူ တစ်ဦးဦးနဲ့ သေခွဲ ခွဲရတာမျိုး၊အလုပ်အကိုင် ထိခိုက်သွားတာမျိုး၊ သားသမီးတွေ စွန့်ခွာသွားတာမျိုး စတဲ့ ထိခိုက်နာကျင်ရမှုတွေကို မေ့ဖျောက်အေးချမ်းအောင်အထက်ပါအချက် ၇ ချက်ကို လိုက်နာကျင့်သုံး ကာကွယ်ပါ။ တကယ်တမ်းကတော့ ဥရောပသားတွေ ပြောသလိုအသက် ၄ဝ မှ ဘဝ စတယ်ဆိုတာဟာအသက် ၄ဝ ရောက်ရင် လူတစ်ယောက်အတွက် ပညာ၊ ဥစ္စာ၊ ချစ်ခြင်းမေတ္တာ၊ မိသားစု စတဲ့ တန်ဖိုးရှိတဲ့အရာကောင်းတွေ စုစည်းမိထားပြီး ဘဝရဲ့အရသာကိုအေးဆေး စခံစားရတော့မယ့်အရွယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ ထို့အတူ တစ်ယောက်ချင်းစီအတွက် မိမိကိုယ် မိမိအမှန်သိခြင်း (Self-actualization) နဲ့ မိမိရဲ့ကောင်းမွန်မှုတွေကို သိရှိကျေနပ်ခြင်း (Self-awareness) ရအောင် ပြန်လည်ဝေဖန် သုံးသပ်ပြီး တည်ငြိမ်အေးချမ်းစွာ နေထိုင်ရတော့မယ့်အရွယ်ဖြစ်ပါတယ်။ ဒီလိုတန်ဖိုးရှိတဲ့အချိန်မှာ Mid-life Crisis ခေါ် သက်လတ်ပိုင်း စိတ်ဂယက်ကို မကြုံတွေ့ရအောင် ကိုယ့်ကိုယ်ကို ပြင်ဆင်နှလုံးသွင်းရင်း (အိုမင်းမှုဆိုတာ စာရေးသူလည်း ကိုယ်ချင်းစာ မခံစားပေးနိုင်သေးပေမယ့်)အိုမင်းမှုကိုလည်း ပုံမှန်စိတ်အနေအထားနဲ့ လက်ခံနှေးကွေးစေရင်း ကျန်းမာပျော်ရွှင်စွာ နေနိုင်ကြပါစေ။ Credit : ဒေါက်တာသီဟသစ် သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။