ဘတ်စ်ကားစီးတဲ့အခါ မလုပ်သင့်တဲ့ စိတ်ပျက်စရာအပြုအမူ (၅)ခု
shwemom.com
|
2019-10-03

YBS တွေ စီးကြတဲ့အခါ စိတ်ပျက်စရာကောင်းတဲ့လူမျိုးတွေကို အများကြီးတွေ့ဖူးကြမှာပါ။ မိန်းကလေးတစ်ယောက်ကို အသားယူတဲ့သူတို့၊ သက်ကြီးရွယ်အိုတွေကို နေရာမပေးချင်တဲ့သူတို့၊ မူးပြီး ပြဿနာ ရှာတဲ့သူတို့၊ အများကြီးမှ တကယ့်ကို အများကြီးပါ။

YBS ပေါ်မှာတော့ ဒီလို စိတ်ပျက်စရာအပြုအမူတွေကို မကြာခဏတွေ့ရလေ့ရှိပြီး ခရီးသွားဖော်တွေအတွက် တကယ့်ကို အနှောင့်အယှက်ဖြစ်ရတာမို့ ရှောင်ကြဉ်သင့်ပါတယ်နော်..။

(၁)။ သက်ကြီးရွယ်အိုတွေကို နေရာမပေးတာ

ဘတ်စ်ကားတွေပေါ်မှာ သက်ကြီးရွယ်အိုတွေအတွက် သတ်မှတ်ပေးထားတဲ့ ထိုင်ခုံလေးတွေရှိပါတယ်။ တချို့တွေဆိုရင် အဲဒီထိုင်ခုံတွေမှာ ထိုင်တတ်ကြသလို သက်ကြီးရွယ်အိုတွေလာရင် နေရာပေးရကောင်းမှန်းမသိကြပါဘူး။ လှုပ်ရမ်းနေတဲ့ ကားပေါ်မှာ သက်ကြီးရွယ်အိုတစ်ယောက်အနေနဲ့ လွယ်လွယ်ကူကူ မတ်တပ်ရပ်ဖို့ မလွယ်သလို၊ ဟန်ချက်ထိန်းဖို့လည်းမလွယ်တာကြောင့် ကားပေါ်မှာ အဖိုး၊အဖွားတွေနဲ့တွေ့ရင် နေရာဖယ်ပေးသင့်ပါတယ်နော်။


Flamingo Images/Shutterstock

(၂)။ ဖုန်းကနေ သီချင်းတွေဖွင့်နေတတ်တာ

တချို့တွေ ကြုံဖူးမှာပါ။ ကိုယ့်ဘေးမှာထိုင်နေတဲ့သူက သူ့ဖုန်းထဲက သီချင်းတွေကို ဖွင့်ပြီး နားထောင်နေတာမျိုး။ ကိုယ့်ဘာသာကိုယ် နားကြပ်နဲ့ နားထောင်တာမျိုးလည်းမဟုတ်တော့ အနီးအနားမှာ ရှိတဲ့သူတွေက သူ့သီချင်းသံကြီးကို မကြားချင်ပဲ ကြားနေကြရတာပေါ့။ တကယ်ဆို ကိုယ့်အနေနဲ့ သီချင်းနားထောင်ချင်တယ်ဆိုရင် နားကြပ်နဲ့နားထောင်တာ အကောင်းဆုံးပဲဖြစ်ပြီး တကယ်လို့ နားကြပ်မပါပဲ နားထောင်ချင်တယ်ဆိုရင်တောင် ဘေးလူတွေ အနှောင့်အယှက်မဖြစ်အောင် အသံတိုးပြီး နားထောင်သင့်ပါတယ်။


Flamingo Images/Shutterstock

(၃)။ နေရာလုပြီးထိုင်တာ

ဘတ်စ်ကားပေါ်မှာ ထိုင်ခုံအလွတ်တွေ မြင်နေရပြီဆိုရင် ကားပေါ်ကို နေရာလုပြီး အတင်း တိုးတက်ကြတာကလည်း စိတ်ပျက်စရာပါ။ အဲဒီလို အခြေအနေမျိုးတွေက ခါးပိုက်နှိုက်တွေအတွက် အခွင့်ကောင်းပဲဖြစ်ပြီး အတင်းတိုးနေကြချိန်မှာ ကိုယ့်ရဲ့ပိုက်ဆံအိတ်ကို အနှိုက်ခံရရင် သိလိုက်မှာတောင်မဟုတ်ပါဘူး။

(၄)။ မတော်တဆထိမိတာတွေအတွက် သည်းမခံတတ်တာ

ရုံးဆင်းချိန်၊ ကားအရမ်းကြပ်လွန်းတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် မတော်တဆ ထိမိတတ်တာတွေရှိပါတယ်။ အပေါက်ဝဆီတိုးထွက်ဖို့ ကြိုးစားရင်း တစ်ယောက်ယောက်ကို မတော်တဆ ရိုက်မိတာမျိုး၊ ခြေထောက်ကို တက်နင်းမိတတ်တာမျိုးတွေပေါ့။ လူအများစုက အဲဒီလို ဖြစ်တတ်တယ်ဆိုတာ နားလည်ပေးကြပေမယ့် တချို့ကတော့ မတော်တဆ ထိခိုက်မိရင်တောင် သည်းမခံပဲ ရန်လိုတတ်ကြပါတယ်။ အဲဒီလို လူမျိုးတွေနဲ့ ကားပေါ်မှာ တွေ့ရတာလည်း စိတ်ပျက်စရာပေါ့။


metamorworks/Shutterstock

(၅)။ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်တာတွေလုပ်တာ

တချို့ကတော့ ကားကြပ်တဲ့အချိန်တွေမှာ ရည်ရွယ်ချက်ရှိရှိနဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ဖို့ ကြိုးစားကြတယ်။ ခန္ဓာကိုယ်ချင်း အတင်း ထိမိအောင် ကြိုးစားတာ၊ ကားကြပ်တာကို အခွင့်အရေးယူတာ စသဖြင့် အများကြီးပေါ့။ အဲဒီလို လူတွေက YBS စီးတဲ့အခါတွေ့ရတဲ့ စိတ်ပျက်စရာအကောင်းဆုံး လူအမျိုးအစားတွေဖြစ်ပြီး မိန်းကလေးတွေအတွက် တကယ့်ကို အန္တရာယ် ပါ။

Linn

 


#သက်ကြီးရွယ်အို
#နားကြပ်
#မတော်တဆ
#YBS
#ထိုင်ခုံ

Some text some message..