ကောင်မလေးတွေ ဘာလို့ ရစ်တာလဲ
shwemom.com
|
2019-10-17

သင်ချစ်တဲ့ကောင်မလေးက အရမ်းအရစ်သန်၊ အရမ်းဂျီကျတတ်တဲ့ကောင်မလေးမျိုး ဖြစ်နေလား။ အဲဒီလို ကောင်မလေးမျိုးနဲ့ လက်ရှိချစ်နေရင်ပဲဖြစ်ဖြစ်၊ အရင်တုန်းက ချစ်ခဲ့ရင်ပဲဖြစ်ဖြစ် ရစ်တတ်တဲ့ကောင်မလေးတွေက ဘယ်လောက်စိတ်ညစ်ဖို့ကောင်းတယ်ဆိုတာ သိမှာပါ။ သူတို့လိုချင်တာတစ်ခုခု မရမချင်း၊ သူတို့သိချင်တာတစ်ခုခု မသိရမချင်း စိတ်ပါလက်ပါနဲ့ ဂျီကျကြ၊ ရစ်ကြတာ။ တစ်ခါတလေကျရင်လည်း ဘာအကြောင်းမှ မရှိပဲ ပျင်းလို့ ရစ်တတ်တာတောင်ရှိသေး။

ကဲ….ကောင်မလေးတွေ ဘာလို့ ရစ်ကြတာတဲ့လဲ။ ဖတ်ကြည့်လိုက်ရအောင်…။


Dean Drobot/Shutterstock

(၁)။ သူတို့ကိုချစ်မှန်းသိလို့

တချို့ကောင်မလေးတွေရစ်တယ်ဆိုတာ သူတို့ကို ချစ်မှန်းသိလို့ပါ။ သူတို့ကို ကိုယ်ကချစ်မှန်းသိ၊ အလိုလိုက်မှန်းလည်းသိတော့ ရစ်ကြတာ။ နောက်ဆုံးမှာ ကိုယ်ကပဲ စိတ်ညစ်ပြီး သူတို့ကို အလျော့ပေးမယ်မှန်း သိနေကြတာကိုး။ တစ်ခါတလေလောက် အလျော့မပေးပဲ ဟောက်ကြည့်ဖို့ စဉ်းတောင်မစဉ်းစားလိုက်ပါနဲ့။အဲဒီလို ဟောက်လိုက်လို့ သူတို့ရစ်တာက လျော့သွားမှာမဟုတ်ပဲ ပိုတောင် တိုးလို့ ရစ်ကြမှာ သေချာနေတာကြောင့်ပါ။

(၂)။ အကျင့်ပါနေလို့

တချို့ကတော့ ငယ်ငယ်လေးကတည်းက အိမ်မှာ ဂျီကျတာ၊ ဆိုးတာ အကျင့်ပါနေခဲ့လို့ ကိုယ်နဲ့ကြိုက်တဲ့အချိန်အထိ အဲဒီအကျင့်ကိုဖျောက်မရတာမျိုး ဖြစ်နေတာပါ။ အိမ်မှာအလိုလိုက်ခံထားရတော့ တစ်ခုခုဆို ကလေးဆန်မယ်၊ ရစ်မယ်၊ ဂျီကျမယ်ဆိုတာက အကျင့်ကြီးတစ်ခုလိုဖြစ်နေပြီး သူတို့ချစ်တဲ့သူအပေါ် အနိုင်ယူချင်တယ်ဆိုတဲ့စိတ်လေးရှိနေတာကြောင့်ပါ။ အဲဒီလို အကျင့်ပါနေတဲ့သူမျိုးဆိုရင် အသက်ကြီးတဲ့အထိ ဆိုးချင်၊ ဂျီကျချင်ကြတာဖြစ်လို့ အိမ်ထောင်ဖက်အဖြစ်ရွေးမယ်ဆိုတဲ့အခါ အဲဒါကို ကြိုတင်စဉ်းစားဖို့တော့ လိုပါလိမ့်မယ်။


puhhha/shutterstock

(၃)။ စိတ်တိုင်းမကျလို့

တချို့ကျတော့လည်း ကိုယ်လုပ်သမျှတွေကို စိတ်တိုင်းမကျတာကြောင့် ရစ်တတ်ကြပါတယ်။သူတို့လိုချင်တဲ့ ပုံစံမရမချင်း မကျေနပ်နိုင်ကြပဲ စိတ်တိုင်းမကျဖြစ်နေတတ်ကြတယ်။ ကိုယ်က ဘယ်လောက်ပဲလုပ်ပေးလုပ်ပေး၊ ဘာကိုပဲ လုပ်ပေးလုပ်ပေး သူတို့စိတ်ထဲမှာ ဘဝင်မကျနိုင်ပဲဖြစ်ရာကနေ အရမ်းရစ်တဲ့ပုံစံဖြစ်ကုန်ကြတာပါ။ ကောင်လေးတွေအတွက်တော့ ဒီလို ပုံစံမျိုးက စိတ်ညစ်ဖို့အကောင်းဆုံးပဲဖြစ်ပြီး သူတို့ ဘာလုပ်လုပ် မကျေနပ်ဘူး၊ လိုက်ရစ်နေတယ် လို့ ခံစားရရင် အဲဒီဆက်ဆံရေးကို ရပ်ပစ်လိုက်ဖို့ ကြိုးစားတတ်ကြပါတယ်။

(၄)။ ရစ်ချင်လို့

တချို့ကတော့ ရစ်ချင်လို့ကို ရစ်တာပါ။ သူတို့မှာ အကြောင်းပြချက်မရှိဘူး။ ပြောရရင် ပျင်းနေလို့ ရစ်တယ်၊ အပျင်းပြေရစ်တယ် ဆိုတာမျိုးပေါ့။ လမ်းမှာ ခလုတ်တိုက်မိရင်လည်းရစ်၊ သစ်ရွက်ကြွေတာမြင်ရင်လည်းရစ်၊ ဗိုက်ဆာရင်လည်း ရစ် နဲ့ အချိန်တိုင်းရစ်နေတော့တာ။ ဒါပေမယ့် အဲလို ရစ်တာလေးတွေကျတော့လည်း ချစ်ဖို့ကောင်းပြီး ကိုယ့်ကိုချစ်လို့ ရစ်နေတယ်ဆိုတာ ခံစားမိလာစေမှာပါ။


puhhha/shutterstock

Linn


#အကျင့်
#တိုင်း
#စိတ်
#အရစ်
#ဘဝင်

Some text some message..