အသုံးများသော မြန်မာစကားပုံနှင့် ဆိုရိုးစကား ၁၀ ခု
mmtimes.com
|
2019-10-17

အသုံးများသော မြန်မာစကားပုံနှင့် ဆိုရိုးစကား ၁၀ ခု

စကားပုံတွေက ရိုးရှင်းတယ်၊ နည်းလမ်းတွေပြပေးတယ်၊ အတွေ့အကြုံတွေကို ချစ်စရာကောင်းအောင် ပြန်မျှဝေပေးရင်း လူတွေရဲ့စိတ်နေသဘောထားတွေကိုလည်း ထင်ဟပ်စေပါတယ်။

ဘာသာစကားအလိုက် စကားပုံတွေ အမျိုးမျိုးရှိကြပေမဲ့ နိုင်ငံတော်တော်များများ မှာ သဘောထား အကြောင်းအရာချင်းတူညီတဲ့ စကားပုံတွေလည်း အများကြီးရှိနေပါတယ်။ မြန်မာနိုင်ငံက အာရှနိုင်ငံတွေထဲက တစ်ခုဖြစ်တာမို့ အာရှစကားပုံအများစုနဲ့ ဆင်တူလေ့ရှိပြီး နေ့စဉ်သုံးကြပါတယ်။ နာမည်ကျော် မြန်မာစကားပုံ ၁၀ ခုကို ဖော်ပြလိုက်ရပါတယ်။


၁။ ကိုယ်ကကျူး ကိုယ့်ဒူးမယုံရ

ခန္ဓာကိုယ်တစ်ခုထဲက အစိတ်အပိုင်းတွေဖြစ်လင့်ကစား စိတ်သွားတိုင်း ကိုယ်မပါနိုင်သလို ဒူးတောင် မယုံကြည်ရ ဘူးဆိုတဲ့ အဓိပ္ပာယ်နဲ့ စကားပုံက လူပြောများပါတယ်။တစုံတစ်ယောက်ကို အလွန်အကျွံမယုံကြည်လိုက်ဖို့နဲ့ ကိုယ်ယုံကြည်ထားတဲ့လူက သစ္စာဖောက်တာမျိုးတွေ ကြုံရတဲ့အခါမှာ သုံးလေ့ရှိကြပါတယ်။ နေမကောင်းဖြစ်ရင် (အဓိက ဒူးနာရင်)လည်း ဒီစကားပုံကို ပြောတတ်ကြပါတယ်။


၂။ ကိုယ့်ငါးချဉ် ကိုယ်ချဉ်

ကိုယ်တိုင်ပြုလုပ်ထားတဲ့ ငါးချဉ်ကမှ တကယ်အရသာ ကောင်းမွန်ပြီး ချဉ်ပါတယ်လို့ ကိုယ့်မိတ်ဆွေတွေက ဝိုင်းပြောကြတာမျိုးပါ။ အဓိပ္ပာယ်ကတော့ ကိုယ့်အသိမိတ်ဆွေ၊ ဆွေမျိုး သားချင်း၊ အဖွဲ့ဝင်တွေကမှ သူများတွေထက် ပိုတော်တယ်၊ ပိုထက်မြက်ပြီး အရည်အသွေးပြည့်ဝ တယ်လို့ အချင်းချင်း မြှောက်ပင့်ပြောဆိုကြတဲ့နေရာမှာ သုံးပါတယ်။ ကိုယ့်ချစ်သူ အိမ်ထောင်ဖက်က ဘယ်လိုပဲ မကောင်းပါစေ ကိုယ်က ကောင်းတယ်ချည်း ပြောတဲ့အခါမှာလည်း ဒီစကားပုံကို သုံးလေ့ရှိပါတယ်။


၃။ ခုတ်ရာတခြား ရှရာတလွဲ

ဓားကိုမြှောက်ပြီး အားနဲ့ခုတ်ချလိုက်တဲ့အခါ ကိုယ်ခုတ်ဖို့ရည်ရွယ်တဲ့ နေရာက တခြားတကယ်တမ်း ပြတ်ရှသွားတာက တလွဲဖြစ်နေတာမျိုးကို ဥပမာပေးပြီး စကားပုံဖွဲ့ထားတာပါ။ ကိုယ်မျှော်လင့်ထားတာတွေနဲ့ တလွဲတွေဖြစ်လာတဲ့အခါမှာ သုံးလေ့ရှိပြီး တစ်ခါတလေမှာတော့ ကောင်းတဲ့အလွဲတွေ ကြုံတဲ့အခါမှာလည်း ပြောလေ့ရှိကြပါတယ်။ အဓိက ကတော့ မျှော်လင့်ထားတာနဲ့ ဆန့်ကျင်ဘက်တွေဖြစ်ပြီး တခြား သက်ရောက်မှုတွေပါ ဖြစ်ပေါ်လာတဲ့အချိန်မှာ သုံးကြပါတယ်။


၄။ ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း

သူစိမ်းပေမဲ့ စိတ်ရင်းနဲ့ ပေါင်းသင်းခင်မင်မိတဲ့အခါ ဆွေမျိုးအရင်းအချာတွေထက်တောင် ပိုယုံကြည်အားကိုးလို့ ရသလို ဟင်းကောင်းကောင်း မဟုတ်ပေမဲ့ အဆင်ပြေသလို ချက်ထားတဲ့ အရံဟင်းလေးတွေကပဲ ခံတွင်းတွေ့ စားမြိန်သွား တတ်ကြောင်း စကားပုံက ရည်ညွှန်းတာပါ။ နှစ်ပေါင်းများစွာ ခင်မင်ကြတဲ့ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ခရီးသွားရင်း ကြုံသလိုစားသောက်ရာကနေ တကယ်ခံတွင်းတွေ့ကြရတဲ့ ထမင်းပွဲတွေနဲ့ ကြုံဆုံရာမှာ ဒီစကားပုံကို သုံးလေ့ရှိကြပါတယ်။


၅။ ဆင်ဖြူတော်မှီ ကြံစုပ်

ဆင်ကို ထိန်းသိမ်းရတဲ့သူ ဖြစ်ပေမဲ့ ဆင်ဖြူတော် ဖြစ်တာကြောင့် အကောင်းစားကြံပင်တွေကို ဆင်စားဖို့ လာရောက်ပို့ဆောင်သမျှ ထိန်းသိမ်းရတဲ့သူကပါ ကြံတွေ စားရတယ်ဆိုတဲ့ စကားပုံပါ။ သူငယ်ချင်း မိတ်ဆွေ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်ကို အကြောင်းပြုပြီး သူ ကြိုးစားသမျှ ကိုယ်ကပါ အခွင့်အရေးတွေ လိုက်ပါရရှိနေတာမျိုးအတွက် ဒီစကားပုံကို သုံးလေ့ရှိပါတယ်။ ဆင်ဖြူတော်နဲ့ ခိုင်းနှိုင်းခံ ရတဲ့ သူငယ်ချင်းက အရည်အချင်းရှိသူ၊ ထင်ပေါ်သူဖြစ်ပြီး ကိုယ်ကတော့ သူနဲ့ပေါင်းပြီး သူရသမျှ ကိုယ်ပါ အခွင့်ထူးရတဲ့ သဘောမျိုးပါ။


၆။ ဆင်သေကို ဆိတ်သားရေနှင့်ဖုံး

ဆင်ဆိုတဲ့ သတ္တဝါအကြီးကြီးတစ်ကောင်လုံးကို ဆိတ်သားရေနဲ့ ဘယ်လိုမှ ဖုံးဖိလို့မရတဲ့အကြောင်းကို သရော်ပြီးရေးဖွဲ့ထားတဲ့ လူသုံးများတဲ့ စကားပုံဖြစ်ပါတယ်။ အမှားတစ်ခုခု၊ ဒါမှမဟုတ် မကောင်းတာတစ်ခုခု ကျူးလွန်မိတာမျိုးကို ကျူးလွန်သူရဲ့ ဂုဏ်သိက္ခာအတွက် လိုက်လံဖုံးဖိ ပေးတတ်တဲ့ အခြေအနေမျိုးမှာ ပြောလေ့ရှိကြ ပါတယ်။ ဘယ်လောက်ဖုံးဖုံး ကျူးလွန်ထားတဲ့အမှားက အရမ်းများတော့ မကွယ်နိုင်တာမျိုးကို ဆိုလိုတာပါ။


၇။ မြေနိမ့်ရာ လှံစိုက်

မြေက နိမ့်ရတဲ့ကြားထဲ လှံတံက လာစိုက်ခံထားရသလို ဆင်းရဲသားတွေမှာ ပိုအထိနာခံစား ရတဲ့အကြောင်းကို တိုက်ရိုက် အဓိပ္ပာယ်ဖွင့်ဆိုထားတဲ့ စကားပုံ ဖြစ်ပါတယ်။ အများဆုံးသုံးလေ့ရှိတဲ့ အခြေအနေက ဆင်းရဲသား မျက်နှာမွဲလူတန်းစားကို ချမ်းသြွာကယ်ဝသူ တွေက အနိုင်ယူတတ်ကြတာမျိုးနဲ့ အင်အားနည်းသူက အနိုင်ကျင့်ခံရတာမျိုးတွေမှာ သုံးလေ့ရှိကြပါတယ်။


၈။ မျက်နှာသိ ငါးပိမဝယ်ရ

ကိုယ်နဲ့ခင်မင်ရင်းစွဲ ရှိပြီးသား မိတ်ဆွေအရင်းအချာတွေဆီက ငါးပိ မဝယ်ပါနဲ့ ဆိုတဲ့စကားပုံက ကိုယ်နဲ့ သိကျွမ်းပြီးသားလူတွေနဲ့ အလုပ်လုပ်ရင် ဒါမှမဟုတ် သူတို့ဆီက တစ်ခုခုဝယ်ယူရင်အရည်အသွေးမကောင်းတဲ့ ထုတ်ကုန်တွေရတတ်ပေမဲ့ ကိုယ့်မိတ်ဆွေဆိုတဲ့ စိတ်နဲ့ အပြစ်မပြောနိုင်ကြတာကို ဆိုလိုပါတယ်။ မြန်မာနိုင်ငံသားတွေ ထမင်းဝိုင်းမှာ မပါမဖြစ် စားသောက်တဲ့ငါးပိက အဆင့်ဆင့်ပြုလုပ်ကြရပြီး တစ်ခုခု အချောင်ခိုလိုက်ရင် အနံ့ရော အရသာပါ ပြောင်းလဲတတ်တာမို့ အလေးထားရမယ့် အလုပ်ကို ငါးပိနဲ့ နှိုင်းယှဉ်ဖော်ပြထားတာပါ။


၉။ အချိန်ရှိခိုက် လုံ့လစိုက်

ဒါကတော့ တိုက်ရိုက်စကားပုံတစ်ခု ဖြစ်တာမို့ အထွေအထူး ဘာသာပြန် ရှင်းပြနေစရာမလိုတော့ ပါဘူး။ အချိန်ရှိတုန်း ကိုယ်တိုင် ကြိုးစားပြီး လုပ်ဆောင် သင့်တဲ့အကြောင်းကို စကားပုံအဖြစ် ရေးဖွဲ့ထားတာဖြစ်ပြီး လူငယ်တွေကို လမ်းညွှန်တဲ့နေရာမှာ၊ ကျောင်းသားတွေကို စာကျက်ဖို့ တိုက်တွန်းတဲ့နေရာမှာ အသုံးများပါတယ်။


၁၀။ အဆိပ်ပင် ရေလောင်း

ကိုယ့်အတွက် အန္တရာယ်ရှိမယ့် အဆိပ်ပင်တစ်ပင်ကို ရေလောင်းပေါင်းသင်ပြီး ကြီးထွားအောင် ပြုလုပ်နေသလိုပဲ ကိုယ့်ကို ဒုက္ခပြန်ပေးမယ့် မိတ်ဆွေတွေကို ပြုစုပေါင်းသင်း နေတာကို ဆိုလိုပါတယ်။ ကျေးဇူးတရား မသိတတ်တဲ့ လူတွေကို ကိုယ်က အထူးတလည် ဂရုစိုက်အလေးထား ပေါင်းသင်းဆက်ဆံပေမဲ့ တစ်ချိန်မှာ ကိုယ့်ကို အန္တရာယ်နဲ့ စိတ်အနှောင့်အယှက်ပေးနိုင်တဲ့အထိ ဆိုးကျိုးရနိုင်တာကို ရည်ညွှန်းပါတယ်။ အထူးသဖြင့် အကျင့်စာရိတ္တမကောင်းတဲ့ လူငယ်တွေကို ပျိုးထောင်မိပြီး နောက်ဆုံး ကျေးဇူးရှင်ကို စော်ကားတာမျိုးတွေမှာ သုံးလေ့ရှိကြပါတယ်။


#စကားပုံ
#ငါးပိ
#မိတ်ဆွေ
#အဆိပ်ပင်
#သူငယ်

Some text some message..