သင့်ချစ်သူကို (၁၀)မိနစ်အတွင်း စိတ်ကောက်အောင်လုပ်နည်း
shwemom.com
|
2019-10-22

ဟာ ဘယ်သူကများ ကိုယ့်ချစ်သူကို စိတ်ကောက်အောင် လုပ်ချင်ပါ့မလဲ။ စိတ်ကောက်ခံရတယ်ဆိုတာ တကယ်တော့ လွယ်တာမဟုတ်။ ပြန်ချော့ရတာနဲ့တင် အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းတွေဖြစ်ပြီး ဖတ်ဖတ်မောကြရတာ။

ဒါပေမယ့် တစ်ခါတလေကျရင်တော့ ကိုယ့်ချစ်သူကို ကိုယ်ပြန်ပြီး အမြင်ကတ်မိတဲ့အချိန်လေးတွေ ရှိကြမှာပါ။ ဘာတွေလုပ်နေမှန်းမသိဘူးတို့၊ ဘာတွေလာပြောနေမှန်းမသိဘူးတို့ စသဖြင့် ခံစားမိတဲ့အချိန်တွေပေါ့။ ဒီလိုအချိန်တွေဆို စိတ်ကောက်အောင်သာ လုပ်ပစ်လိုက်။ သူတို့စိတ်ကောက်ပြီး စကားလာမပြောလေ၊ ကောင်းလေပဲ။

တချို့တွေကတော့ ဘယ်လောက်ပဲ စိတ်ကောက်အောင် လုပ်လုပ် စိတ်မကောက်ကြဘူးဗျာ။ ဘာလို့မှန်းမသိပဲ စိတ်ကောက်အောင် လုပ်နေရတဲ့သူသာ ပင်ပန်းသွားမယ်၊ သူတို့ကတော့ ကောက်ရကောင်းမှန်းမသိဘူး။ ကဲ…အဲဒီလို လူမျိုးတွေအတွက် ဒီ Article လေးကိုရေးလိုက်ပါတယ်။ သင်တို့ရဲ့ ချစ်သူတွေကို (၁၀)မိနစ်အတွင်း စိတ်ကောက်စေမယ့် နည်းလမ်းလေးတွေ ဆိုပါတော့….။


Olena Yakobchuk/Shutterstock

(၁)။ ရည်းစားဟောင်းတွေအကြောင်းပြောပါ

ဘာမဆိုင်ညာမဆိုင်နဲ့ ရည်းစားဟောင်းတွေက ဘယ်လိုချစ်ဖို့ကောင်းခဲ့တာ၊ ကိုယ့်အပေါ် ဘယ်လိုဂရုစိုက်ခဲ့တာ၊ အခုတွဲနေတဲ့သူက သူ့ခြေဖျားတောင်မမှီဘူး၊ စသဖြင့် ရည်းစားဟောင်းတွေအကြောင်းကို ပိုပိုသာသာလေးသာ ပြောပေးလိုက်ပါ။ ဘယ်သူမဆို ပြီးခဲ့တဲ့ ရည်းစားက ကိုယ့်ထက် ပိုကောင်းနေတယ်လို့ ပြောရင် မခံချင် ဖြစ်ကြမှာပါ။ ဒီတော့ စိတ်ကောက်ဖို့ မိနစ်တွေအများကြီး စောင့်ဖို့တောင် လိုမယ်မထင်ဘူး။ (ဒီနည်းလမ်းက အရမ်းကြီးတွေ ပြောမိသွားရင်လည်း စိတ်ကောက်ရာကနေ ပြတ်သွားနိုင်တာမို့ စကားလုံးလေးတွေတော့ ဆင်ခြင်ဖို့ လိုပါလိမ့်မယ်နော်)

(၂)။ သူ့ရဲ့ဆန္ဒတွေကိုလစ်လျူရှုထားပါ

သင့်ဘေးမှာရှိနေတဲ့အချိန် “တစ်ခုခုစားချင်လိုက်တာ”တို့ ၊ “ဟိုဟာလေး ဝယ်ချင်လိုက်တာတို့” “ဒီဟာလေး လိုချင်လိုက်တာတို့” စတဲ့ ဆန္ဒတွေကို ပြောနေတာမျိုး ကြုံရမှာ သေချာပါတယ်။ အဲဒီလိုအချိန်တွေဆို လုံးဝကို စကားပြန်မပြောပဲ မသိချင်ယောင်သာ ဆောင်နေလိုက်ပါ။ အဲဒီလိုမျိုး တစ်ကြိမ် နှစ်ကြိမ်လောက်ပဲ လုပ်ပေး။ သင့်ကို စိတ်ကောက်သွားမှာ အသေအချာပါပဲ။ တကယ်လို့ ဗိုက်ဆာနေတဲ့အချိန်နဲ့သာတိုးပြီး သူစားချင်တာလေး ဝယ်မကျွေးဘူးဆိုရင် ပိုပြီးတော့တောင် မြန်မြန်စိတ်ကောက်သွားဦးမယ်။


Olena Yakobchuk/shutterstock

(၃)။ သူ့ရဲ့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးမကောင်းတဲ့မှတ်ချက်တစ်ခုခုပေးပါ

သူ့ရဲ့ဝတ်ပုံစားပုံ အဆင်မပြေတာမျိုး၊ နံဘေးက ဖြတ်သွားသူတွေနဲ့ နှိုင်းယှဉ်ပြီးပြောတာမျိုး၊ ဒါမှမဟုတ် သူ့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ ပတ်သက်ပြီး မကောင်းတဲ့မှတ်ချက် တစ်ခုခုပေးတာမျိုးတွေက သူ့ကို လွယ်လွယ်လေးနဲ့ စိတ်ကောက်သွားစေပါလိမ့်မယ်။ ဘယ်သူပဲဖြစ်ဖြစ် သူတို့ကို ဝေဖန်တဲ့စကားတွေဆို မကြားချင်ကြပါဘူး။ အထူးသဖြင့် အဲဒီလို စကားတွေကို ချစ်သူဆီက ကြားတဲ့အခါ ပိုပြီးတော့တောင် အနေရ အထိုင်ရ ခက်ကြပါလိမ့်ဦးမယ်။ ဒီတော့ သင့်အနေနဲ့ ခဏအတွင်း စိတ်ကောက်အောင်လုပ်ဖို့ အဆင်အပြေဆုံးနည်းလမ်းတစ်ခုလို့တောင် ပြောရမလားပဲ။


dotshock/Shutterstock

(၄)။ သူ့အကြိုက်ဆုံးအရာတွေကိုရွေးပြီး ဖောင်းထု ပါ

လူတိုင်းမှာ အကြိုက်ဆုံးနဲ့ တန်ဖိုးအထားဆုံးအရာတွေ ရှိပါတယ်။ သင့်ချစ်သူမှာလည်း သူတန်ဖိုးထားတဲ့၊ သူ့အကြိုက်ဆုံးဆိုတဲ့အရာတွေရှိမှာပါ။ သူ့ကို မြန်မြန်စိတ်ကောက်စေချင်တယ်မို့လား။ သူတန်ဖိုးထားတဲ့အရာတွေကိုသာ ရွေးပြီး ဖောင်းထုနေပါ။ ဥပမာ သူက မန်ယူပရိသတ်ဆိုရင် မန်ယူအသင်း မကောင်းကြောင်းတွေထိုင်ပြော ၊ EDM ပွဲတွေကြိုက်တဲ့သူဆိုရင် အဲဒီပွဲတွေ ဘယ်လိုမကောင်းဘူးဆိုတာ ထိုင်ပြောနေ၊ သူက အလှအပကြိုက်တဲ့သူဆိုရင် ဒီနေ့ မိတ်ကပ်လိမ်းလာတာ ဘယ်လိုတောင် ရုပ်ဆိုးနေလဲဆိုတာ ထိုင်ပြော…စသဖြင့် သူ့အကြိုက်ဆုံးအရာတွေကိုသာ ရွေးပြီးဖောင်းထု နေပါ။ ဘယ်သူက စိတ်မကောက်ပဲ နေနိုင်မှာတဲ့လဲ။

Linn

 


#အကြိုက်
#ရည်းစား
#အရာ
#သူ့
#တောင်

Some text some message..