ကိုယ်ရေးကိုယ်တာလွယ်အိတ်များ
မြို့ပြခရီးသွားတချို့ဟာ အိတ်တချို့ကို သယ်ပိုးသွားလာကြတယ်။ ကိုယ်ထူကိုယ်ထ အကြောင်းပြချက်တွေကို လွယ်အိတ်တွေထဲ ထည့်ပိုးသွားလာနေကြပုံပါပဲ။ ကျောင်းသား၊ အလုပ်သမား၊ ခရီးသွားအားလုံးနီးပါး အိတ်တွေကို လွယ်ပိုးထားကြပုံကပဲ မြို့ပြရှုခင်းတစ်ခု ဖြစ်နေပါတော့တယ်။ တချို့ အိတ်တွေထဲမှာခံယူချက်တွေ၊ ခံစားချက်တွေရှိပြီး တချို့အိတ်တွေထဲမှာတော့ မျှော်လင့်ချက်တွေ၊ အနာတရတွေ ပြည့်နှက်နေတယ်။
တချို့ဗလာစာအုပ်တွေဟာ အနာဂတ်တွေ အသွင်မျိုး ဟန်ဆောင်နေ ကြပြီး တချို့ ပေါင်မုန့်ချောင်း တွေဟာ အိပ်မက်တွေ အသွင်မျိုးနဲ့ သက်ဆိုင်သူတွေရဲ့ အိတ်တွေထဲမှာ ပုန်းခိုလိုက်ပါ နေကြလေရဲ့။ ဘဝရဲ့ ဒဏ်ရာ ဒဏ်ချက်တချို့ ကိုလည်း ချွေးစိုနေတဲ့ အင်္ကျီတွေအဖြစ် နွမ်းဖတ်နေတဲ့ လွယ်အိတ်တချို့ထဲမှာ မြင်တွေ့နိုင်ပါတယ်။
ကိုယ့်မှာလည်း ဈေးနှုန်း အတန်အသင့်နဲ့ ဝယ်ယူရရှိထားတဲ့ အိတ်တစ်လုံး ရှိတယ်။ ကိုယ့်မိတ်ဆွေတိုင်းလည်း အိတ်တစ်လုံးစီတော့ အသေအချာ ပိုင်ဆိုင်ကြမှာပဲ။ ဘာကြောင့်လဲဆိုတော့ ကိုယ်တို့ဟာ တိုက်ဆိုင်မှုတချို့ကို သယ်ဆောင်သွားလာနေကြတဲ့ မြို့ပြခရီးသွားတွေ အသေအချာ ဖြစ်နေလို့ပါပဲ။ ကိုယ်နဲ့သက်ဆိုင်တဲ့ အိတ်တွေထဲမှာ ကိုယ်နဲ့သက်ဆိုင်မယ့် ပစ္စည်းတွေ ထည့်ပိုးသယ်ဆောင် သွားလာနေရခြင်းတွေကပဲ လောကဓံရဲ့ အလွန်လှပတဲ့ ယဉ်ကျေးမှုတစ်ခုဖြစ်နေ ပါတော့တယ်။ ဆင်ခြေဖုံး လမ်းကျဉ်းတစ်ခုမှာ တွေ့ခဲ့တဲ့ စိတ်မနှံ့တဲ့ ဦးလေးကြီးတစ်ယောက်ဟာ အိတ်ကြီးတစ်လုံး လွယ်ပိုးထားတယ်။ အိုင်းစတိုင်းမှာရော အိတ်တစ်လုံး ရှိနေခဲ့မလား။
ကိုယ်ပိုင်ဆိုင်တဲ့အိတ်ကတော့ အပြာရောင်ဖျော့ဖျော့ ကျောပိုးအိတ်တစ်လုံးပဲ ဖြစ်ပါတယ်။ အဲဒီ ကျောပိုးအိတ်လေးထဲမှာ မပါမဖြစ်လို့ ယူဆတဲ့ အရာတချို့ကို ထည့်ထားပြီး ကိုယ်အပြင်သွားတိုင်း ယူဆောင်သွားတတ်တယ်။ အဲဒါတွေကတော့ ပိုက်ဆံအိတ်၊ မျက်မှန်၊ ဖုန်း၊ နားကြပ်၊ ဘောပင်တချို့၊ စာအုပ်စာတမ်းတချို့၊ ကင်မရာ၊ လက်ပ်တော့၊ ပီကေတစ်ဘူးနဲ့ ရေမလိုဘဲ လက်ဆေးလို့ရတဲ့ ဂျယ်လ်တစ်ဘူး၊ မီးခြစ်တစ်လုံးနဲ့ စီးကရက်တစ်ဘူးတို့ပဲ ဖြစ်ပါတယ်။ တခြား တောက်တိုမည်ရသုံးတဲ့ အရာနည်းနည်းလည်း လိုအပ်ရင် လိုအပ်သလို ထည့်ထားသေးတယ်။
အဲဒီအရာတွေဟာ ဘယ်လိုအချိန်မှာ ကတည်းက ကိုယ့်ရဲ့အိတ်ထဲကို ရောက်ရှိနေခဲ့ပါသလဲ။ ပြီးတော့ ဘယ်လိုအကြောင်းပြချက်တွေကြောင့်အဲဒီအရာတွေကို မပါမဖြစ်လို့ ယူဆခဲ့မိပါသလဲ။ သေချာတာ တစ်ခုကတော့ ကိုယ်ဘာကိုမှ မတွေးမိခင်မှာကတည်းက ကိုယ်လွယ်ပိုးနေကျ အိတ်ထဲမှာ အဲဒီအရာတွေက ကြိုတင်ရောက်ရှိနေခဲ့ကြတာပဲ ဖြစ်ပါတယ်။
အဆောင်အယောင်တွေကို အိတ်တစ်အိတ်ထဲမှာ စုစည်းထည့်ပိုးပြီး သွားလာနေရတာဟာ ငြီးငွေ့စရာကိစ္စရပ်တွေထဲက တစ်ခုသာ ဖြစ်ခဲ့တယ်။ အမှန်တကယ်တော့ ကိုယ့်ရဲ့အိတ်ထဲမှာ ထည့်ပိုး ယူဆောင်ခဲ့မိတဲ့ အရာတွေဟာလည်း အိတ်တွေပဲ ဖြစ်တယ်။ ပိုက်ဆံတွေ သိမ်းဆည်းဖို့ "ပိုက်ဆံအိတ်"၊ မျက်မှန်တစ်လက် လုံခြုံဖို့ "မျက်မှန်အိတ်"၊ အချက်အလက်တွေ သိမ်းဆည်းဖို့ "ဖုန်း၊ ကွန်ပျူတာ"၊ စာပေတချို့(ကဗျာတွေ)ထည့်ထားဖို့ "စာအုပ်"၊ မင်ရည်တချို့ထည့်ထားဖို့ "ဘောပင်"၊ မီးတောက်တစ်ခု သိမ်းဝှက်ဖို့"မီးခြစ်" စသဖြင့် စသဖြင့်တွေဟာ ကိုယ့်ရဲ့အိတ်ထဲကို စီကာစဉ်ကာထည့်ခဲ့တဲ့ အိတ်တွေသာ ဖြစ်ကြတယ်။
အချိန်မရွေး ပျောက်ရှသွားဖို့ အမြဲတမ်း အဆင်သင့်ဖြစ်နေတဲ့အရာတွေကို မရှိမဖြစ်ဆိုတဲ့ နာမည်တပ်ပြီး ကိုယ်ဟာ လွယ်ပိုးခဲ့ရတယ်။အချိန်မရွေး ပျောက်ကွယ် သွားနိုင်တဲ့ လူတွေဟာ အချိန်မရွေး ပျောက်ရှ သွားနိုင်တဲ့ အရာတွေကို သယ်ပိုးသွားလာနေကြရ တာကိုပဲ လောကလို့ နာမည်ပေးမိခဲ့ကြတာ ဖြစ်မယ်။ အဲဒီလို လောကကြီးထဲမှာပဲ ကိုယ်ဟာကိုယ်တွေ့မြင် ခဲ့ဖူးတဲ့ စိတ်ဝေဒနာရှင်တွေလို စိတ်ထင်ရာတွေ၊ လိုအပ်မယ်ထင်တာတွေကို စုပုံပစ်ထည့်ပြီး လွယ်ပိုးခဲ့ရတယ်။ လောကဓံလမ်းမတွေပေါ်မှာလည်း ကိုယ့်လိုပဲ ခရီးသွားတွေဟာ အိတ်တွေကို လွယ်ပိုးသွားလာနေကြရတယ်။ ဘဝရဲ့ သင်ကြားပြသခြင်းတွေ၊ မြို့ပြရဲ့ လိုအင်ဆန္ဒတွေအတွက် ကိုယ်တို့ဟာ အိတ်တစ်လုံးစီကို မဖြစ်မနေဆိုသလို သယ်ဆောင်နေကြရတဲ့ အပြစ်သားတွေသဖွယ် ဖြစ်နေပါတော့တယ်။
ကိုယ်တို့ဟာလည်း ကိုယ်တို့ ယူဆောင်မိခဲ့တဲ့ အိတ်တွေလိုပဲ အိတ်တစ်လုံးမျှသာ ဖြစ်တယ်။အသက်ဝိညာဉ်ကို ခန္ဓာအိမ်ထဲ ထည့်ပိုးသယ်ဆောင်ထားတဲ့ သက်ရှိလွယ်အိတ်တွေဖြစ်တယ်။ ဒေါသတွေ၊ မာနတွေ၊ ဂုဏ်ပကာသနတွေ၊ အလွမ်းတွေ၊ နာကြည်းချက်တွေဟာလည်း အိတ်ထဲကို ထပ်မံဖြည့်စွက်မိခဲ့တဲ့ တခြားအိတ်တွေပဲ ဖြစ်ခဲ့တယ်။ အဲဒီအရာတွေဟာ ကောင်းနိုးရာရာ ဆန္ဒတွေ (အတွေးအခေါ်)တွေအဖြစ် ကိုယ်ပိုင်ပစ္စည်းတွေလို၊ မရှိမဖြစ်အရာတွေလို သွားလေရာ သယ်ဆောင်နေ မိကြတဲ့ အိတ်တွေ ဖြစ်ခဲ့ကြရတယ်။
ဒါပေမဲ့ ကိုယ်ဟာ ခရီးသွားတစ်ယောက် သာ ဖြစ်တဲ့အတွက် အိတ်တစ်လုံးကို လိုအပ်နေဦးမှာ အသေအချာပဲ ဖြစ်ပါတယ်။ လွယ်ပိုးထားတဲ့အိတ်ကို စွန့်လွှတ်လိုက်ဖို့ မဖြစ်နိုင်သေးပေမဲ့ အရေးမပါတဲ့ အရာတချို့ကို ကိုယ့်အိတ်ထဲက ထုတ်ထားပစ်ခဲ့ပါတော့မယ်။ လောလောဆယ် အခြေအနေမှာတော့ ဘယ်လိုအရာတွေကို ထားခဲ့ရမလဲ...၊ ဘယ်လိုအရာတွေကို ဆက်လက် လိုအပ်နေဦးမလဲ...ဆိုတာကို အဖြေမရှာနိုင်သေးပါဘူး။ နောင်တတွေ၊နာကြည်းချက်တွေ၊ အမုန်းတရားတွေဟာ ကိုယ်ဆက်လက် မသယ်ဆောင်ချင်တော့တဲ့ အိတ်တွေဖြစ်တယ်။ ကိုယ့်အတွက် အမှန်တကယ် လိုအပ်ချက်တွေနဲ့ ပေါ့ပါးတဲ့ အိတ်တစ်လုံးကိုသာ ကိုင်ဆွဲပြီး ခရီးဆက်ချင်ပါတော့တယ်။
ပြီးတော့ ကိုယ်ဟာ ခရီးရှည်ကိုလျှောက်လှမ်းရင်း ဒိုင်အိုးဂျီးနီး(စ်)ဟာဘာကြောင့် အိတ်တစ်လုံးအစား မီးအိမ်တစ်ခုကိုသာ ရွေးချယ်ခဲ့သလဲဆိုတဲ့အကြောင်းကို တွေးတောမိနေတော့မှာ
ဖြစ်ပါတယ်။